မူဆယ်နယ်စပ်တွင် ဧပြီလအတွင်း သရက်သီးများ စတင်ဝင်ရောက် စိန်တလုံးနှင့် မယ်သီသရက်သီးများ ဈေးကောင်းရ

မူဆယ် ၁၈ ဧပြီ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် အတွင်းရှိ အရှေ့မြောက်တံခါး အများပိုင်ကုမ္မဏီလိမီတက် နှစ်နိုင်ငံ သစ်သီးရောင်းဝယ်ကွင်းသို့ ဧပြီလအတွင်း သရက်သီးများ စတင် ဝင်ရောက်လာပြီး စိန်တလုံး သရက်သီးနှင့် မယ်သီသရက်သီးများ အရောင်းအဝယ်သွက်၍ ဈေးကောင်းရရှိနေသည်ဟု သိရသည်။

 

သရက်သီးများကို မြန်မာပြည် အနယ်နယ်အရပ်တွင် စိုက်ပျိုးကြခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ ၄၀ မိုင်၊ ရဘုတ်အမရပူရ၊ စဉ့်ကိုင်၊ တဖက်ဆွဲ၊ ဟန်မြင့်ဗိုလ်၊  ဧည့်ပြ ၊ သပြေရိုး၊ စသည့် ဒေသအတွင်းရှိ ကျေးရွာများမှ သရက်သီးများနှင့် စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းရှိ ညောင်ပင်ဝန်၊ တည်ပဲရင်းကွဲ ဒေသအတွင်းရှိ သရက်သီးများ အဓိကဝင်ရောက် ရောင်းချနေကြောင်း သိရသည်။

 

မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အတွင်းရှိ အရှေ့မြောက်တံခါး အများပိုင် ကုမ္မဏီလိမီတက် တရုတ်-မြန်မာ သစ်သီးရောင်းဝယ်ကွင်းသို့ မြန်မာပြည် အနယ်နယ်အရပ်မှ သရက်သီး အမျိုးအစားများဖြစ်သည့် စိန်တလုံး ၊ ဟင်္သာ၊ ရင်ကွဲ၊ သုံးနှစ်၊ မယ်သီ၊ မစောရင်၊ မချစ်စု၊ အောင်ဒင်၊ ဘဲလေး၊ ပန်းသခွား စသည့် သရက်အမျိုးအစားများ ဝင်ရောက်ရောင်းချနေကြောင်း သိရပြီး စိန်တလုံး သရက်သီး အိတ်စွပ်သီး အရည်အသွေးကောင်းပြီး အပြစ်အနာအဆာ မရှိပါက ၁၅ ကီလိုဂရမ် တစ်ခြင်းကို တရုတ်ငွေယွမ် ၁၀ဝ မှ ၁၇၀ ထိ ရရှိသည်ဟုသိရသည်။

 

အသီးမှာ အရောင်အဆင်းမရှိ အပျောက်ပါပြီး အရည်အသွေး မကောင်းပါက တရုတ်ငွေယွမ် ၁၁၀  ဝန်းကျင်ခန့် ရရှိကာ အိတ်လွတ် အစိမ်းသီးယွမ် ၇၀ ၊ သုံးနှစ် အိတ်စွပ်သီး ယွမ် ၈၀၊ ငမောက်အိတ်စွပ်သီး ယွမ် ၆၀ အသီးသီး ရရှိကြောင်းသိရပြီး သရက်သီးတစ်ခြင်းကို အလုံးကြီး ၄၅ လုံးမှ ၅၀ ထိပါရှိကာ အလုံးသေးလျှင် ၅၅ လုံးမှ ၆၀ ထိပါရှိသည်ဟု သိရသည်။

 

“ အဓိက အသီးအရည်အသွေးကောင်းပြီး အပြစ်ကင်းရင် ဈေးကောင်းရပါတယ် စိန်တလုံး သရက်သီးက အကြာကြီး အထားမခံဘဲ့အတွက် ဝေးလံတဲ့ဒေသတွေအထိမပို့ကြဘူး၊ အထားခံတဲ့ ရွှေဟင်္သာ သရက်သီးတွေကိုတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အနှံ့အပြားအထိ တင်ပို့ရောင်းချကြပါတယ်” ဟု ကုန်သည်တစ်ဦးကပြောသည်။

 

 

“ကျွန်တော်တို့ အသီးအေးဂျင့် (Agents) ၂၅၀ လောက်ရှိတယ်။ အေးဂျင့်တွေအနေနဲ့ အဓိကလုပ်ဆောင်ချက်တွေမှာ သက်ဆိုင်ရာပွဲရုံအလိုက် ကားကြို ကားသွင်း ကားထုတ် ဂျုတီဆောင့်ပေးပြီး အသီးကားများ မြန်မြန်ဆန်ဆန် ထွက်ခွာနိုင်ရေးအတွက် တစ်ဦးနှင့်တစ်ဦး ချိတ်ဆက် လုပ်ဆောင်ပေးရတယ်။” အခြားအသီးနှင့်ပတ်သက်သည့် အကြောင်းအရာများကို အရှေ့မြောက်တံခါး အများပိုင် သစ်သီးအေးဂျင့်ဥက္ကဋ္ဌ ဦးစိုးနိုင် က ပြောပြသည်။

 

ယနေ့ ဧပြီလ(၁၈) ရက်တွင် မြန်မာပြည်ဘက်မှ သရက်သီး အစီးရေ (၁၅) စီးခန့် ဝင်ရောက်မှုရှိသည်။ သရက်သီးဂျက်ဖာ ခြောက်ထောင်ဝန်းကျင်ခန့် ရှိသည်ဟု  အသီးကွင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရပြီး နှစ်နိုင်ငံ အသီးရောင်းဝယ်မှုကို နေ့စဉ်(၇)နာရီမှ (၁၀) နာရီဝန်းကျင်ထိ အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရသည်။

 

သန့်ဇင် -မူဆယ်

 

IMG_201