၁၈ ဧပြီ

အိန္ဒိယနိုင်ငံနေရာအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လူပေါင်း ၆၅ ဦး ထက်မနည်းသေဆုံးခဲ့ပြီး အခြားသူများ ဒဏ်ရာရရှိခဲ့ကြကြောင်း တာဝန်ရှိသူများက ယနေ့ပြောကြားခဲ့သည်။

အဆိုပါ မိုးရွာသွန်းမှုများကြောင့် ရာဂျာစတန် ၊ မာဒရာ ပရာဒက်ရှ် ၊ ဂူဂျာရပ် ၊ဘီဟာ ၊ မာဟာရာရှထရာ နှင့် မာနိပါ ဒေသတို့ရှိ သေဆုံးမှု စာရင်းများ သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံပိုင် အိန္ဒိယရေဒီယိုအသံလွှင့်ဌာန ထုတ်လွှင့်မှုအရ ယင်းမိုးရွာသွန်းမှုကြောင့်  ရာဂျာစတန်ပြည်နယ် မှ ၂၅ ဦး ၊ မာဒရာ ပရာဒက်ရှ်ပြည်နယ် မှ ၂၂ ဦး ၊ ဂူဂျာရက်ပြည်နယ်မှ ၁၀ ဦး နှင့် မာဟာရာရှထရာ ပြည်နယ်မှ သုံးဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

အိန္ဒိယအမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က ဘီဟာပြည်နယ်တွင် နှစ်ဦးသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် တနင်္လာနေ့က  မိုးရွာသွန်းမှုကြောင့် မာနိပါပြည်နယ်တွင် သုံးဦးသေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ လျှပ်စီးလက်ခြင်း ၊ မိုးသက်မုန်တိုင်းနှင့် လေတိုက်ခြင်းတို့နှင့်အတူ ချိန်ခါမဟုတ်မိုးရွာသွန်းခြင်းတို့ကြောင့် သီးနှံများ ၊ နေအိမ်များပျက်စီးပြီး သစ်ပင်များ အမြစ်ပြုတ်ထွက်ခဲ့ကြောင်းသိရသည်။

အိန္ဒိယအမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က လျှပ်စီးလက်နေစဉ်အတွင်း သစ်ပင်များအောက်တွင် ခိုလှုံခြင်းကို ရှောင်ရှားကြရန် ပြည်သူများကို သတိပေးနှိုးဆော်ထားသည်။

ဘာသာပြန် - မြင့်မြင့်ချို
ကိုးကား- ဆင်ဟွာ