တိုင်ပေ ၁၉ ဧပြီ

 

ဧပြီ ၁၈ ရက်နေ့က တရုတ်နိုင်ငံ(တိုင်ပေ)ရှိ ဟူလီယန်စီရင်စုတွင် အင်အား ၆ ဒသမ ၁ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူပေါင်း ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

 

အဆိုပါငလျင်သည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဗဟိုချက်အနီးတွင် ၁၈ ဒသမ ၈ ကီလိုမီတာ အနက်ခန့်ရှိကြောင်း တရုတ်(တိုင်ပေ) ဗဟိုမိုးလေဝသဗျူရိုမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

ငလျင်ဗဟိုချက်အနီးရှိ ကျောက်တောင်များပြိုကျရာမှ လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် တောင်ကုန်း တောင်တန်းများ ထူထပ်သော ဒေသတွင် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသန္တရမီဒီယာများက ဆိုသည်။

 

ဟူလီယန်ဘူတာရုံတွင် ရေပိုက်လိုင်းများ ပေါက်ကွဲထွက်သွားခဲ့ပြီး ဘူတာရုံအတွင်း ခရီးသွားများ ယာယီပိတ်မိ သောင်တင်ခဲ့သည်ဟု မီးရထားဝန်ထမ်းများက ပြောကြားခဲ့သည်။ ထို့ပြင် ငလျင်လှုပ်ခတ်မှုကြောင့် တိုင်ပေမြို့ရှိ အဆောက်အအုံအချို့၏ နံရံကြွေပြားများ ကွာကျပျက်စီးခဲ့သည်။ မြေအောက်ရထားပြေးဆွဲမှုကို ယာယီရပ်တန့် ထားခဲ့ရကြောင်း သိရသည်။

 

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သော အပျက်အစီးများကို တာဝန်ရှိသူများက ခန့်မှန်းတွက်ချက် လျက်ရှိသည်။ တိုင်ပေအရှေ့ပိုင်းတွင် မြေငလျင်များ ဆက်လက်လှုပ်ခတ်နိုင်ဖွယ်ရှိသည့်အတွက် ဒေသခံပြည်သူများ အား သတိရှိစွာနေထိုင်ကြရန် အာဏာပိုင်များက သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ