မောင်စာဂ
“ပြည်သူတို့၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်၍ တရားဥပဒေစိုးမိုးရေး၊ နယ်မြေ အေးချမ်းသာယာရေး တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေရေး” ဟူသည် တရားရုံးများက တရားစီရင်ရာ တွင် အခြေခံရမည့် စတုတ္ထမြောက် အခြေခံမူဖြစ်သည်။ ဤအခြေခံမူအရ တရားရုံးများသည် တရားစီရင်ရာ တွင် ပြည်သူတို့၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ကြရမည်။ တရားရုံးများ၏ တရားစီရင်မှုသည် တရားဥပဒေစိုးမိုး ရေးကို အထောက်အကူပြုသော၊ နယ်မြေအေးချမ်း သာယာရေးကို အထောက်အကူပြုသော တရားစီရင်ရေးမျိုး ဖြစ်ရမည်။ ဤအခြေခံမူသည်လည်း တရား စီရင်ရာတွင် အဓိကအရေးပါသော အချက်ဖြစ်သည်။ အနှစ်ချုပ်မျှဝေပါရစေ။
ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များ
ပြည်သူတို့၏အကျိုးစီးပွားနှင့်စပ်လျဉ်း၍ ၂၀ဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံမူနှင့် နိုင်ငံသားများ၏မူလအခွင့်အရေးများဆိုင်ရာ ပြဋ္ဌာန်းချက်များကိုရည်ညွှန်းလျက် ဖော်ပြပါမည်။
နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင်သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ကို ခံစားခွင့်ရှိသည်။ ]ပုဒ်မ ၂၁ (က)}နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင်တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်။ ထို့အပြင်ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။ ]ပုဒ်မ ၃၄၇ }
နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူးဌာန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာ တို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။ ]ပုဒ်မ ၃၄၈}
မိခင်များ၊ ကလေးများနှင့် ကိုယ်ဝန်ဆောင်အမျိုး သမီးများသည် ဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးများကို အညီအမျှ ခံစားခွင့်ရှိစေရမည်။ ]ပုဒ်မ ၃၅၁}
မည်သူကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရ။ ]ပုဒ်မ ၃၅၃}
နိုင်ငံသားတိုင်း နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ်ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထား သည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်- ]ပုဒ်မ ၃၅၄}
(က) မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များ ကို လွတ်လပ်စွာထုတ်ဖော်ခွင့်၊ ရေးသား ပြောဆိုခွင့်
(ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်း လှည့်လည်ခွင့်၊
( ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊
(ဃ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်း ကိုလည်းကောင်း၊ အခြားဘာသာသာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုများ မရှိစေဘဲမိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာ နှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်။
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ၌မဆိုဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်။ ]ပုဒ်မ ၃၅၅}နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်။ ]ပုဒ်မ ၃၅၆}
ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့်အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများအတွက်ဥပဒေ အရ ကာကွယ်ပေးရမည်။ ]ပုဒ်မ ၃၅၇}
နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့် လူကုန်ကူးမှုများကို တားမြစ်သည်။ ]ပုဒ်မ ၃၅၈}
နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာကိုအလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကိုသော် လည်းကောင်း၊ ဘာသာရေးကိုသော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲပြားခြင်းတစ်မျိုးမျိုး ပေါ်ပေါက်လာစေ ရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်စေရန်အကြောင်းရှိသောအပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ]ပုဒ်မ ၃၆၄}
နိုင်ငံသားများသည် နိုင်ငံတော်အတွင်း အမျိုးသား စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။ ]ပုဒ်မ ၃၇၀}
ပြစ်မှုကျူးလွန်သူမည်သူမဆို ယင်းပြစ်မှုကျူးလွန်ခဲ့သည့်အချိန်က အတည်ဖြစ်လျက်ရှိသော သက်ဆိုင်ရာ ဥပဒေအရသာ ပြစ်မှုထင်ရှားစီရင်ရမည်။ ထို့ပြင် ယင်း ဥပဒေအရ ချမှတ်နိုင်သော ပြစ်ဒဏ်ထက်ပို၍ ချမှတ်ခြင်းမပြုရ။ ]ပုဒ်မ ၃၇၃}
တစ်ဦးတစ်ယောက်သည် စီရင်ပိုင်ခွင့်ရှိသော တရားရုံးက ပြစ်မှုတစ်ရပ်အတွက် ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်ဖြစ်စေ၊ အမှုမှအပြီးအပြတ်လွတ်ခြင်းခံရလျှင်ဖြစ်စေ အဆိုပါ ပြစ်မှုထင်ရှားစီရင်သည့် စီရင်ချက်သို့မဟုတ် အမှုမှအပြီးအပြတ်လွှတ်သည့် စီရင်ချက်ကိုအဆင့်မြင့်တရားရုံးက ပယ်ဖျက်ပြီး အမှုကို အသစ်တစ်ဖန်ပြန်လည်စစ်ဆေးစေရန် အမိန့်ချမှတ်သည့်အခါမှတစ်ပါး ယင်းပြစ်မှုအတွက် ထိုသူအား ထပ်မံစစ်ဆေးခြင်းမပြုရ။ ]ပုဒ်မ ၃၇၄]
လောကပါလတရား (၃) ပါး
တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော တရား ၃ ပါးသည် လောကပါလ တရားများဖြစ်သည်။ ပြည်သူတို့၏ အကျိုးစီးပွားအတွက် မွေးရာပါ မူလအခွင့်အရေးဖြစ်သည်။ လူသတ္တဝါခပ်သိမ်းတို့သည်-တရားမျှတခြင်းတည်းဟူသော လူမှုဆက်ဆံရေး တရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေးတရား မျှတမှုတို့ ရရှိခံစားနိုင်ကြရမည်။
လွတ်လပ်ခြင်းတည်းဟူသော လွတ်လပ်စွာတွေးကြနိုင်မှု၊ လွတ်လပ်စွာရေးသားဖွင့်ဟဖော်ပြနိုင်မှု၊ လွတ်လပ်စွာယုံကြည်နိုင်မှု၊ လွတ်လပ်စွာ ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘုရားကျောင်းကန်စသည်တို့သို့ သွား လာဝတ်ပြုနိုင်မှု၊ လွတ်လပ်စွာ ပရိယေသနဝမ်းစာ ရှာမှီးနိုင်မှု၊ လွတ်လပ်စွာ စည်းရုံးနိုင်မှု၊ လွတ်လပ်စွာပြုမူဆောင်ရွက်နိုင်မှုတို့ ရှိကြရမည်။
ညီမျှခြင်းတည်းဟူသော အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊ တရားဥပဒေအရာတွင် ညီမျှမှုတို့ကို ရရှိခံစားနိုင်ရမည်။
တရားဥပဒေစိုးမိုးခြင်း
တရားဥပဒေစိုးမိုးခြင်းတွင် အပိုင်း (၃) ပိုင်းတွေ့ရ သည်။ ပထမပိုင်းမှာ အများပြည်သူနှင့် နိုင်ငံတော်၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သော တရား မျှတမှုရှိသည့် ဥပဒေများ ဖြစ်ထွန်းပေါ်ပေါက်နေရမည်။ ဒုတိယပိုင်းမှာ ယင်းဥပဒေများကို ပြည်သူအားလုံးက လိုက်နာကျင့်သုံးမှု ရှိနေရမည်။ ဥပဒေကို တာဝန်ယူအကောင်အထည်ဖော်ဆောင်သူများကိုယ်တိုင် ဥပဒေ နှင့်အညီ လိုက်နာကျင့်သုံးပြီး ပြည်သူအားလုံးက လိုက်နာကျင့်သုံးစေရန် ဆောင်ရွက်ကြရမည်။ တတိယ ပိုင်းမှာ ဥပဒေကို ဖောက်ဖျက်ကျူးလွန်သူ မည်သူကိုမဆို ဥပဒေနှင့်အညီ မှန်ကန်ဖြောင့်မတ်စွာ အရေးယူဆောင်ရွက်ကြရမည်။
အနှစ်ချုပ်အားဖြင့် တရားဥပဒေစိုးမိုးခြင်းအစ ဥပဒေပြဋ္ဌာန်းခြင်းက၊ တရားဥပဒေ စိုးမိုးခြင်းအလယ်ဥပဒေကိုလိုက်နာကြမယ်။ တရားဥပဒေစိုးမိုးခြင်းအဆုံး ဥပဒေနှင့်အညီ စီရင်ကျင့်သုံးဟူ၍ မှတ်သားထားသည်။
နယ်မြေအေးချမ်းသာယာရေး
နယ်မြေအေးချမ်းသာယာရေးဟုဆိုရာ တွင် တိုင်း ကား ပြည်နယ်အနှံ့ ဇနပုဒ်မကျန် နယ်သူနယ်သားများ၊ ရပ်သူရွာသားများအားလုံးတို့သည် အပူအပင်မရှိ၊ အကြောင့်အကြမရှိ၊ အစိုးရိမ်အထိတ်အလန့်မရှိ၊ လုံလုံခြုံခြုံ၊ အေးအေးချမ်းချမ်း၊ ပျော်ပျော်ရွှင်ရွှင်နှင့်အသက်မွေးဝမ်းကျောင်း ပြုမူနေထိုင်နိုင်ကြသည်ဆိုလျှင် နယ်မြေအေးချမ်းသာယာရေး ဖြစ်ထွန်းနေသည်ဟု ဆိုနိုင်သည်။
တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာ ရေးတို့သည် တစ်ခုနှင့်တစ်ခု ဒွန်တွဲလျက် အမှီသဟဲပြု နေကြသည်။ နယ်မြေအေးချမ်းသာယာဖို့ဆိုလျှင်တရားဥပဒေစိုးမိုးဖို့ လိုအပ်သည်။ တရားဥပဒေ စိုးမိုး နေလျှင် နယ်မြေအေးချမ်းသာယာနေမည်။ တရား ဥပဒေစိုးမိုးရေးသည် မူလပထမ ဖြစ်သကဲ့သို့ နယ်မြေ အေးချမ်းသာယာဖို့ကလည်း အဓိကပဓာဏဖြစ်သည်။ ထို့ကြောင့်ပင် ]ရပ်ရွာအေးချမ်းသာယာရေးနှင့်တရား ဥပဒေစိုးမိုးရေးသည်မူလပထမ} ဟူ၍ ဆောင်ပုဒ်ပြု ခဲ့ခြင်းဖြစ်သည်။
ထာဝစဉ်ရှင်သန်နိုင်ပါစေ
တရားစီရင်ရာ တွင် ပြည်သူတို့၏အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်နယ်မြေအေးချမ်းသာယာရေးကို အထောက်အကူပြု ရေးဆိုသည့်မူကို လက်တွေ့ လုပ်ငန်းခွင်နယ်ပယ်တွင်ထာဝရတည်တံ့နေအောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်သည်။ ပြည်သူတို့၏အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ဖို့ဆိုလျှင် တရားစီရင်သည့်အခါတိုင်း အထက်တွင်ဖော်ပြခဲ့သည့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း တည်းဟူသော လောကပါလ တရားသုံးပါးနှင့် ၂၀ဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကိုအစဉ်သဖြင့်နှလုံးသွင်းကာ စုံစမ်း၊ စစ်ဆေး၊ ကြားနာ၊ စီရင်ဆုံးဖြတ်ချက် ချမှတ်ဖို့လိုအပ်သည်။ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေးကိုအထောက်အကူပြုနိုင်ဖို့ဆိုလျှင် ဥပဒေနှင့်အညီ လွတ်လပ်စွာဖြင့် တည့်မတ်မှန်ကန်စွာ စုံစမ်း၊ စစ်ဆေး၊ ကြားနာ၊ စီရင်ဆုံးဖြတ်ချက် ချမှတ်ဖို့လိုအပ်သည်။ သို့မှသာ တရားရုံးများ၏ တရားစီရင်မှုသည် ပြည်သူတို့၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မှု ပေးနိုင်မည်။ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာ ရေး ဆောင်ရွက်ရာ တွင် အထောက်အကူပြုနေပါမည်။ ဤသို့ဖြင့် ]ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်၍ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်း သာယာရေး တည်ဆောက်ရာ တွင် အထောက်အကူဖြစ်စေရေး} အခြေခံမူ ထာဝစဉ် ရှင်သန်နေစေလိုကြောင်းပါ။
ပြည်သူတို့၏အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ၊
တရားဥပဒေစိုးမိုးရေး၊နယ်မြေအေးချမ်းသာယာရေး တည်ဆောက်ရာတွင် အထောက်အကူပြုနိုင်ကြ ပါစေ၊
တရားစီရင်ရေးဆိုင်ရာအခြေခံမူများထာဝစဉ်ရှင်သန်နိုင်ပါစေ။ ကြေးမုံ