ကနီ ၁၉ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ဘုရားလမ်းပိုင်း ပိတ်ပွဲအခမ်းအနားကို ဧပြီ ၂၁ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း ထံမှ သိရသည်။
အလောင်းတော်ကဿပ ဘုရားသွားရာလမ်းပိုင်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ဧပြီလ ၂၁ ရက်၌ ဆရာတော်၊ သံဃာတော်များဖြင့် လမ်းတစ်လျှောက်တွင် အန္တရာယ်ကင်း ပရိတ်တရားတော်များ၊ ပဋ္ဌာန်းတရားတော်များ ရွတ်ဖတ်ပူဇော်ပြီး လမ်းပိုင်းအား ပိတ်သွားမည် ဖြစ်ကြောင်းနှင့် အလောင်းတော်ကဿပ ရုပ်ပွားတော်မြတ်အား သံကွန်ခြာဖြင့် ဖုံးအုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
''မနှစ်က ဒီလိုအချိန်မှာပဲ လမ်းပိတ်ပွဲ ကျင်းပတာပါ။ ဒီနှစ်က မိုးဦးကျတာ နောက်ကျတယ်။ ပိတ်ပွဲအခမ်းအနားကို မြို့နယ်သံဃနာယကအဖွဲ့က တောင်ပေါ်ကနေ လမ်းတစ်လျှောက် ပရိတ်တရားတွေ ရွတ်ဖတ်ပူဇော်ကြမယ်။ ဘုရားကိုတော့ သံကွန်ခြာနဲ့ သော့ခတ်မယ် ရသုံးငွေ စာရင်းရှင်းတမ်းတွေ ပြုလုပ်မယ် ရှင်းပြီးရင် ရေစက်ကျ အမျှဝေပြီး လမ်းပိုင်းကို ပိတ်လိုက်တော့မယ် "ဟု ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။
အလောင်းတော်ကဿပ လမ်းပိုင်းပိတ်ပွဲနှင့် လာမည့်နှစ် ဘုရားဖူးရာသီတွင် ပြင်ဆင်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ရသုံးငွေ ငွေစာရင်းရှင်းတမ်းများနှင့် ပတ်သက်၍ ဧပြီ ၂၀ ရက်နေ့တွင် သံဃာ့မဟာနာယက၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူများ စုပေါင်းပြီး အစည်းအဝေးတစ်ရပ် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အလောင်းတော်ကဿပ လမ်းပိုင်းကို နှစ်စဉ် မိုးလေကင်းလွတ်သည့် ဇန်နဝါရီလမှ ဧပြီလအထိ လေးလသာ ဖွင့်လှစ်လေ့ရှိပြီး မိုးရာသီတွင် လမ်းပိုင်းအား ပြန်လည်ပိတ်လေ့ရှိကာ နှစ်စဉ်ဒေသအတွင်း ခရီးသွား သိန်းချီဝင်ရောက် သော ခရီးစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)