စိုင်းသာလှိုင်(လိမ္မော်မြေ)

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်သည် ရှေးဟောင်းသမိုင်းဝင်မြို့ တစ်မြို့ဖြစ်သဖြင့် တန်ခိုးကြီးဘုရား၊ ပုထိုး၊ စေတီများ ကြည်ညိုဖွယ်ရာများ ပြည့်စုံသော မြို့တစ်မြို့ဖြစ်သည်။ သီပေါမြို့နယ်၏ ဂိုဏ်းချုပ်ဆရာတော်ကြီးများ စဉ်ဆက်မပြတ် ကိုးကွယ်ပူဇော်ခဲ့သည့် တန်ခိုးကြီးဆုတောင်း ပြည့်လာဘသိဒ္ဓိမဟာမုနိဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ကိန်းဝပ်စံပယ်ရာ အောင်မင်္ဂလာ ဘိုးတော်ကျောင်းတိုက်ကြီးတွင် သီပေါမြို့နယ် ၏ နောက်ဆုံးဂိုဏ်းချုပ်သက်တော်ရှည် ဆရာတော်ကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တလာဘဝံသ အရှင်သူမြတ်က ယခု အောင်မင်္ဂလာဘိုးတော် ကျောင်းတိုက် ပထမ နာယက ဘဒ္ဒန္တမိလိန္ဒဆရာတော်ကြီးအား သာသနာတော်အဓွန့်ရှည် ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူများ ဆက်လက် ကိုးကွယ်ဆည်းကပ်ရန် မိန့်ကြားတော်မူခဲ့ သည်။

 

 

ဆရာတော်ဦးမိလိန္ဒသည် အများ ပြည်သူတို့ ဖူးမြော်ကြည်ညိုနိုင်ရန် လာဘ သိဒ္ဓိမဟာမုနိ(နှီးဘုရား) ဗုဒ္ဓရုပ်ပွား တော်ကြီးအဖြစ် ပုံစံယူ၍ အောင်မင်္ဂလာ ဘိုးတော်ကျောင်းတိုက် မြတ်စွယ်တော်ဓမ္မာရုံ ကြီးတွင် တိန်းချေတိန်းစံကျေးရွာနေ ရိုးရာ လက်မှု ယွန်းပညာရှင် ဦးစိုင်းဆိုင်မိုင်းကို နှီးဘုရားအဖြစ် ရက်လုပ်ဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့သည်။

 

 

ရှမ်းတိုင်းရင်းသားများ၏ ရိုးရာလက်မှု ပညာနှင့် ယွန်းအနုပညာသည် ကောဇာ သက္ကရာဇ် ၇၀ဝ ပြည့်နှစ်တွင် မိုင်းခတ်မြို့နယ် မိုင်းနှုန်ကျေးရွာ၌ နှီးဖြင့် စတင်ရက်လုပ် ပူဇော်တည်ထား ကိုးကွယ်ခဲ့သည်။ ဉာဏ်တော် ကိုးတောင်ရှိ နှီးဘုရားကို သိကြားမင်းက လူအသွင်ဖန်ဆင်း၍ ကူညီ ရက်လုပ်ပူဇော်ခဲ့သည်ကို အခြေပြုပြီး ရှမ်း ဘာသာစကားဖြင့် "ဘုရားအင်းအမ်"ဟု မှည့်တွင်ခဲ့သည့် ကာလမှစကာ ပုဂံခေတ် ဗုဒ္ဓ ယဉ်ကျေးမှုနှင့်အညီ ပြန့်ပွားခဲ့သည်။ ဘုရား အင်းအမ်ဆိုသည်မှာ သိကြားမင်က ရက်လုပ် သောဘုရားဟု အဓိပ္ပာယ်ရသည်။

 

 

အဆိုပါ လာဘသိဒ္ဓိမဟာမုနိနှီးဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို သီပေါမြို့နယ် တိန်းချေတိန်းစံကျေးရွာနေ နှီးဗိသုကာ ပညာရှင် ဦးဘိုးနီ၊ ဦးစိုင်းဆိုင်မိုင်း၊ ဦးသောမန၊ ဦးသိန်းဝင်း၊ ဦးကြာထွန်းနှင့် ဦးစိုင်းအောင်ညွန့် တို့က ၂၀ဝ၁ ခုနှစ်တွင် အောင်မင်္ဂလာဘိုးတော် ကျောင်းတိုက်၌ စတင်ရက်လုပ်ပူဇော်ခဲ့ပြီး ဘုရားရက်လုပ်ခြင်းမစတင်မီ တောတောင်ထဲ တွင် ဘုရားပွဲ၊ ဆီမီးနံ့သာအမွှေးတိုင်များ ထွန်းညှိ၍ ဆရာတော်၊ သံဃာတော်များထံ သီလခံယူဆောက်တည်ခြင်း၊ တောစောင့် နတ်၊ တောင်စောင့်နတ်၊ သမ္မာဒေဝ နတ်ကောင်း နတ်မြတ်များကို မေတ္တာပို့ အမျှဝေပြီးမှ ဝါးကို စတင်ခုတ်ယူရကြောင်း သိရသည်။

 

 

လာဘသိဒ္ဓိမဟာမုနိဘုရား ဗုဒ္ဓရုပ်ပွား တော်ကြီးနှစ်ဆူ၏ ဉာဏ်တော်အမြင့်မှာ ခုနစ်ပေနှင့် အနံငါးပေရှိပြီး ရှင်သီဝလိ ရဟန္တာမထေရ်မြတ်နှစ်ဆူ၏ ဉာဏ်တော် အမြင့်မှာ ငါးပေ၊ အနံနှစ်ပေ ခြောက်လက်မ ရှိသည်။

 

 

နှီးဗိသုကာပညာရှင်ဆရာဦးစိုင်းဆိုင်မိုင်း ၏ ကနဦးသင်ကြားပြသပေးသော ဆရာမှာ အောင်မင်္ဂလာ ဘိုးတော်ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တမိလိန္ဒ အရှင်မြတ်ပင် ဖြစ်သည်။

 

 

ယွန်းဗိသုကာပညာရှင်ဆရာ ဦးစိုင်း ဆိုင်မိုင်း ရက်လုပ်ပူဇော်ခဲ့သော နှီးဘုရားဗုဒ္ဓ ရုပ်ပွားတော်များမှာ သီပေါမြို့ အောင်မင်္ဂလာ ဘိုးတော်ကျောင်းတိုက်၌ နှစ်ဆူ၊ သီပေါမြို့နယ် နမ့်အွန်အုပ်စု နားလန်းကျေးရွာ၌ တစ်ဆူ၊ တရုတ်နိုင်ငံ ဝမ်တိန်နှင့် မိုင်းလှတွင် နှစ်ဆူ၊ ကျောက်မဲနတ်စလင်းကျောင်းတိုက်၌ ၁၃ ဆူ၊ အောင်မင်္ဂလာဘိုးတော်ကျောင်း ရှင်သီဝလိ ရဟန္တာ တစ်ဆူ၊ ကချင်ပြည်နယ် ဗန်းမော်မြို့၌ တစ်ဆူ၊ ရွှေကူမြို့ ဘုန်းတော်ကြီးကျောင်းတိုက်၌ တစ်ဆူ၊ သီပေါ အောင်မင်္ဂလာဘိုးတော် ကျောင်းတိုက်၌ လာဘသိဒ္ဓိ လေးဆူ၊ မဟာ မုနိနှီးရုပ်ပွားတော်ကြီး နှစ်ဆူနှင့် ရှင်သီဝလိ နှစ်ဆူ စုစုပေါင်း ၂၅ ဆူ ဖြစ်ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့ အောင်မင်္ဂလာဘိုးတော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော်သည် သာသနာ တော် ထွန်းကားပြန့်ပွားရေးနှင့် အဓွန့်ရှည် တည်တံ့ရေးတို့အတွက် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ပြည့်စုံပြီး သာသနာ့တာဝန်များကို အခါမလပ် စွမ်းအား ရှိသရွေ့ ကျင့်ကြံကြိုးပမ်းအားထုတ်လျက် ရှိရာ လာဘသိဒ္ဓိမဟာမုနိနှီးဘုရား ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှစ်ဆူနှင့် ရှင်သီဝလိရဟ္တာ မထေရ်မြတ် နှစ်ဆူတို့ကို လားရှိုးမြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့မှ ဗုဒ္ဓနွယ်ဝင်တိုင်းရင်းသားပြည်သူများ ကြည်ညိုသဒ္ဓါပွားများနိုင်ရန် ဗုဒ္ဓပူဇာအဖြစ် လှူဒါန်းထားရှိသဖြင့် အခါအခွင့်ကြုံကြိုက်ပါက လာရောက်ဖူးမြော် ကြည်ညိုနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသတည်း။ ။