မန္တလေး ၂၀ ဧပြီ

 

မန္တလေးမြို့နှင့် အနီးတဝိုက်တွင် သင်္ကြန်မတိုင်မီ ကာလမှစတင်ပြီး လက်ရှိအချိန်ထိ မိုးရွာသွန်းမှု မရှိသဖြင့် လာမည့် ၁၀ ရက်အတွင်း အပူချိန်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (အထက် မြန်မာပြည်ဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။ မန္တလေးမြို့နှင့် အနီးတဝိုက်တွင် ယခင်နှစ်များကဲ့သို့ မိုးရွာသွန်းမှုမရှိဘဲ ပုံမှန်မိုးရေချိန်ထက်နည်းပါးသဖြင့် အပူချိန်မြင့်တက်နေကြောင်း သိရသည်။

 

အပူချိန်များသည် လာမည့် ၁၀ ရက်အတွင်း ပုံမှန်ထက် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ထိပို၍ ပူနိုင်ကြောင်း သိရသည်။ “နေလမ်းကြောင်းတည့်မတ်မှုကြောင့် အပူချိန်မြင့်တက်လာတာက နိုင်ငံတောင်ပိုင်းကနေ မြောက်ပိုင်းကို တိုးလာတယ်။ ဧပြီနဲ့မေလတွေမှာ အလယ်ပိုင်းဒေသတွေရဲ့ အပူချိန်မြင့်တာက ထုံးစံပါ။ ၅ ရက်တာ ခန့်မှန်းချက်တွေအရ မိုးပျံ့ပျံ့နှံ့နှံ့ ရွာရန် အခြေအနေမတွေ့ရသေးဘူး။ ပုံမှန် လက်မဝက်လောက် အနည်းဆုံးရွာ ရမှာပါ” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန(အထက် မြန်မာပြည်ဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။

 

ဧပြီလ၏ ပုံမှန်နေ့အပူချိန်မှာ ၃၉ ဒသမ ၄ ဒီဂရီစင်တီ ဂရိတ်ဖြစ်ပြီး ဧပြီ ၁၈ ရက်နေ့က ၄၂ ဒသမ ၂ စင်တီဂရိတ်ထိပူခဲ့ရာ ပုံမှန်အပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ်ကျော်ခဲ့သည်။ ဧပြီလ၏ ရွာသွန်းမြဲမိုးရေချိန်မှာ ၄၀ မီလီမီတာ ဖြစ်ပြီး ၁၉ ရက်နေ့ထိ ၆ မီလီမီတာသာ ရွာသွန်းခဲ့သည်ဟု သိရသည်။ မန္တလေးမြို့တွင် လာမည့် ၅ ရက်အတွင်း မိုးရွာမည့် အခြေအနေမရှိသေးကြောင်း သိရသည်။

 

 အိမို့မို့ခိုင်