MDN

ထွန်းသစ်စ - ရေးသားသည်

 

မေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက မြောက်ကိုရီးယားနဲ့ ညှိနှိုင်းမှုမှာ သူ့တွင် တာဝန်ရှိသေးကြောင်း၊ မြောက်ကိုရီးယားက သူ့ကို ညှိနှိုင်းဆွေးနွေးမှုက ဘယ်လိုပဲ ဖယ်ထုတ်ချင်သော်လည်း သူ့အနေနဲ့ ဂျပန်နဲ့ အနီးကပ်ပူးပေါင်းပြီး မြောက်ကိုရီးယားနဲ့ သဘောတူညီချက်တစ်စုံတစ်ရာရရှိအောင် လုပ်ဆောင်ချင်နေ သေးတယ်လို့ နိုင်ငံတကာသတင်းတစ်ခုမှာ ဖတ်လိုက်ရပါတယ်။ ဒီလိုအခြေအနေကို လေ့လာကြည့်မယ်ဆိုရင် အမေရိကန်ဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးကိစ္စ မြောက်ကိုရီးယားနဲ့ သဘောတူညီချက် တစ်ခုခုရရှိအောင် လုပ်ဆောင်ချင်နေသေးတယ်ဆိုတာကို တွေ့ရှိရပါတယ်။

 

လမ်းဖွင့်ပေးထား

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်မှာ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ကာကွယ်ရေးဆိုင်ရာ အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါ တယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန်ဆက်ဆံရေး ခပ်တန်းတန်းဖြစ်နေချိန်မှာ မိုက်ပွန်ပီအိုအနေနဲ့ အမေရိကန်ထိပ်တန်းသံတမန်တစ်ဦးကို “မြောက်ကိုရီးယားဘက်က မဆင်မခြင်လုပ်ဆောင်တယ်။ ရင့်ကျက် မှုမရှိဘူး” ဆိုပြီး ပြောကြားခဲ့တဲ့အပေါ် အတော်လေး ကသိ ကအောက်ဖြစ်ခဲ့ရပါတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုအနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို မြောက်ကိုရီးယားနဲ့ သဘောတူညီချက် တစ်စုံတစ်ရာရရှိအောင် တိုက်တွန်းဦးမှာပါ။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းအပေါ် သဘောထားပျော့ပျောင်းစွာ လမ်းဖွင့်ပေးထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဝန်ခံပြောကြားခဲ့ပါတယ်။

 

တာဝန်ရှိတယ်လို့ ခံယူ

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ငယ်ရွယ်တဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနဲ့ လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ နျူကလီးယားကင်းစင်ရေး တွေ့ဆုံဆွေးနွေးခဲ့သော်လည်း နှစ်နိုင်ငံကြား သဘောတူညီချက်မရဘဲ မတင်မကျနဲ့ ပြီးဆုံးခဲ့ရပါတယ်။

 

ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးကိစ္စမှာ အမေရိကန်အနေနဲ့ လက်လျှော့သွားမှာမဟုတ်သလို “မိမိ တို့ဘက်က ဘာမှပြောင်းလဲမှုမရှိဘူး။ ဆက်လက်လုပ်ဆောင် သွားမယ်”လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီအိုက ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

 

မြောက်ကိုရီးယားနဲ့ သဘောတူညီချက်တစ်စုံတစ်ရာရရှိအောင် ဆွေးနွေးမှုတွေလုပ်ဆောင်တဲ့နေရာမှာ ၎င်းအနေနဲ့ တာဝန်ရှိနေသေးတယ်လို့ ခံယူထားကြောင်း၊ အထူးသဖြင့် အမေရိကန် သမ္မတဒေါ်နယ် ထရမ့်ကတော့ ဒီအရေးမှာ အဓိကတာဝန်အရှိဆုံးဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက ဆက်လက်ပြောကြားခဲ့ပါတယ်။

 

ဆက်လက်ဦးဆောင်သွားမယ်

 

မြောက်ကိုရီးယားနျူကလီးယားကင်းစင်ရေးနဲ့ ပတ်သက် ပြီး အမေရိကန်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုတွေ လျော့နည်းလာပြီး ဆွေးနွေးပွဲအောင်မြင်ရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီ အိုဟာ မြောက်ကိုရီး ယားနိုင်ငံကို လွန်ခဲ့တဲ့နှစ်က လေးကြိမ်တိုင်တိုင်သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

 

မြောက်ကိုရီးယားခေါင်းဆောင်အနေနဲ့ အချိန်ကာလ ဆယ်စုနှစ်အတော်များများ အချိန်ယူတည်ဆောက်ခဲ့တဲ့ နျူကလီးယားကို စွန့်လွှတ်ဖို့ သူ့ရဲ့ကတိတွေကို အေးခဲစေခဲ့တဲ့ သဘောတူညီချက်ဆိုတာကြီးကို မိုက်ပွန်ပီ အိုကတော့ မျှော်လင့်နေတုန်းရှိပါသေးတယ်။ မိုက်ပွန်ပီအိုအနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် စိတ်မကုန်ဇွဲမလျှော့ဘဲ ခဲလေသမျှ သဲထဲရေကျမဖြစ်ရ အောင် အတတ်နိုင်ဆုံးကြိုးစားချင်နေတဲ့ပုံပါပဲ။ “မိမိတို့အနေနဲ့ ကိုရီးယား ကျွန်းဆွယ် နျူကလီးယားကင်းစင်ဖို့ ရလဒ်ကောင်းတွေရရှိမယ့် တကယ့်အခွင့်အရေးတွေ ရှိနေသေးတယ်။ မိမိတို့သံတမန်အဖွဲ့ဟာ ရလဒ်ကောင်းတွေရ အောင် ဆက်လက်ဦးဆောင်သွားမှာဖြစ်တယ်”ဟု မိုက်ပွန်ပီ အိုက ပြောပါတယ်။

 

လုပ်ဆောင်ချင်နေပုံရ

 

မိုက်ပွန်ပီအိုက မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေပြုလုပ်ဖို့ ဆန္ဒထက်သန်နေသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြောက်ကိုရီးယားနဲ့ ချစ်ကြည်ခင်မင်မှု မပျက်ချင်ကြောင်း စောင်းပါးရိပ်ခြည် ပြောကြားခဲ့ပါတယ်။ဂျပန်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ အမေရိကန်နဲ့ နီးကပ်စွာ ဆက်သွယ် တည်ရှိနေသော်လည်း တစ်နည်းဆိုရသော် ဂျပန်နိုင်ငံဟာ ကိုရီးယားကျွန်းဆွယ်လုံး၀နျူကလီးယားကင်းစင် အောင် အမေရိကန်ကို ထောက်ခံနေသော်လည်း ဒီအပေါ် ဂျပန်နိုင်ငံက သတိထားဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ကွန်ဆာဗေးတစ်တစ်ဦးဖြစ်သူ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဟာ ၁၉၇၀ ပြည့်လွန်နှစ်များနဲ့ ၁၉၈၀ ပြည့်လွန်နှစ်များမှာ ဂျပန်နိုင်ငံသားတွေကို ပြန်ပေးဆွဲခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံကို ပြင်းထန်တဲ့အရေးယူမှုတွေ လုပ်ဆောင်ချင်နေပုံရပါတယ်။

 

ပီယဝါစာ ဆိုချင်

 

သို့သော်လည်းဘယ်လိုပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ အခွင့် အရေးသာရှိမယ်ဆိုရင် သူ့အနေနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနဲ့တွေ့ဆုံဖို့ ဆန္ဒရှိတယ်လို့ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက ဝါရှင်တန် ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

 

“မြောက်ကိုရီးယားနိုင်ငံက ဒီဒုံးကျည်တွေ၊ နျူကလီးယားတွေနဲ့ ပြန်ပေးဆွဲမှုတွေအပေါ် ဂရုတစိုက် ဖြစ်လာမယ်ဆိုရင်တော့ ဂျပန်နိုင်ငံကလည်း မြောက်ကိုရီးယားနိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ပြန်လည် တည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေပါတယ်” ဟု ကိုနိုက ပြောပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ နောက်တစ်ပတ်ထဲမှာ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံဖို့ ဝါရှင်တန်ကို သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ နှစ်သက်ကောင်းမွန်ဖွယ် ပီယဝါစာဆိုချင်တဲ့ သဘောပဲဖြစ်ပါတယ်။ ထို့အတူပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ဇနီး မယ်လနီယာ ထရမ့်တို့ဟာ လာမယ့်လထဲမှာ ဂျပန်နိုင်ငံကို သွားရောက်မယ်လို့လည်း သိရပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့ ဇနီးမောင်နှံဟာ ဂျပန်ဧကရာဇ်အဖြစ် နာရူဟီတိုထီးနန်းရယူပြီးနောက်မှာ ဂျပန်နိုင်ငံကို သွားရောက်တဲ့ ပထမဆုံးဧည့်သည်များပဲဖြစ်ပါတယ်။

 

စိတ်ဝင်စားစရာကောင်း

 

လာမယ့်ဇွန်လအတွင်း ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ဂျီ-၂၀ စီးပွားရေးဆွေးနွေးပွဲကို ကျင်းပသွားမှာ ဖြစ်သော်လည်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့် အဲဒီဆွေးနွေးပွဲကို တက်ရောက်မှာလား၊ မတက်ရောက် ဘူးလားဆိုတာကတော့ မကျိန်းသေသေးပါဘူး။ နိဂုံးချုပ်ဆိုရသော် အမေရိကန်နိုင်ငံကတော့ ဂျပန်နိုင်ငံနဲ့ နီးကပ်စွာ ပူးပေါင်းပြီး ကိုရီးယားကျွန်းဆွယ် လုံး၀ နျူကလီးယားကင်းစင်ဖို့အတွက် ဆက်လက်လုပ်ဆောင်နေဦး မှာဖြစ်သလို ဂျပန်နိုင်ငံကလည်း မြောက်ကိုရီးယားနိုင်ငံကသာ သူ့ရဲ့ ဒုံးကျည်ကိစ္စကို အသေအချာအာရုံ စိုက်လိုက်မယ်ဆိုပါက ကောင်းမွန်တဲ့ ဆက်ဆံရေးထူထောင်သွားဖို့ အဆင်သင့်ပါပဲ။ ဒီလိုအနေအထားမှာ ရှေ့ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းလှပါကြောင်း။ ။

 

ကိုးကား - အေအက်ဖ်ပီ