သတင်းဆောင်းပါး - မောင်ယဉ်ကျေး
ချင်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိပြီး ကန်ပက်လက်၊ မင်းတပ်၊ မတူပီမြို့နယ်များအထိ နယ်နိမိတ် ကျယ်ပြန့်လှသည့် နတ်မတောင်သည် အမြင့်ပေ ၁၀၂၀၀ ကျော်မြင့်မားပြီး ဧရိယာစတုရန်းမိုင်ပေါင်း ၂၇၅ ဒသမ ၅ မိုင် ကျယ်ဝန်းကာ တစ်ချိန်သော အခါက ဝိတိုရိယတောင်အဖြစ်လည်း ထင်ရှား ကျော်ကြားခဲ့သည်။ တောင်ဇလပ်၊ ချယ်ရီ၊ ဝက်သစ်ချပင်တို့ ဖုံးလွှမ်းနေကာ တိမ်ခိုးတို့ရစ်သိုင်းပြီး တောင်ဇလပ် ပန်းနီနီ တို့ဖြင့် အသွင်တင့်နေသည့် ခေါနူးစုမ်ခေါ် နတ်မတောင်ကြီးသည်ကား အာဆီယံအမွေအနှစ် သဘာ၀ ဥယျာဉ်ကြီးအဖြစ် ဝင့်ထည်စွာ တည်ရှိနေလေသည်။နတ်မတောင်တွင် သစ်ပင်မျိုးစိတ်ပေါင်း ၈၀၀ ကျော်ရှိပြီး အမြဲစိမ်းသစ်တော၊ ရွက်ကြွေတော၊ ထင်းရှူးနှင့်ဝက်သစ်ချ၊ တောင်ဇလပ်တောများ ဖုံးလွှမ်းနေကာ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု နည်းပါးသေးသည့် ဒေသဖြစ်သည်။ ကုန်း နေရေနေ သတ္တဝါ ၂၃ မျိုး၊ တွားသွားသတ္တဝါ ၆၅ မျိုး၊ လိပ်ပြာ ၇၇ မျိုးရှိကာ ရှားပါးတိရစ္ဆာန်များဖြစ်ကြသည့် ကျားသစ်၊ အင်းကျား၊ ဝက်ဝံ၊ တောင်ဆိတ်၊ ချေ၊ တောဝက်၊ သင်းခွေချပ်၊ မျောက်လွှဲကျော် စသည့် တိရစ္ဆာန်များနှင့် အထူးသဖြင့် မြန်မာ့ဒေသရင်း ငှက်မျိုးစိတ်ဖြစ်သည့် မျက်ခုံးဖြူငှက်ပြာ ခြောက် အပါအဝင် ငှက်မျိုးစိတ်ပေါင်း ၂၈၉ မျိုးခန့် ကျက်စား နေထိုင်ကြသည်။
နတ်မတောင်ကို ၂၀၁၀ ပြည့်နှစ်က အမျိုးသားဥယျာဉ် အဖြစ် သတ်မှတ်ခဲ့ပြီးနောက် ပြည်တွင်းပြည်ပမှ သဘာ၀ အခြေခံ ခရီးသွားလာမှုကို ခုံမင်မြတ်နိုးသူတို့၏ စိတ်ဝင်စားမှု မြင့်တက်လာကာ နှစ်စဉ် ခရီးသွားရာသီ ရောက်တိုင်း လာရောက်လေ့လာ အပန်းဖြေအနားယူကြလေ့ရှိရာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၁၉ သို့ နှစ်သစ်ကူးချိန်ကာလတွင် နတ်မတောင် အမျိုးသားဥယျာဉ်သို့ ခရီးသွားဧည့်သည် လာရောက်မှု အများဆုံး ဖြစ်ကြောင်း သိရှိရသည်။ “ဒီနှစ် ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးပွဲတော်ရက်ဖြစ်တဲ့ ဒီဇင်ဘာနောက်ဆုံးပတ်ထဲမှာ ကျွန်တော်တို့ ကန်ပက်လက် မြို့ကို ခရီးသွားဧည့်သည်လာရောက်မှု အများဆုံးလို့ ပြောနိုင်ပါတယ်။ ခရီးသွားအေဂျင်စီတွေနဲ့ ချိတ်ဆက်ပြီး လာရောက် သူတွေရော၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် လာရောက်သူတွေ၊ အနီးပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ မကွေး၊ မင်းဘူး၊ ပခုက္ကူ စတဲ့ ဒေသတွေကနေ ဆိုင်ကယ်တွေနဲ့ လာရောက်ကြသူတွေ ရော တစ်ရက်ကို လူဦးရေ ၁၅၀၀ ခန့် လာရောက်ကြတာကို တွေ့ရှိရပါတယ်။ အများစုကတော့ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၄၅၀၀ ကျော်ရှိတဲ့ ကန်ပက်လက်မြို့မှာ ခေတ္တ တည်းခိုပြီးမှ ပေပေါင်း ၁၀၂၀၀ ကျော်မြင့်တဲ့ ခေါ်နူးစုမ် တောင်ကို တက်ရောက်လေ့လာကြတာမို့ ကန်ပက်လက် ဟိုတယ်ဇုန်မှာရှိတဲ့ ဟိုတယ်ခြောက်လုံးမှာရော၊ မြို့တွင်းမှာ ရှိတဲ့ ဧည့်ရိပ်သာတွေမှာပါ ဧည့်သည်တွေနဲ့ ပြည့်နက်နေတဲ့ အပြင် ခင်မင်နီးစပ်ရာ မိတ်ဆွေတွေရဲ့ အိမ်တွေမှာလည်း တည်းခို နေကြသူတွေ အများအပြားမို့ ဧည့်သည်တွေနဲ့ စည်ကားနေတဲ့အချိန်လည်းဖြစ်ပါတယ်”ဟု ကန်ပက်လက် ဒေသခံ ချင်းတိုင်းရင်းသား ကိုကီးနိုင်းက ရှင်းပြသည်။
ခိုက်ခိုက်တုန်အောင် အေးချမ်းလှပြီး တိမ်ပင်လယ် အထက်တွင် တည်ရှိနေသည့် ကန်ပက်လက်မြို့လေးတွင် နံနက် ၄ နာရီမထိုးမီကပင် နတ်မတောင်သို့ တက်ရောက် ကြမည့် မော်တော်ကားသံ၊ ဆိုင်ကယ်သံများဖြင့် သက်ဝင် လှုပ်ရှားလျက်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ပေ ၉၀၀၀ တွင်ရှိသည့် (၁၀)မိုင်စခန်းအထိ မော်တော် ယာဉ်များ တက်ရောက်ခွင့်ရှိပြီး အဆိုပါ (၁၀)မိုင်စခန်းမှ အထက် အမြင့်ပေ ၁၀၂၀၀ အထိရှိသည့် နတ်မတောင်ထိပ် သို့မူ အမျိုးသားသဘာ၀ဥယျာဉ်နယ်မြေအဖြစ် ကန့်သတ် ထားကာ သီးခြားခွင့်ပြုချက်ရ မော်တော်ယာဉ်များမှအပ မော်တော်ယာဉ်တက်ခွင့်ကို ကန့်သတ်ထားပြီး ဆိုင်ကယ်ဖြင့် သော်လည်းကောင်း၊ ခြေကျင်ခရီးဖြင့်သော်လည်းကောင်း တက်ရောက်ခွင့်ပြုထားသည်။ဧည့်သည်အများစုမှာ သဘာဝပတ်ဝန်းကျင်အလှများနှင့် ငွားငွားစွင့်စွင့်ပွင့်နေကြသော တောင်ဇလပ်ပန်းများ၏အလှ တို့ကို ငေးမော ခံစားရင်း၊ ငှက်ငယ်လေးများ၏ တေးသီကျူး သံကို နားဆင်ရင်း ခြေကျင်ခရီးဖြင့် တောင်တက်ကြသလို အမောအပန်းမခံနိုင်သူများ၊ အမျိုးသမီးနှင့် ကလေးငယ်များကတော့ ဒေသခံများပြေးဆွဲပေးနေကြသည့် မော်တော် ဆိုင်ကယ်များဖြင့် တက်ရောက်ကြသည်။ ဆိုင်ကယ်စီးနင်း ခမှာ အတက် ကျပ် ၅၀၀၀၊ အဆင်း ကျပ် ၅၀၀၀ ဖြစ်ပြီး ခရီးသည် များပြားလှသည့်အတွက် ဆိုင်ကယ်စီးရေနှင့်မမျှအောင်ပင် အလုအယက် ငှားရမ်းနေ ကြရကာ ကန်ပက်လက်ဒေသခံ တို့ လက်ဖျားငွေသီးချိန်ပင်ဖြစ်သည်။
တက်အဆင်းမတ်စောက်ကာ အကွေ့အကောက်ပေါများပြီး နှင်းရည်တို့ဖြင့် နေရာအချို့တွင် စိုရွှဲနေသည့် အတွက် မော်တော်ဆိုင်ကယ်အချို့ မတော်တဆမှုဖြစ်ကာ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိကြသည်ကိုလည်း တွေ့ရှိရပေသည်။ ဆယ်မိုင်စခန်းမှ တောင်ထိပ်အရောက် ၃ မိုင် ၅ ဖာလုံရှည် လျားပြီး တောင်တက်တောင် ဆင်းလမ်းဖြစ်သောကြောင့် လမ်းခရီးတွင် မည်သည့်ဈေးဆိုင်မှမရှိသည့်အတွက် ခရီးသွားများအနေဖြင့် သောက်ရေနှင့် အစားအစာများ လုံလောက်စွာ ယူသွားဖို့တော့ အလွန်အရေးကြီးပေသည်။ ခြေကျင်ခရီး ဖြင့် တက်မည်ဆိုလျှင်မူ တောင်တက်ချိန် ၃ နာရီမှ ၅ နာရီ အထိ ကြာမြင့်နိုင်သည်မို့ သက်လုံကောင်းဖို့တော့ လိုအပ်ပေသည်။တောင်ဇလပ်ပန်းနီနီတို့ကား တောင်လုံးကျွတ်မျှ ဖူးပွင့် နေကြသည်ဖြစ်ရာ လာရောက်လေ့လာ ကြသူများအဖို့ နေရာ တိုင်းသည် လက်မလွတ်တမ်း ဓာတ်ပုံမှတ်တမ်းတင်ချင်စရာချည်းသာဖြစ်နေသည်။ ပေတစ်သောင်းအထက်တွင် ရှားပါး လှသော တောင်ဇလပ်အဝါနှင့် အဖြူတို့ကိုလည်း ရံဖန်ရံခါ တွေ့ရှိရသည်။ တောင်ဇလပ်ပန်းကား ချင်းတိုင်းရင်းသားတို့၏ အထိမ်းအမှတ်ပန်းဖြစ်ကာ အဆုပ်အခဲလိုက်လှပစွာပွင့် နေကြပြီး တောင်ဇလပ်ပွင့်နီနီတို့သည် ချဉ်သောအရသာရှိကာ ချင်းရိုးရာအစားအစာအဖြစ် တောင်ဇလပ်ပွင့် သုပ်ကိုလည်းကောင်း၊ တောင်ဇလပ်ဝိုင်အဖြစ်ထုတ်လုပ်၍လည်းကောင်း စားသုံးကြကြောင်း သိရှိရသည်။
ခုအခါတွင်မူ သဘာဝအခြေခံအရင်းအမြစ်များပျောက် ကွယ်ကာ မျိုးသုဉ်းသွားမည့်အန္တရာယ်ကို ကြိုတင် တားဆီး ကာကွယ်သောအားဖြင့် တောင်ဇလပ်ပန်းများခူးခြင်းနှင့် တောင်ဇလပ်ပန်းပင်များ ခုတ်ယူခြင်းတို့ကို သစ်တောဦးစီးဌာနက တင်းကျပ်စွာ တားမြစ်ထားသည်မှာ ဂုဏ်ယူဖွယ်ပင်ဖြစ်သည်။ ထို့အပြင် နတ်မတောင်ကြီး၏ သဘာဝရင်းမြစ်များကို ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက် ပလတ်စတစ်အလွန် အကျွံသုံးစွဲမှု လျှော့ချရေး အသိပေးနှိုးဆော်မှုများကို သစ်တောဦးစီးဌာနက ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ထား ရှိရုံသာမက တောင်တန်းတစ်လျှောက်၌ အမှိုက်ပုံးများ စီစဉ်ထားရှိပေးသည်ကိုလည်း တွေ့ရှိရသည်။ သို့သော်လည်း တောင်တက်လမ်းတစ်လျှောက် နေရာအချို့၌ စည်းကမ်းမဲ့ သူအချို့ စွန့်ပစ်ထားသည့် ပလတ်စတစ်အမှိုက်များ၊ ရေသန့် ဘူးခွံများ ပြန့်ကျဲနေသည်ကို တွေ့ရှိနေရသေးသည်ကတော့ ဝမ်းနည်းဖွယ်ရာပင်ဖြစ်လေ သည်။ခေါ်နူးစုမ် ခေါ် နတ်မတောင်အတက်လမ်း၏ ပေ ၉၈၀၀ ခန့် အရောက်တွင်တော့ အကျယ်ပေ ၂၀ ခန့်ရှိသည့် ရေခဲနေသော ရေအိုင်ငယ်တစ်ခုနှင့် ၁၅ ပေခန့်ကျယ်ဝန်းသည့် ရေအိုင်ငယ်တစ်ခုတို့ကို တွေ့ရှိရမည်ဖြစ်သည်။ အဆိုပါ ရေခဲအိုင်ငယ်လေးများတွင် ပျော်ရွှင်ကြည်နူးစွာဖြင့် အမှတ်တရ ဓာတ်ပုံရိုက်ကြ သူများ၊ ရေခဲပြင်ကို လေ့လာကြသူများဖြင့် စည်ကားလျက်ရှိသည်။
ဝါးရုံတောငယ်လေးများ၊ ချုံတောငယ်လေးများအကြား တိုးဝှေ့ဖြတ်သန်းရသည့် သဘာ၀ လူလျှောက် လမ်းလေးများ တွင် ဖြတ်သန်းလျှောက်လှမ်းရသည်ကလည်း တောင်တက်ခရီးမှ ထူးခြားသော အရသာတစ်ခု ပင်ဖြစ်သည်။ တောင်ခါးပန်းကိုပွေ့ဖက်ထားသည့်နှယ် တိမ်တိုက်တိမ်တောင်များ၊ တောင်ဇလပ်ပန်းနီနီများ၊ ညို့မှိုင်းနေသော ဝက်သစ်ချပင်များ၊ သဘာဝရနံ့ဖြင့် မွှေးပျံ့နေသည့် သစ်ခွပန်းအလှများအား ခံစားငေးမောရင်း အမှတ်တရဓာတ်ပုံတွေရိုက်ရင်းဖြင့် ဖြည်း ဖြည်းမှန်မှန်လေး တက်ရောက်လာခဲ့ကြရာ ပေပေါင်း ၁၀၂၀၀ ကျော်မြင့်မားသည့် နတ်မတောင်ထိပ်ကြီးသို့ ရောက်ရှိလာခဲ့လျှင်မူ မောသမျှ အပန်းပြေရလေတော့သည်။ လေအဝှေ့မှာ တလူလူလွင့်ပျံနေသည့် သာသနာ့အလံ တော်များနှင့်အတူ အေးချမ်းသာယာစွာ စံပယ်တော်မူ နေကြသည့် ငြိမ်းအေးချမ်းသာ ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် ဇိနမာရ် အောင်စေတီတော်မြတ်တို့အား တောင်ထိပ် တွင် ဖူးမြော် ရမည်ဖြစ်သည်။ အတိုင်းမသိသော ပီတိအဟုန်ဖြင့် လွမ်းဆွတ်ကြည်နူးဖွယ် ထူးခြားသောရသကို လည်း ခံစားရသည်။ ပေပေါင်း ၁၀၂၀၀ ကျော် မြင့်မားသီခေါင်သောဒေသတွင် အခက်အခဲ မျိုးစုံကို ကျော်ဖြတ်ကာ ဘုရားဒါယကာ သံမဏိ ဦးမောင်မောင်နှင့်အဖွဲ့က ရုပ်ပွားတော်နှင့် စေတီတော်ကို ၁၉၇၁ ခုနှစ်က တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း ကမ္ပည်းကျောက်စာရေးထိုးထားသည်ကို တွေ့ရှိရသည့် အတွက် အလှူရှင်အား ချီးကျူး သာဓုခေါ် မိသည်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း တစ်သောင်း ကျော်တွင်တည်ရှိနေသည့် နတ်မတောင်ဒေသသည် မြန်မာနိုင်ငံအတွက်သာမက အာဆီယံဒေသအတွက်လည်း ဂုဏ်ယူဖွယ် သဘာဝအမွေအနှစ် လက်ဆောင် ကြီးပင်ဖြစ်သည်။ အနီးဆုံးမြို့ ဖြစ်သည့် ကန်ပက်လက်မြို့သည်ပင် ပေပေါင်း ၄၅၀၀ ကျော်အမြင့်တွင်သာ တည်ထားနိုင်သည်ကို ထောက်ရှုခြင်းဖြင့် နတ်မတောင်ကြီး၏ သဘာဝတန်ဖိုးကို အလေးအမြတ်ထားနိုင်ကြ မည်ဖြစ်သည်။ချင်းတိုင်းရင်းသားတို့ပျော်စံရာ တောင်ဇလပ်မြေမှ နတ်မတောင်ကြီးသို့ သွားရောက်ကြ မည်ဆိုပါလျှင် မြန်မာပြည် အရပ်ရပ်မှ မော်တော်ယာဉ်အားလုံးသည် မကွေးတိုင်းဒေသ ကြီး ဆိပ်ဖြူမြို့နယ် ပုသိမ်-မုံရွာ ကားလမ်းဆုံရှိ ကန်စွန်းမမြို့လေးမှ စတင်ကာ ဆောမြို့အထိလာ၍ ဆောမြို့တွင် ခေတ္တ အနားယူပြီးနောက် အမြင့်ပေ ၄၅၀၀ ကျော်ရှိ ကန်ပက်လက် မြို့သို့ တောင်ဆင်းတောင်တက်ခရီးကို ရင်သပ်ရှုမောခံစားရင်း ဆက်လက်လာရောက်ရမည်ဖြစ်သည်။ ထို့နောက် ကန်ပက်လက်မြို့တွင် ပါးရဲထိုးထား သည့် ချင်းတိုင်းရင်းသားအဘွားအိုတို့က ရိုးရာဝါးပလွေကို နှာခေါင်းဖြင့် မှုတ်၍ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုရင်း လှပသည့် ချင်းရိုးရာ ဂျပ်ခုတ်ထည်များကို အမှတ်တရလက်ဆောင် ဝယ်ယူနိုင်သလို ချင်းရိုးရာ ခေါင်ရည်ကို နွားနောက်သားကြော် မွှေး မွှေး၊ နွားနောက်သားထောင်းစပ်စပ်လေးဖြင့် မြည်းစမ်းရင်း အေးမြလှသော ချင်းတောင်တန်း၏ ညအလှကို မီးပုံပွဲနှင့် အတူ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြမည်ဖြစ်ရာ ချင်းတိုင်းရင်းသား သွေးချင်းတို့၏ သဘာ၀နေထိုင်မှု ဓလေ့များကို ဝင်ရောက် လေ့လာရင်း မြင့်မားသီခေါင် နတ်မတောင်၏ သဘာဝအလှ များကိုလည်း လာရောက်လေ့လာ ခံစားနိုင်ကြစေရန် ဖိတ်ခေါ် လိုက်ရပါ ကြောင်း။ ။