ရန်ကုန် ၂၁ ဧပြီ
မျက်ခြယ်ရုပ်ရှင်ထုတ်လုပ်ရေးမှ ဝတ္ထုအကြည်တော်၊ ဇာတ်ညွှန်းအင်ကြင်းဟန် ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးသည့် '' ပြုံးရွှင်ရေပျော်ရဲ့လား'' ရုပ်ရှင်ဇာတ်ကားအထူးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံတွင် ပြသခဲ့သည်။
အဆိုပါ ''ပြုံးရွှင်ရေပျော်ရဲ့လား'' ရုပ်ရှင်ဇာတ်ကားတွင် နေတိုး၊ ကျော်ကျော်ဗိုလ်၊ အေးမြတ်သူ၊ ရွှေမှုံရတီ၊ ဧည့်သည်သရုပ်ဆောင် တင်မောင်ဆန်းမင်းဝင်း၊ ဇော်ဦး၊ ထွန်းထွန်းဝင်း၊ ဇော်ဝင်းနိုင်၊ ဂွမ်းပုံကြီးနှင့် နာမည်ကြီး သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားသည်။

ဒါရိုက်တာ ဝင်းထွန်းထွန်းက မိဘမေတ္တာဘွဲ့ ဇာတ်ကားဖြစ်ပါတယ်။ အဲ့ဒီကား ရိုက်စဉ်ကာလတုန်းက ဟာသကားတွေ အရမ်းဟော့ပြီးတော့ ရုံပေါ်မှာ ဟာသကားတွေကြီးပဲ တင်တဲ့အချိန်၊ အဲ့ဒီအချိန်မှာ ဒီဇာတ်ကြီးကို ထုတ်လုပ်သူကို ပေးလိုက်တယ်။ ပေးတဲ့အချိန်မှာ ပိုက်ဆံရမယ်လို့တော့ အာမမခံဘူး၊ ကျွန်တော် အနုပညာရှင်တစ်ယောက်အနေနဲ့ အနုပညာအရ ကျန်မယ်ဆိုတာကို အာမခံပါတယ်လို့ ပြောလိုက်တော့ ထုတ်လုပ်သူကလည်း အနုပညာအတွက် ရိုက်ပါမယ်လို့ ပြောကြားတယ်။ အဲဒီအတွက် ဒီကားကို စတင်ရိုက်ကူးခွင့်ပေးတဲ့ မျက်ခြယ်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ရဲ့ခံယူချက်က မြန်မာ့ရုပ်ရှင်ဟာ မြန်မာလူမျိုးတို့ရဲ့ စရိုက်လက္ခဏာကို ဖော်ကျူးတဲ့ မေတ္တာတရားကို ဖော်ကျူးတဲ့ ဇာတ်ကားတွေပဲ ဖြစ်ရမယ်လို့ ယုံကြည်တယ်။ မြန်မာ Traditional ကိုဖော်ကျူးသော၊ မေတ္တာတရားကို ဖော်ကျူးသော ကားတွေလူရာဝင်ဖို့ အခက်အခဲတွေ အများကြီးရှိလာပါတယ်၊ မြန်မာ့ ရုပ်ရှင်မှာ ဒီလိုဇာတ်ကားတွေဟာ ဗမာကားစစ်စစ်ဖြစ်တယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော် ဒီကားကိုရိုက်တာပါ ’’ ဟုပြောသည်။
သရုပ်ဆောင် ကျော်ကျော်ဗိုလ်က “ဇာတ်သဘင်လောကပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူရွှင်တော်တစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ပြတာပါ။ သဘင် တစ်လောကလုံး၊ လူရွှင်တော်တစ်လောကလုံးကို ကိုယ်စားပြုတဲ့ ဇာတ်ကားပါ။ အဓိက ကိုနေတိုး တို့ကို ပို့ပေးတယ်ဆိုတာထက် ဒီဇာတ်ကားပေါ်မှာ ကျွန်တော်ပါဝင်ရတဲ့ အခန်းကဏ္ဍ ကို ကျွန်တော်တာဝန်ကျေအောင် လုပ်လိုက်တာပါ။ ကြမ်းတမ်းတဲ့ဘဝတွေလည်း ရှိခဲ့တယ်လေ။ ဆန္ဒနဲ့ဘဝနဲ့ သားသမီးအပေါ်ထားတဲ့မေတ္တာ တစ်ထပ်ထဲမကျခဲ့တဲ့ မိဘတွေလည်းရှိခဲ့တယ်ဆိုတော့ ဒီဟာမျိုးလေးတွေကို ကျွန်တော်တို့ပုံဖော် လိုက်ရတော့ ပရိတ်သတ်တွေလည်း ဆို့နင့်ကြေကွဲစေတဲ့ ရသမျိုးခံသားရမှာပါ။ တကယ်တော့ မိဘမေတ္တာဆိုတာ ဆူကြုံနိမ့်မြင့်မရွေးပါဘူး၊ ရှင်ဘုရင်မှ အခြေခံလူတန်းစားမှ မဟုတ်ပါဘူး၊ မိဘတိုင်းကတော့ သားသမီးအပေါ်မှာ အမြင့်ဆုံးဖြစ်စေချင်ကြတာ မိဘတိုင်းရဲ့မေတ္တာစေတနာပါပဲ။ အဲ့ဒီတော့ သူတို့ရဲ့ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက်တော့ သူတို့ရဲ့သားသမီးကို အကောင်းဆုံးအမြင့်ဆုံးမှာ မြင်ချင်ကြတာ မိဘတိုင်းရဲ့ မေတ္တာပါ။ “ပြုံးရွှင်ရေပျော်ရဲ့လား” ဆိုတဲ့ဇာတ်ကား ကတော့ ပရိတ်သတ်တွေ ဒီဘက် ခေတ်ပိုင်းမှာ ပရိတ်သတ်တွေကြည့်ရဖို့ ရှားပါးတဲ့ ဇာတ်ကားတစ်ကားဖြစ်သလို ကျွန်တော်တို့ သရုပ်ဆောင်တွေအနေနဲ့လည်း သရုပ်ဆောင်ဖို့ ရှားပါးတဲ့ဇာတ်တစ် ဇာတ်ဖြစ်ပါတယ်။ ပရိတ်သတ်တွေကြည့်ရင် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်’’ ဟုပြောသည်။
“ပြုံးရွှင်ရေပျော်ရဲ့လား” ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် နေတိုးက လူရွှင်တော် ပြုံးရွှင်အဖြစ် သရုပ်ဆောင်ထားပြီး အလွမ်းအဆွေးဖြင့် ဖော်ကျူးထားသည့် ရုပ်ရှင်ဇာက်ကားဖြစ်ကာ အဆိုပါရုပ်ရှင်ဇာတ်ကားကို ဧပြီ ၂၅ ရက်မှ စတင်ကာ တစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသ သွားမည်ဖြစ်သည်။
(မင်းသစ်(MNA))