၂၂ ဧပြီ

 

မတ်လဆန်းကတည်းကပင်  နိုင်ငံတစ်ဝန်းတွင်  မီးလောင်မှုဖြစ်စဉ်များ  ခပ်စိပ်စိပ်ဖြစ်ပေါ်လျက်ရှိသည်။  အကြီးစားလောင်ကျွမ်းမှုမရှိသေးလို့  တော်ပါသေးသည်။  နွေ၊  မိုး၊  ဆောင်းအချိန်မရွေး၊ နေရာမရွေး လောင်တတ်သည့် ထိုမီးဘေးအ္တရာယ်ကို လူတိုင်းဂရုပြုသင့်သည်။ ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း၌ မီးလောင်ကျွမ်းမှု ၁၇၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၆၇ ဦး သေဆုံးနှင့် လူ ၁၈၀ဝ ကျော် မီးဘေးဒုက္ခရောက်ခဲ့ကြသည်။ မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်နှင့် အဆောက်အအုံ ၂၂၁၃ လုံး၊ စက်ရုံအလုပ်ရုံ ၂၆ လုံးနှင့်ဂိုဒေါင် ၄၁ လုံး ဆုံးရှုံးခဲ့ရသည်။ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၅၃၀ဝ ကျော်ရှိခဲ့သည်။

 

 မီးဘေးအန္တရာယ်ကြောင့် တန်ဖိုးရှိသော လူ့အသက်များစွာ ဆုံးရှုံးခဲ့ရသည့် “မီး” သည် သုံးတတ်လျှင် “မိတ်ဆွေ” ဖြစ်သော်လည်း မသုံးတတ်သူများအတွက်တော့ “ရန်သူ” ထက်ပင် အန္တရာယ်ကြီးမားနေမည်ဖြစ်သည်။

 

ရန်သူလား မိတ်ဆွေလား

 

စင်စစ်အားဖြင့် “မီး” သည် လူသားတို့အတွက် မရှိမဖြစ် သော လိုအပ်ချက်ပင်ဖြစ်သည်။ ရှေးခေတ် လူသားတို့ “မီး” ကို  မတွေ့မီကာလက  အသား၊  ငါးနှင့်ဟင်းသီး၊  ဟင်းရွက် များကို  အစိမ်းသက်သက်သာ   စားသောက်ခဲ့ကြရသည်။  ထို့နောက်  “မီး”  ကို  စတင်တွေ့ရှိချိန်မှစ၍  လူသားတို့၏ ယဉ်ကျေးမှုသည် တိုးတက်ပြောင်းလဲလာခဲ့သည်။ သို့သော် မီးသည် “သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင်ရန်သူ”၊ “လူခိုးလျှင်  အစုတ်ကျန်၊  မီးခိုးလျှင်  အပြုတ်နှံ”  ဆိုသော စကားများကဲ့သို့   မီးဘေးအန္တရာယ်ကို ကြိုတင်သတိထား သင့်လှပေသည်။      ဆင်းရဲချမ်းသာ၊        အဖြူအမည်းမရွေး အန္တရာယ်ပေးနိုင်သဖြင့် “ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက် သူ” ဆိုသော ရန်သူမျိုးငါးပါးတွင်  မီးဘေးအန္တရာယ်ကို ထည့်သွင်းသတ်မှတ်ကြသည်။

 

ကြိုတင်ပြင်ဆင်ထားသင့်

 

ဆိုရလျှင် မြန်မာနိုင်ငံတွင် မတ်လတတိယပတ်ကတည်းက  နေ့အပူချိန်သည်  တဖြည်းဖြည်းမြင့်တက်လျက်ရှိသည်။ ပုံမှန်အားဖြင့်    မြန်မာနိုင်ငံတွင်      နွေရာသီ၌    အပူချိန်ပိုမို မြင့်တက်လေ့ရှိသည်။ အချို့သောဒေသများတွင် နေ့အပူချိန်သည်  ၄၀    ဒီဂရီစင်တီဂရိတ်    အထက်ရှိနေပြီ      ဖြစ်သည်။ သစ်ရွက်အားလုံးကြွေကျချိန်ဖြစ်သဖြင့်   သစ်ပင်များသည် အရိုးပြိုင်းပြိုင်းဖြင့် ခြောက်သွေ့လျက် အစိုဓာတ်ခန်းခြောက် နေသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ခြောက်သွေ့လျက် လောင်စာများဖြစ်နေသည်။  ထိုသို့ပူပြင်းခြောက်သွေ့သော နွေရာသီတွင် နိုင်ငံတစ်ဝန်းကြုံတွေ့ရတတ်သည့်   သဘာဝဘေးတစ်ခုသည်   မီးဘေးအန္တရာယ်ပင်ဖြစ်သည်။ တောမီး လောင်ခြင်းများအပါအဝင် ကျေးရွာကြီးများ၊  လူနေထူထပ်သော မြို့ ကြီးများတွင် အကြောင်းအမျိုးမျိုးကြောင့် မီးလောင်မှုများ    ကြုံတွေ့ရတတ်သည်။    မီးလောင်မှုအများဆုံးသည် ပေါ့ဆမှုကြောင့် ဖြစ်သည်။ ထို့ကြောင့် နွေရာသီတွင် မီးဘေး အန္တရာယ်ကာကွယ်နိုင်ရေးအတွက် အဘက်ဘက်မှ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားသင့်သည်။

 

ကြိုတင်ပြင်ဆင်ခြင်း

 

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသည် နိုင်ငံသား တိုင်း၏တာဝန်ဖြစ်သည်။ လူတစ်ဦးတစ်ယောက်၏ ပေါ့ဆမှုကြောင့် ဆုံးရှုံးမှုများစွာဖြစ်ပေါ်စေသည့် မီးလောင်မှုများကိုမကြာခဏကြုံတွေ့ရသည်။ အထူးသဖြင့် ပူပြင်းခြောက်သွေ့ သောနွေရာသီတွင် ပြည်သူတိုင်း “မီးအသိ၊ မီးသတိ” ရှိနေရန် လိုအပ်သည်။ ရုံး၊ ဌာန၊ ကုမ္ပဏီများ၊ နေအိမ်၊ အဆောက်အအုံများတွင်  မီးသတ်ဆေးဘူးများ၊  ရေ၊  သဲ၊  မီးချိတ်၊  မီးကတ်  စသည့်      မီးငြှိမ်းသတ်ရေးအထောက်အကူပစ္စည်းများကို လုံလောက်စွာထားရှိသင့်သည်။

 

မီးသတ်ဆေးဘူးများကို နှစ်စဉ်ဆေးဖြည့်ထားရန်လိုအပ်သည်။ ဝန်ထမ်းအားလုံးကိုလည်း မီးသတ်ဆေးဘူးကိုင်တွယ် အသုံးပြုနည်းသင်တန်းများ ပို့ချထားသင့်သည်။ အချို့သောရုံး၊ ဌာနများသည်  မီးသတ်ပစ္စည်းများကို  ဟန်ပြသက်သက် လောက်သာ  ထားရှိကြသဖြင့်  မီးဘေးအန္တရာယ်ကြုံတွေ့ရ သည့်အချိန်တွင်  ထိုပစ္စည်းများကို  ထိရောက်စွာ  ကိုင်တွယ် အသုံးမပြုနိုင်ကြတော့ပေ။  ထိုသို့ဖြစ်နေရခြင်းသည်  စိစစ်ကြပ်မတ်မှုအပိုင်းတွင် အားနည်းသောကြောင့်သာ  ဖြစ်သည်။

 

ရပ်ကွက်၊ ကျေးရွာများတွင်လည်း အိမ်တိုင်း ရေအိတ်၊ သဲအိတ်၊  မီးချိတ်၊  မီးကပ်၊  လှေကားစသည့်  မီးငြှိမ်းသတ် ရေးအထောက်အကူပစ္စည်းများကို လုံလောက်စွာထားသင့်သည်။ တတ်နိုင်ပါက ရပ်ကွက်လမ်းဆုံများတွင် အရန်ရေကန်ကြီးများ တည်ဆောက်ကာ ရေအပြည့်ဖြည့်ထားသင့်သည်။ ထို့အပြင် အိမ်တိုင်းတွင်  သဲများစုပုံထားသင့်သည်။   သစ်တော၊ သစ်ပင်များနှင့်နီးသော ရုံးများ၊  စက်ရုံများနှင့်  လူနေအိမ်များ၊  အဆောက်အအုံများ၏  ပတ်ပတ်လည်တွင်  မီးတားလမ်းများ  ကြိုတင်ရှင်းလင်းဖောက်လုပ်ထားသင့်သည်။  ထို့ အပြင်  ကျေးလက်ဒေသများတွင်လည်း  ထမင်းဟင်းချက်ရန် အတွက် မီးကျင်းများကို ခပ်နက်နက်တူးထားသင့်သည်။ အထူးသဖြင့် ထမင်း၊ ဟင်းကို သတ်မှတ်အချိန်တွင်သာ ချက်ပြုတ်စေပြီး မီးကြွင်းမီးကျန်များကိုလည်း စနစ်တကျ ငြှိမ်းသတ်စေသင့်သည်။

 

ကြိုတင်လေ့ကျင့်သင့်

 

မီးလောင်မှုဖြစ်စဉ် ကြုံတွေ့ချိန်မှသာဖြစ်သလို မီးငြှိမ်းသတ် သည်ထက် မီးငြှိမ်းသတ်နည်းများကို ရပ်ကွက်၊ ကျေးရွာအလိုက် ကြိုတင်လေ့ကျင့်ထားသင့်သည်။    မီးလောင်မှုဖြစ်ပွားချိန်တွင် မီးသတ်ကားများ ဝင်၊  ထွက်နိုင်အောင် လမ်းများရှင်းလင်းခြင်း၊ ရောဂါသည်များ၊ သက်ကြီးရွယ်အိုဘိုးဘွားများနှင့် ကလေးများကို ဦးစားပေးကယ်ဆယ်ရေးအတွက် စနစ်တကျ ကြိုတင်လေ့ကျင့် ထားသင့်သည်။  ထို့အပြင်ရပ်ကွက်၊  ကျေးရွာအလိုက်လည်း အရန်မီးသတ်တပ်ဖွဲ့များ စနစ်တကျဖွဲ့စည်းထားသင့်သည်။ ရပ်ကွက် မီးကင်းတဲများသည်        မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရာတွင်  အရေးပါသောအခန်းကဏ္ဍမှ  ပါဝင်လျက်ရှိ သည့်အပြင်  ရပ်ကွက်လုံခြုံရေးကိုလည်း များစွာအထောက်အကူ  ပြုနေပါသည်။

 

လမ်းများချဲ့ထားရန်လို

 

အချို့သောရပ်ကွက်၊ ကျေးရွာများတွင် လမ်းများကို စနစ်တကျဖောက်လုပ်ထားလေ့မရှိပေ။ မတော် လောဘတက်နေသူများသည် လမ်းပေါ်အထိ နယ်ချဲ့ကာ အိမ်များ အဖီဆွဲခြင်း၊ ဈေးဆိုင်များဆောက်ခြင်း၊ ခြံဝင်းခတ်ထားခြင်းများ လုပ်ထားလေ့ရှိ ကြသည်။ ထိုရပ်ကွက်၊ ကျေးရွာများတွင် မီးဘေးအန္တရာယ်ကြုံ တွေ့ရသည့်အခါ  မီးသတ်ကားများ၊  ကယ်ဆယ်ရေးယာဉ်များအချိန်မီဝင်ရောက်နိုင်ခြင်း မရှိတော့ပေ။ အကျိုးဆက်အနေဖြင့် တစ်ရပ်ကွက်လုံး၊ တစ်ရွာလုံးပြာကျသွားလေ့ရှိသည်။ ထို့အပြင် သက်ကြီးရွယ်အိုများနှင့်      ကလေးငယ်များကိုလည်း  အချိန်မီ ကယ်တင်နိုင်ခြင်း မရှိပေ။

 

လက်ရှိအချိန်တွင်  ကျေးလက်ဒေသများ၌ ပင်လျှင်  ရွာလမ်းမတစ်လျှောက်    ဘေး၊    ဘယ်ညာရှိ    အိမ်ရှင်များသည် လောဘတက်ပြီး လမ်းမြေကို အပြိုင်အဆိုင် ချဲ့ထွင်ယူလာလေ့ ရှိကြသည်။ မူလကလှည်းနှစ်စီး လွတ်ကင်းစွာ ရှောင်နိုင်သော ရွာလမ်းမသည်  လှည်းတစ်စီးပင်  ကျပ်ကျပ်တည်းတည်းဖြင့် မောင်းနေကြရတော့သည်။  ထိုကျေးရွာများတွင်  မီးဘေး အန္တရာယ်ကြုံတွေ့ရသည့်အခါ  မတော်လောဘကြောင့်  တစ်ရွာလုံး  ပြာကျသွားလေ့ရှိသည်။ ထို့အပြင်  အချို့သောရပ်ကွက်များရှိ လမ်းများသည်လည်း  လွန်စွာကျဉ်းမြောင်းသောကြောင့် မီးလောင်ရာနေရာသို့ မီးသတ်ကားများ အချိန်မီ ဝင်ရောက်နိုင် ခြင်း မရှိကြချေ။ ထို့ကြောင့် ရွာအဝင်လမ်းများ၊ ရပ်ကွက်လမ်းများကို  မီးသတ်ကားများ ဝင်၊  ထွက် သွားလာနိုင်သည်အထိ ချဲ့ထားသင့်ပေသည်။

 

လျှပ်စစ်ပစ္စည်းများကို စစ်ဆေးရန်လို

 

နွေရာသီရောက်ရှိချိန်တွင်  လျှပ်စစ်မီးရရှိသည့်ဒေသများ၌ငွေကြေးတတ်နိုင်သူများသည် အပူဒဏ်ကို  အန်တုရန်အတွက် အဲကွန်း၊  ပန်ကာ၊  ရေခဲသေတ္တာများကို  အချိန်ပြည့်  သုံးစွဲလာ ကြသည်။ ထိုသို့လျှပ်စစ်မီးကို လွန်ကဲစွာအသုံးပြုပါက ဝိုင်ယာကြိုးများ  ခံနိုင်ရည်မရှိသဖြင့်  အရည်ပျော်ပြီး  ရှော့ဖြစ်တတ် ပါသည်။ နှစ်စဉ်ဝိုင်ယာရှော့မှတစ်ဆင့် မီးလောင်ကျွမ်းမှုကြောင့် လူပေါင်းမြောက်မြားစွာ အိုးမဲ့အိမ်မဲ့  ဖြစ်ပေါ်လျက်ရှိသည်။  ထို့အပြင်  ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည်လည်း   လွန်စွာပင်များပြား လျက်ရှိသည်။

 

ထို့ကြောင့်နွေရာသီတွင် လျှပ်စစ်ဝိုင်ယာကြိုးများ၊ မီးပလတ်များ၊  ခလုတ်များ၊  ဖျူ့စ်များ၊  ဘရိတ်ကာများ စသည့်လျှပ်စစ် အထောက်အကူပြုပစ္စည်းများကို ကျွမ်းကျင်သူများနှင့် စစ်ဆေးပြီး လိုအပ်ပါက  အသစ်လဲလှယ်သင့်ပါသည်။

 

ငွေကုန်မည်ကို နှမြောပြီး လျှပ်စစ်ပစ္စည်းဟောင်းများကိုသာ ဆက်လက်သုံးစွဲ နေပါက  ဝိုင်ယာရှော့ဖြစ်ပြီး  မီးလောင်မှု  ဖြစ်ပွားနိုင်ပါသည်။  ထိုအချိန်တွင် တစ်အိမ်လုံးပြာကျသွားမည့်အပြင် ပေါ့ဆမှုကြောင့် တရားဥပဒေကြောင်းအရလည်း ထပ်မံအရေးယူခံရမည်ဖြစ် သည်။

 

ထို့အပြင် လုပ်ငန်းတာဝန်ဖြင့် အပြင်သို့သွားနေပါကလည်း လျှပ်စစ်မီးခလုတ်အားလုံးကို ပိတ်ထားသင့်ပါသည်။ တတ်နိုင်ပါက အဆောက်အအုံအတွင်းသို့ ဝင်သည့်ဘရိတ်ကာကို ချထား ခဲ့သင့်သည်။  အဝင်မီးခလုတ်အားလုံး    ပိတ်ထားမည်ဆိုလျှင် လုံးဝစိတ်ချနိုင်ပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လျှပ်စစ်မီးကို ပေါ့ပေါ့ဆဆမထားဘဲ သတိရှိရှိဖြင့် သုံးစွဲသွားရန်လိုအပ်ပေသည်။ မီးလောင်မှုဖြစ်ပွားခဲ့လျှင်လည်း ဆုံးရှုံးမှုနည်းအောင် ကြိုတင်စီမံထားသင့်ပါသည်။ အထူးသဖြင့် မီးသတ်တပ်ဖွဲ့ကို ချက်ချင်း အကြောင်းကြားရန်လိုသည်။ နွေရာသီတွင် ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မီးသတ်ကားများ လွယ်လင့်တကူဝင်၊ ထွက်နိုင်အောင် လမ်းကြောင်းများ ရှင်းထားသင့်ပါသည်။

 

နွေရာသီနှင့် မီးဘေးအန္တရာယ်

 

မည်သို့ပင်ဆိုစေကာမူ ပြည်သူများသည်  နွေ၊ မိုး၊ ဆောင်း ရာသီဥတုသုံးမျိုးအနက်  နွေရာသီကာလသည်  လူတိုင်းအတွက်  ခက်ခဲကြမ်းတမ်းသော  နေ့ရက်များပင်  ဖြစ်သည်။ နွေရာသီတွင် အပူရှိန်မြင့်တက်မှုဒဏ်ခံရခြင်း၊ သောက်သုံးရေ ရှားပါးခြင်း၊ လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်း  စသည့် ဘေးဒုက္ခပေါင်းစုံနှင့်  ကြုံတွေ့ရလေ့ရှိသည်။  အထူးသဖြင့် မီးဘေးအ္တရာယ် ကြုံတွေ့ရ ခြင်းပင်ဖြစ်သည်။ လူသားတို့၏ ပေါ့ဆမှုကြောင့် နှစ်စဉ်မီးလောင် ဆုံးရှုံးမှုတန်ဖိုးသည် လွန်စွာပင်  များပြားလျက်ရှိသည်။  ထိုမီးလောင်မှုကြောင့် အသက် ဆုံးရှုံးရသူများ၊ ဘဝပျက်သွားသော မိသားစုများလည်းရှိမည် ဖြစ်သည်။  အထူးသဖြင့်  ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်စဉ် အသက်စွန့်လွှတ်ခဲ့ရသည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဝင်များလည်း ရှိနေမည် ဖြစ်သည်။

 

ဆိုရလျှင်  မျက်မှောက်ကမ္ဘာကြီးတွင်  အစွန်းရောက် ရာသီဥတုကြောင့် လူသားတို့သည် သဘာဝဘေးအန္တရာယ်များကို  နှစ်စဉ်ပိုမိုကြုံတွေ့ခံစားနေကြရသည်။  ခပ်စိပ်စိပ်ဖြစ်ပေါ် လျက်ရှိသည့် သဘာဝဘေးအန္တရယ်များသည် လူသားတို့၏အသက်အိုးအိမ်စည်းစိမ်ဥစ္စာတို့ကို  ခြိမ်းခြောက်လာလျက်ရှိ သည်။  နှစ်စဉ်  မိုးကြီးခြင်း၊  ရေကြီး  ရေလျှံခြင်း၊  မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊   မြေငလျင်လှုပ်ခြင်း၊   ဆူနာမီလှိုင်း ကြီးများ  ရိုက်ခတ်ခြင်း၊  မိုးခေါင်ရေရှားခြင်း  စသည့်သဘာဝ ဘေးအန္တရာယ်များအပြင်      လူသားတို့၏  ပေါ့ဆမှုကြောင့် မီးဘေးအန္တရာယ်များကိုပါ ကြုံတွေ့ခံစားနေကြရသည်။

 

မြန်မာနိုင်ငံသည် သဘာဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ  ဆောင်ရွက်နေဆဲကာလဖြစ်သောကြောင့် ထိခိုက်ဆုံးရှုံးမှု များပြားနေဆဲပင်ဖြစ်သည်။ ထိုသဘာဝဘေး အန္တရာယ်အမျိုးမျိုးအနက် မီးဘေးအ္တရာယ်သည် ၇၀ ရာခိုင် နှုန်းခန့်ရှိနေသည်။  ထိုမီးဘေးအန္တရာယ်နှင့်  ရုတ်တရက် ကျရောက်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ထိရောက်စွာကြိုတင်တားဆီးကာကွယ်ရန်နှင့်  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို  အချိန်နှင့်တစ်ပြေးညီ  ထိရောက် လျင်မြန်စွာဆောင်ရွက်နိုင်ရန်အတွက် ၁၉၉၇ ခုနှစ် မီးသတ်တပ်ဖွဲ့ ဥပဒေကို  ရုပ်သိမ်း၍ ခေတ်စနစ်နှင့်ကိုက်ညီသော  မြန်မာနိုင်ငံ    မီးသတ်တပ်ဖွဲ့ ဥပဒေကို အသစ်ရေးဆွဲလျက် ၂၀၁၅ ခုနှစ် မတ်လ ၁၇ ရက်တွင်  ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။

 

ဆိုရလျှင် နွေရာသီရောက်ရှိချိန်တွင် မီးဘေးအန္တရာယ်ကို အများဆုံးကြုံတွေ့ရလေ့ရှိသည်။  ထို့ကြောင့် မီးဘေးအ္တရာယ်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ  ပြုလုပ်ထားသင့်ပါသည်။ အထူးသဖြင့် ရုံး၊ ဌာန၊ ကုမ္ပဏီများ၊  နေအိမ်၊ အဆောက်အအုံများတွင် မီးသတ် ဆေးဘူးများ၊ ရေ၊ သဲ၊ မီးချိတ်၊ မီးကတ်စသည့် မီးငြှိမ်းသတ်ရေး အထောက်အကူ ပစ္စည်းများကို   လုံလောက်စွာထားရှိသင့်သည်။   ထို့အပြင် မီးငြှိမ်းသတ် နည်းများကိုလည်း ရပ်ကွက်၊ ကျေးရွာအလိုက် ကြိုတင်ဇာတ်      တိုက်လေ့ကျင့်ထားသင့်သည်။   မီးသည်   “သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင်ရန်သူ” ၊ “လူခိုးလျှင် အစုတ်ကျန်၊  မီးခိုးလျှင်  အပြုတ်နှံ”  ဆိုသည့်စကားအတိုင်း မီးလောင်ခံရလျှင်  ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးရနိုင်သဖြင့်  နိုင်ငံသားတိုင်းသည်  မီးဘေးအန္တရာယ်ကို  အလေးထားကြိုတင် ကာကွယ်သွားနိုင်ကြပါစေ။ 

     

မောင်သောင်းဝင်း(တမန်ဟောင်း)