၂၂ ဧပြီ

 

ယီမင်စစ်ပွဲအတွင်း  အမေရိကန်ပါဝင်ပတ်သက်မှုကို  အဆုံးသတ်ဖို့  ကွန်ဂရက် လွှတ်တော်ရဲ့ ဥပဒေမူကြမ်းကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဗီတိုအာဏာနဲ့ ပယ်ချလိုက်တာဟာ    စစ်ပွဲအတွင်းမှာ    အမေရိကန်ကအရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာကို သက်သေထူလိုက်တာဖြစ်တယ်လို့ ယီမင်နိုင်ငံရေးကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။

 

ပိုပြီးရှည်ကြာမယ့်သဘောလား

 

ထရမ့်ရဲ့  ဗီတိ်ုအာဏာက  ဆော်ဒီဦးဆောင်တဲ့  ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အတွင်းမှာ အမေရိကန်ရဲ့ အရေးပါ အရာရောက်မှုကို ပြသရုံသာမက ယီမင်စစ်ပွဲကို ပိုပြီးကြာရှည်အောင် လုပ်ချင်လုပ်သွားမယ့် သဘောရှိတယ်လို့ ၄င်းတို့က ဝေဖန်သုံး သပ်လိုက်တာဖြစ်ပါတယ်။   လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း နဲ့  ရင်ဆိုင်နေရချိန်မှာ  ထရမ့်အစိုးရအဖွဲ့ဟာ  ယီမင်မှာဖြစ်ပွားနေတဲ့  ထိုးစစ်ဆင် တိုက်ပွဲတွေ ရပ်တန့်သွားအောင် သို့မဟုတ် စစ်ပွဲကိုဒီထက်ပိုကြာအောင် လုပ် မလုပ် ဆိုတာကို  ဆုံးဖြတ်ရာမှာ  စင်ပေါ်ကရှိနေတယ်ဆိုတဲ့  အနေအထားမျိုးဖြစ်တယ်လို့  မှတ်ချက်ချရမှာဖြစ်ပါတယ်။

 

ဆီးနိတ်လွှတ်တော်ကိုအပြစ်ဆိုခဲ့

 

ပြီးခဲ့တဲ့အင်္ဂါနေ့က ထရမ့်ဟာ ထုတ်ပြန်ချက်တစ်စောင်ကို ဆီးနိတ်လွှတ်တော်ဆီ ပေးပို့လိုက်ပြီး ကွန်ဂရက်လွှတ်တော်ရဲ့  ဥပဒေမူကြမ်းကို မလိုအပ်တဲ့အရာတစ်ခု ဖြစ်တယ်။ ၄င်းရဲ့ ဖွဲ့စည်းပုံဆိုင်ရာလုပ်ပိုင်ခွင့်အာဏာကို အားနည်းဆုတ်ယုတ်သွားအောင်    လုပ်ဆောင်လိုတဲ့   အန္တရာယ်ရှိတဲ့ ကြိုးပမ်းမှုတစ်ခုဖြစ်ပြီး  အမေရိကန်နိုင်ငံသားတွေ  ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့  နိုင်ငံ့အမှုထမ်းတွေရဲ့  ဘဝတွေကို  ထိပါးနေ တယ်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။

 

ဖော်ပြပါ ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့လက ဆီးနိတ်လွှတ်တော်မှာ  ၅၄ မဲ၊ ၄၆ မဲနဲ့ အတည်ပြုခဲ့ပြီး ယခုလအစောပိုင်းအောက်လွှတ်တော်မှာ ၂၄၇ မဲ၊ ၁၇၅ မဲနဲ့ အတည်ပြုကာ အယ်လ်ခိုင်ဒါစစ်သွေးြွကအဖွဲ့ကိုမတိုက်ခိုက်ဘဲ ရက်ပေါင်း ၃၀ အတွင်း ယီမင်စစ်ပွဲကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ဖယ်ထုတ်လိုက်ဖို့ သမ္မတကိုညွှန်ကြားလာ ပါတယ်။ ဒါကို သမ္မတထရမ့်က ဗီတိုအာဏာနဲ့ ပယ်ချလိုက်တာပါ။

 

စစ်ပွဲကိုဦးဆောင်နေ

 

ဆာနားမြို့မှာ  အခြေစိုက်နေထိုင်လျက်ရှိတဲ့  နိုင်ငံရေးကျွမ်းကျင်သူစာရေးဆရာအာမက်နာဆာအက်ရှာရစ်ဖ်က  ထရမ့်ရဲ့ဗီတိုအာဏာက  လက်ရှိအမေရိကန် အစိုးရအဖွဲ့ဟာ    ယီမင်နိုင်ငံအတွင်းမှာ    ၄င်းရဲ့    လက်နက်ပစ္စည်းတွေနဲ့    စစ်ပွဲကို ဦးဆောင်နေတယ်ဆိုတာကို ပြသလိုက်တဲ့ ထင်ရှားတဲ့ အထောက်အထားတစ်ခုပဲလို့ ဆင်ဟွာသို့  ပြောကြားခဲ့ပါတယ်။  ထိုးစစ်ဆင်နွှဲဖို့ကြေညာချက်ဟာ  လွန်ခဲ့တဲ့ သုံးနှစ်အကြာက ဝါရှင်တန်ကနေပဲ လာခဲ့တာမို့ ဒီစစ်ပွဲကိုအဆုံးသတ်ဖို့ ဆုံးဖြတ်ချက်ဟာလည်း တစ်နေ့မှာ ဝါရှင်တန်ဆီကနေပဲ ကျိန်းသေလာလိမ့်မယ်လို့  ဆာနားမှာ အခြေစိုက်နေထိုင်တဲ့ ကျွမ်းကျင်သူက ဆိုပါတယ်။

 

စစ်ပွဲကိုအသုံးချမလား

 

အမေရိကန်အစိုးရအဖွဲ့ဟာ  ကြွယ်ဝချမ်းသာတဲ့ပင်လယ်ကွေ့နိုင်ငံတွေ၊ အထူးသဖြင့် ဆော်ဒီအာရေဗျနဲ့  အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ဆီက ငွေညှစ်ဖို့နဲ့  အဲဒီနိုင်ငံတွေဆီက    ကြွယ်ဝမှုတွေကို  မရမကအတင်းယူဖို့အတွက် ယီမင်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲကို ဆက်ပြီးအသုံးချလိမ့်မယ်လို့ ၄င်းက ဆိုပါတယ်။

 

အက်ရှာရစ်ဖ်ရဲ့ပြောပုံအရ လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ်ဟာ လာမယ့်အနာဂတ် မှာလည်း အဆုံးသတ်ဖို့ လမ်းမမြင်ဘူး။ ဘာကြောင့်လဲဆိုတော့  ယီမင်ပြည်သူတွေ အသတ်ခံနေရပြီး ယီမင်အခြေခံအဆောက်အအုံတွေ      ဖျက်ဆီးခံနေရပေမယ့် ထရမ့်ဟာ ၄င်းရဲ့ အကြံအစည်တွေပြည့်မြောက်ဖို့ လိုလားနေပြီး နှစ်တွေကြာအောင် ယီမင်စစ်ပွဲ အမှန်တကယ်ပြီးဆုံးသွားစေချင်တဲ့ဆန္ဒမရှိဘူး။ ထရမ့်ရဲ့ ဗီတိုအာဏာက အချေအတင် ဖြစ်ပွားမှုတွေဆီ ဆက်လက်ပြီးဦးတည်နေဦးမယ့်သဘော ရှိနေသလို  ယီမင်ရဲ့ အကျိုးစီးပွားအတွက် ကောင်းသောအကျိုးသက်ရောက်မှုတစ်ခု ရှိကောင်း ရှိလာနိုင်စေမယ့်  ကွန်ဂရက်လွှတ်တော်နဲ့  အမေရိကန်သမ္မတအစိုးရအဖွဲ့အကြား  သွယ်ဝိုက်ဂယက်ရိုက် ခတ်မှုအချို့ ရှိလာနိုင်တယ်လို့ ၄င်းက ထင်မြင်ယူဆလျက်ရှိပါတယ်။

 

ငြိမ်းချမ်းရေးဖြစ်စဉ်ကိုထိခိုက်စရာမရှိ

 

အခြားတစ်ဖက်မှာလည်း  ယီမင်လေ့လာသူအချို့က  ထရမ့်ရဲ့ဗီတိုအာဏာဟာ ယီမင်အစိုးရတပ်ဖွဲ့ဝင်တွေနဲ့  ဟူသီတိုက်ခိုက်ရေးသမားတွေအကြား  ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ထိခိုက်စေမှာမဟုတ်ဘူးလို့ ဆိုနေပါတယ်။ ယီမင်ပဋိပက္ခကို တိုက်ရိုက် အားဖြင့်သော်လည်းကောင်း မြန်မြန်ဆန်ဆန် သက်ရောက်မှု မရှိနိုင်ဘူး။ ကုလ သမဂ္ဂက ကြားဝင်အာမခံထားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း   ထိခိုက်စရာမရှိ လောက်ဘူးလို့ ယုံကြည်လျက်ရှိပါတယ်။

 

အကျိုးစီးပွားကာကွယ်ဖို့

 

တကယ်တော့ သမ္မတထရမ့်က ဗီတိုအာဏာကို သုံးလိုက်တယ်ဆိုတာ ယူအေ အီးနဲ့  ဆော်ဒီအာရေဗျနိုင်ငံတွေနဲ့  ဆက်ဆံမှုကနေရရှိနေတဲ့  နိုင်ငံရဲ့  အကျိုးအမြတ်ကို  ကာကွယ်ရုံသက်သက်ပဲဖြစ်တယ်။  ပြီးတော့ဒါက  အဲဒီဒေသအရေးမှာ  အလုံးစုံ စီမံခန့်ခွဲဖို့  စီစဉ်ထားရှိမှုတွေနဲ့လည်း ဆက်နွှယ်နေတယ်လို့    ဆိုပါတယ်။  ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ယီမင်ရှိဆော်ဒီ    ကျောထောက်နောက်ခံပေးထားတဲ့    အစိုးရအဖွဲ့ဟာ ထရမ့်ရဲ့ ဗီတိုအာဏာသုံးမှုကို ကြိုဆိုလိုက်ပြီး ဒီအချက်က အမေရိကန်ပြည်ထောင်စုဟာ  ငြိမ်းချမ်းရေးနဲ့  လုံခြုံရေးကိုထိန်းသိမ်းဖို့  ယီမင်ပြည်သူတွေနဲ့အတူ  လုပ်ဖော်ကိုင်ဖက်အဖြစ်  အတူလုပ်ဆောင်သွားမှာဖြစ်သလို ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက် သွားမယ်ဆိုတာကို  အခိုင်အမာပြသလိုက်တာပဲလို့ ဖော်ကျူးခဲ့ပါတယ်။

 

ရှေ့တန်းစစ်မြေပြင်တစ်ခုဖြစ်နေ

 

ဆော်ဒီကျောထောက်နောက်ခံပေးထားတဲ့ အစိုးရအဖွဲ့ကဖော်ပြခဲ့တဲ့ ထုတ်ပြန် ချက်ထဲမှာ ယီမင်ဟာအခုဆိုရင် အီရန်ရဲ့ ရန်စကျူးကျော်မှုနဲ့ ကမ္ဘာလုံးဆိုင်ရာအကြမ်း ဖက်မှုတွေ ပြန့်ပွားလာနေတာကို ဖြိုခွင်းတဲ့ ရှေ့တန်းစစ်မြေပြင်တစ်ခုသဖွယ် ဖြစ်နေ တယ်လို့  ဆိုထားပါတယ်။  ယီမင်ရှိ  ဟူသီသူပုန်အဖွဲ့ကတော့  ထရမ့်ရဲ့  ဗီတိုအာဏာ သုံးမှုအပေါ်    ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချလိုက်ပြီး  အမေရိကန်ပြည်ထောင်စုဟာယီမင်အပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်းမှာ  ပါဝင်ပတ်သက်နေရုံတင်မကဘူး၊ စစ်ပွဲဖြစ်ပွားစေဖို့   ဆုံးဖြတ်ချက်ချတဲ့သူလည်းဖြစ်တယ်။  တခြားသူတွေကလည်း ၄င်းရဲ့ဆုံးဖြတ်ချက်အတိုင်း လိုက်နာကြတယ်လို့  တွစ်တာပေါ်မှာရေးသားခဲ့ပါတယ်။

 

ပြည်သူတွေခြေကုန်လက်ပန်းကျပြီ

 

ဆော်ဒီဦးဆောင်တဲ့  မဟာမိတ်အဖွဲ့ရဲ့   အဓိကမိတ်ဖက်ဖြစ်တဲ့ ယူအေအီးက ကွန်ဂရက်လွှတ်တော်ရဲ့   ဥပဒေမူကြမ်းကို  ထရမ့်ဗီတိုအာဏာနဲ့ ပယ်ချလိုက်တာနဲ့ ပတ်သက်ပြီး လက်ခံကြိုဆိုခဲ့ပါတယ်။ ယီမင်ရှိ သူပုန်အဖွဲ့ထိန်းချုပ်ထားတဲ့ မြောက်ပိုင်း မှာတော့ အချိန်ကြာမြင့်စွာ ဖြစ်ပွားနေတဲ့စစ်ပွဲကြောင့်  ပြည်သူတွေဟာ စိတ်ပျက် လက်ပျက်နဲ့ ခြေကုန်လက်ပန်းကျနေသလို စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုတွေက ဒေသခံ ပြည်သူတွေရဲ့ နာကျင်မှုတွေကို ပိုပြီးနက်ရှိုင်းလာစေခဲ့ပြီဖြစ်ပါတယ်။

 

ဆော်ဒီဦးဆောင်တဲ့ စစ်ဘက်မဟာမိတ်အဖွဲ့နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)ဟာဆိုရင်  ယီမင်စစ်ပွဲအတွင်းမှာ  ကြားဝင်စွက်ဖက်နေခဲ့တာ  ၂၀၁၅ ခုနှစ်  မတ်လကတည်းက  ဖြစ်ပါတယ်။  ဟူသီသူပုန်တွေက  ယီမင်သမ္မတ  အဗ္ဗဒူလ် ရာဘူလ်မန်ဆောဟာဒီကို နှင်ထုတ်လိုက်ပြီး မြို့တော်ဆာနားအပါအဝင် နိုင်ငံမြောက်ပိုင်း နယ်နိမိတ်အများစုကို သိမ်းယူလိုက်ပြီးနောက်မှာ ပြည်ပြေးသမ္မတမန်ဆောဟာ ဒီကိုအကူအညီပေးဖို့ ဆော်ဒီနဲ့ယူအေအီးတို့ စစ်ပွဲအတွင်း စပြီးကြားဝင်လာခဲ့တာ ဖြစ်ပါတယ်။

 

ပြည်တွင်းစစ်ပြီးဆုံးဖို့ မျှော်လင့်ချက်

 

ကုလသမဂ္ဂအဖွဲ့ ကြီးကတော့ ဟာဒီအစိုးရအဖွဲ့နဲ့ ဟူသီသူပုန်တွေအကြား ငြိမ်း ချမ်းရေးသဘောတူညီမှုတစ်ရပ်ရရှိဖို့အရေး    အားသွန်ခွန်စိုက်လုပ်ဆောင်နေပြီး လေးနှစ်ကြာ ပြည်တွင်းစစ် အဆုံးသတ်ဖို့  မျှော်လင့်ချက်တစ်ခုအနေနဲ့ တွေ့ရပါတယ်။ပြည်တွင်းစစ်ကြီးကတော့ ယီမင်ပြည်သူသန်း ၂၀ ကို အငတ်ဘေးဆိုက်စေခဲ့ပြီပဲဖြစ် ပါတယ်။

 

ကိုးကား- ဆင်ဟွာ

ကလျာမိုးမြင့်