ဝန်းသို ၂၂ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ပန်းညိုကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်သော ရွာတွင်း သဲကျောက် လမ်းခင်းခြင်းလုပ်ငန်း၊ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော တစ်အိမ်သုံး ဆိုလာစနစ်(SHS) မီးလင်းရေး လုပ်ငန်းဖွင့်ပွဲနှင့် ကျေးရွာလူထုအခြေပြု စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် ဟောပြောပွဲ အခမ်းအနားကို ဧပြီ ၂၁ ရက်နံနက် ၉ နာရီက အဆိုပါကျေးရွာ၌ ကျင်းပသည်။
ရှေးဦးစွာ (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်သော ရွာတွင်း သဲကျောက်လမ်းခင်းခြင်း လုပ်ငန်းကို အဆိုပါ လမ်းမုခ်ဦး၌ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုန်နှင့် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတိုးကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ အခမ်းအနားကို အဆိုပါ ကျေးရွာရှိ စာသင်ကျောင်း၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုန်တို့က အမှာစကား ပြောကြားပြီး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတိုးကြည်က ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များကိုလည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် နမ်းခမ်းတိုက်နယ် ဆရာဝန် ဒေါက်တာ သိန်းသန်းဝင်းတို့က ကျေးရွာလူထုအခြေပြု စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အသိပညာများ၊ ပတ်ဝန်းကျင် မသန့်ရှင်းမှုကြောင့် ဖြစ်တတ်သော ရောဂါများနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး အကြောင်းများကို ရှင်းလင်း ပြောကြားခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်မှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသူများ အပါအဝင် စုစုပေါင်းဦးရေ ၂၀ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ငါန်းဇွန်)


