ပွင့်ဖြူ ၂၂ ဧပြီ     

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧပြီ ၁၉ ရက်နေ့က တိုက်ခတ်ခဲ့သည့် လေပြင်းအရှိန်ကြောင့် လူနေအိမ်ခြောက်လုံး ထိခိုက်ပျက်စီးမှုအတွက် လေဘေးသင့်ပြည်သူများထံ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ပွင့်ဖြူမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက ရာသီဥတု ဖောက်ပြန်မှုကြောင့် နိုင်ငံတစ်ဝန်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလျက်ရှိနေကာ နိုင်ငံတော်အစိုးရမှ ပြည်သူများ ကြုံတွေ့ခံစားရသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခက်အခဲများ ပြေလျော့သက်သာစေရေးအတွက် တတ်အားသရွေ့ ကူညီထောက်ပံ့မှုများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အချိန်အခါမရွေး ကြုံတွေ့လာနိုင်သည့် ရေဘေး၊ မီးဘေး၊ လေဘေးနှင့် အခြား မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များကြောင့် လူနှင့် တိရစ္ဆာန်၊ လူနေအိမ် အဆောက်အအုံများ ထိခိုက်ပျက်စီးမှု လျော့နည်းကျဆင်းရေးအတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီမံဆောင်ရွက်ထားရှိရန်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

 

ထို့နောက် လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာနှင့် မကြီးရုံကျေးရွာတွင် လူနေအိမ်ခြောက်လုံး ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စု ၆ စုမှ လေဘေးသင့် ပြည်သူများထံ မကွေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများအား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀ဝ၀ဝ နှင့် ကယ်ဆယ်ရေးပစ္စည်း ၉ မျိုးတို့အား ပွင့်ဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)

 

DDG