၂၃ ဧပြီ
ဘရာဇီးနိုင်ငံရှိ ရီယို ဒီ ဂျီးနေးရို အနောက်ပိုင်းတွင် လူနေအဆောက်အအုံ နှစ်လုံး ပြိုကျရာမှ သေဆုံးသူ ၂၄ ဦး ထိတိုးလာကြောင်း ဒေသအာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။
အဆိုပါ အဆောက်အအုံ ပြိုကျမှုတွင် နောက်ဆုံးသေဆုံးသူဖြစ်သည့် အသက်၃၅ နှစ်အရွယ် အေဒယ်လ်မာ ရိုဒီဂူစ် ကို အပျက်အစီးများမှ အသက်ရှင်လျက် ကယ်ဆယ်ခဲ့သော်လည်း ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း နှင့် သူ၏ ခင်ပွန်းမှာ သေဆုံးခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ၁၀ နှစ်အရွယ် သမီးဖြစ်သူမှာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း သိရသည်။
ထို ပြိုကျခဲ့သော အဆောက်အအုံမှ ပျောက်ဆုံးနေသူကို ရှာဖွေကယ်ဆယ်ခဲ့ရာ သေဆုံးသူ ၂၄ ဦး ရှိပြီး ကိုးဦးမှာ အသက် နှစ်နှစ် မှ ၁၅ နှစ်အရွယ်ရှိ အရွယ်မရောက်သေးသူများ ဖြစ်ကြောင်း ဖော်ပြထားသည်။
ရဲတပ်ဖွဲ့က ယင်းပြိုကျအဆောက်အအုံများ တည်ဆောက်ရာတွင် တာဝန်ရှိသူဟု ယူဆရသူ သုံးဦးကို ဖမ်းဝရမ်းထုတ်ပေးခဲ့ကြောင်း သိရသည်။
ရှာဖွေရေးနှင့် ကယ်ဆယ်ရေးများ လုပ်ဆောင်ပြီးနောက် ရီယို စည်ပင်သာယာ အဖွဲ့က ဆင်ခြေဖုံးရှိ ခွင့်ပြုချက်မရပဲ ဆောက်လုပ်ထားသော အဆောက်အအုံ ၁၆ လုံးကို ဖြိုချရန် စီစဉ်ထားကြောင်း ဖော်ပြထားသည်။
ဘာသာပြန် - မြင့်မြင့်ချို
ကိုးကား-ဆင်ဟွာ