၂၃ ဧပြီ
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဥရောပနှင့် မြောက်အမေရိကသို့ ခရီးစဉ်ပထမခြေလှမ်းဖြစ်သည့် ပြင်သစ်နိုင်ငံ သို့ရောက်ရှိခဲ့ပြီး ပဲရစ်မြို့ သမ္မတအိမ်တော်တွင် ပြင်သစ်သမ္မတ အီမန်နျူရယ် မာခရွန်နှင့် အင်္ဂါနေ့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံတွင် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို ဇွန်လမှာလက်ခံကျင်းပမည်ဖြစ်ပြီး ထိုအစည်းအဝေး အစီအစဉ်နှင့် ပတ်သက်၍ ရှင်ဇိုအာဘေး သည် နိုင်ငံခေါင်းဆောင်များနှင့် ဆွေးနွေးဖွယ်ရှိသည်ဟု ဖော်ပြထားသည်။
အဆိုပါ အစည်းအဝေးတွင် လွတ်လပ်သောကုန်သွယ်မှုမြှင့်တင်ရေးနှင့် သမုဒ္ဒရာများအတွင်းရှိ စွန့်ပစ်ပလတ်စတစ် ကိစ္စဖြေရှင်း ရေး စသည့်အချက်များ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
ရှင်ဇိုအာဘေး က ဂျပန်နိုင်ငံနှင့် ပြင်သစ် နိုင်ငံတို့သည် ဂျီ -၂၀ ထိပ်သီးအစည်းအဝေး အောင်မြင်မှုရရှိရန် အတူလုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ခဲ့သည်။
ပြင်သစ်နိုင်ငံတွင် ဂျီ - ၇ ထိပ်သီးအစည်းအဝေး ကို ယခုနှစ် သြဂုတ်လတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရှင်ဇိုအာဘေးသည် ပြင်သစ်နိုင်ငံ သို့သွားရောက်ပြီးနောက် အီတလီ၊ ဆလိုဗက်ကီယား၊ ဘယ်လ်ဂျီယမ်၊ အမေရိကန် နှင့် ကနေဒါ နိုင်ငံများသို့ သွားရောက်ရန် စီစဉ်ထားကြောင်း ဖော်ပြထားသည်။
ဘာသာပြန် - မြင့်မြင့်ချို
ကိုးကား- အန်အိတ်ချ်ကေ