၂၃ ဧပြီ

 

မြန်မာ့လက်ရွေးစင်အသင်းနှင့် စင်ကာပူ လက်ရွေးစင်အသင်းသည် စင်ကာပူနိုင်ငံ၌ ခြေစမ်းပွဲကစားရန် နှစ်ဖက်ဘောလုံး အဖွဲ့ချုပ် သဘောတူညီမှုရခဲ့သည်။ ယင်းခြေစမ်းပွဲကို ဇွန် ၁၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။

 

7033

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဖီဖာမှသတ်မှတ်ထားသည့် နိုင်ငံတကာရက်သတ္တပတ်တွင် ခြေစမ်းပွဲကစားရန် အသင်းများ ဖိတ်ကြားလျက်ရှိပြီး လက်ရှိတွင် စင်ကာပူလက်ရွေးစင်အသင်းနှင့် သဘောတူညီမှုရခဲ့ခြင်း ဖြစ်သည်။

 

မြန်မာအသင်းနှင့် စင်ကာပူလက်ရွေးစင်အသင်းသည် ယခုနောက်ပိုင်းနှစ်များတွင် နိုင်ငံတကာပြိုင်ပွဲများ၌ တွေ့ဆုံမှုနည်းပါးပြီး ဖိတ်ခေါ်ပြိုင်ပွဲနှင့် ခြေစမ်းပွဲများတွင် ၂၀၁၆ ခုနှစ်၌ နှစ်ပွဲ၊ ၂၀၁၇ ခုနှစ်၌ တစ်ပွဲတွေ့ဆုံခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်မူ တွေ့ဆုံခဲ့ခြင်းမရှိဘဲ ယခုနှစ်မှသာ ပြန်လည်ကစားခြင်း ဖြစ်သည်။

 

၂၀၁၆ ခုနှစ် မတ်လက စင်ကာပူနိုင်ငံ၌ ကစားခဲ့သည့် ခြေစမ်းပွဲတွင် စင်ကာပူအသင်းက နှစ်ဂိုး-တစ်ဂိုး၊ ဇွန်လတွင် ရန်ကုန်မြို့၌ ကျင်းပသည့် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲတွင် တစ်ဂိုး-ဂိုးမရှိတို့ဖြင့် နှစ်ပွဲစလုံး အနိုင်ရခဲ့သည်။

 

၂၀၁၇ ခုနှစ် ဇွန်လတွင် စင်ကာပူနိုင်ငံ၌ကစားသည့် ခြေစမ်းပွဲတွင်မူ တစ်ဂိုးစီသရေကျခဲ့သည်။ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် ဇွန်လတွင် မြန်မာ့လက်ရွေးစင်အသင်း နောက်ထပ်ခြေစမ်းပွဲတစ်ပွဲ ကစားခွင့်ရရန် ကြိုးပမ်းလျက်ရှိပြီး ဇွန်ပထမပတ်တွင် ကစားမည့် ခြေစမ်းပွဲအတွက် အသင်းညှိနှိုင်းလျက်ရှိသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယင်းခြေစမ်းပွဲအတွက် လက်ဘနွန် လက်ရွေးစင်အသင်းနှင့် ညိနှိုင်းလျက်ရှိသည်။

 

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ် ရာဒူလိုဗစ်မှာလည်း စက်တင်ဘာတွင် ကစားရမည့် ကမ္ဘာ့ဖလားနှင့် အာရှဖလား ခြေစစ်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများ ဆက်တိုက်ကစားခွင့်ရရန် တောင်းဆိုထားပြီး ဇွန်လတွင် ခြေစမ်းပွဲနှစ်ပွဲ ကစားခွင့်ရရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ တင်ပြထားသည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် မတ်လက နိုင်ငံတကာ ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ရာ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့ပြီး ယင်းနှစ်ပွဲကို ယာယီနည်းပြ ဦးမျိ်ုးမင်းထွန်းက ကိုင်တွယ်ခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်