MDN

ထွန်းသစ်စ - ရေးသားသည်

 

ကမ္ဘာမြေနေ့ကို ကျင်းပခဲ့တာ မကြာသေးပါဘူး။ ဆိုးရွားလာတဲ့အခြေအနေတွေ ကြုံတွေ့လာရတာ၊ ရှားပါး မျိုးစိတ်တွေ ပျောက်ကွယ်သွားတာ၊ တချို့ မျိုးစိတ်တွေ မရှိတော့တာ။ သစ်တောတွေ ပြုန်းတီးလာတာ၊ ရာသီ ဥတုဖောက်ပြန်မှုတွေ ဖြစ်ပေါ်လာတာ၊ ကာဗွန်ဒိုင်အောက်ဆိုက်စတဲ့ အလားတူဓာတ်ငွေ့ထုတ်လွှတ်မှုတွေ မြင့်တက်လာတာစတဲ့ အလုံးစုံသော အခြေအနေတွေကို လျှော့ချစေဖို့ ရည်ရွယ်ပြီး ထိုနေ့ကိုကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့လေထုအတွင်း အပူချိန်ကိုမြင့်တက်စေတဲ့ အဓိကအကြောင်းရင်းတစ်ချက်ကတော့ ကာဗွန်ဒိုင်အောက်ဆိုက်စတဲ့ အလားတူ ဓာတ်ငွေ့တွေရဲ့ ပမာဏဟာ စံချိန်သစ်တင်မြင့်တက်လျက် ရှိတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီလိုမျိုးသာ ဆက်လက်မြင့်တက်နေမယ်ဆိုပါက ကမ္ဘာကြီးမှာ မှီတင်းနေထိုင်တဲ့ ကမ္ဘာ့လူသားတွေအနေနဲ့ ပိုပူတဲ့အခြေအနေကို ရင်ဆိုင်ရနိုင်ပြီး အခက်တွေ့ရ ချည်ရဲ့ဆိုပြီးတော့လည်း ကျွမ်းကျင်ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

 

လေးစားလိုက်နာ

 

ပိုလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရာသီဥတုဆိုင်ရာ ညီလာခံ(COP 24) မတိုင်မီ သက်ဆိုင်ရာအစိုးရတွေအနေနဲ့ လေထုရဲ့ အပူချိန်ကိုမြင့်တက်စေတဲ့ကာဗွန်ဒိုင်အောက်ဆိုက်စတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂ ဒီဂရီ ဆဲလ်စီး ယက်စ်ထက် လျှော့ချသတ်မှတ်ရေးလိုက်နာဆောင်ရွက်ဖို့အတွက် ကုလသမဂ္ဂထိပ်တန်းအရာရှိတွေက တစ်ခုခု ကြိုးစား လုပ်ဆောင်ကြရမှာပဲဖြစ်ပါတယ်။ ဒါမှလည်း ၂၀၁၅ ခုနှစ် ပါရီ သဘောတူညီချက်ကို လေးစား လိုက်နာရာရောက်မှာပဲ ဖြစ်ပါတယ်။

 

ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေနဲ့အခြား ဖန်လုံအိမ် သဘာဝ ဓာတ်ငွေ့တွေကိုလျင်မြန်စွာ လျှော့ချဖြတ်တောက်မှု မလုပ်ဘူးဆိုရင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေဟာ အခုထက် ပိုဆိုးလာပြီး ကမ္ဘာကြီးမှာ မှီတင်း နေထိုင်ကြတဲ့ လူသားတွေအပြင် အားလုံးသော သက်ရှိတွေ အတွက် ဆိုးကျိုးများလျင်မြန်စွာ ဖြစ်ပေါ်လာစေနိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသ အဖွဲ့ကြီးမှ ခေါင်းဆောင်ဖြစ်သူ ပက်တာရီတာလက်စ်က ကြေညာချက်မှာပြောခဲ့ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေနဲ့ အခြား ဖန်လုံအိမ် သဘာဝဓာတ်ငွေ့တွေကိုလျင်မြန်စွာ လျှော့ချဖြတ်တောက်ဖို့ အခွင့်အရေး တံခါးပေါက်တွေဟာ ပိတ်လုနီးပါးဖြစ်နေတယ်လို့လည်း သူကဆက်လက်ပြောခဲ့ပါတယ်။

 

ရပ်တန့်သွားနိုင်

 

ထို့အပြင် ပါရီ သဘောတူညီချက်တွေကိုအကောင်အထည်မဖော်နိုင်ပါက တစ်ကမ္ဘာလုံး၊ ဂေဟစနစ်အားလုံး၊ လူသားတွေအားလုံးနဲ့အသက်ရှင်နေထိုင်မှုပုံစံအားလုံး လုံးဝရပ်တန့်သွားနိုင်ကြောင်း မီရှဲယ်ဘာချလတ်က ဆက်လက်ပြောခဲ့တယ်။

 

ပါရီညီလာခံမှ ထွက်ခွာသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရဟာ ရာသီဥတု ဆိုင်ရာ ပြောင်းလဲမှု ဖြစ်စဉ်တွေအပေါ် ယုံကြည်မှုနည်းနေ သလိုပါပဲ။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များဟာ အမေရိကန် ခေါင်းဆောင်ပိုင်းကိုတော့ တိုက်ရိုက်စိန်ခေါ်မှုရှိမှာမဟုတ်ပါဘူးလို့ ကမ္ဘာ့မိုးလေဝသ အဖွဲ့ကြီးမှ ဒုတိယ ခေါင်းဆောင်ဖြစ်သူ အယ်လ်လီနာ မနန်ကိုဗာက ပြောပါတယ်။

 

COP 24 ညီလာခံမတိုင်မီ နိုင်ငံအားလုံးသို့ပေးပို့ထားတဲ့ အိတ်ဖွင့်ပေးစာမှာ အကယ်၍ ကမ္ဘာကြီးအနေနဲ့ အပူချိန် မြင့်မားမှုကို ထိန်းသိမ်းမှုမရှိဘူးဆိုပါက ရုတ်တရက်ကျရောက်တဲ့ သဘာဝကပ်ဆိုးကြီးတွေနဲ့ ရင်ဆိုင်ရနိုင် ကြောင်း ကုလသမဂ္ဂအခွင့်အရေးကောင်စီမှ အကြီးအကဲဖြစ်သူ မီရှဲယ်ဘာချလတ်က ပြောခဲ့ပါတယ်။ ကုလသမဂ္ဂရာ သီဥတုအေဂျင်စီရဲ့ နှစ်စဉ်ဖန်လုံအိမ်သဘာဝဓာတ်ငွေ့ ထုတ်ပြန်ချက်မှာ လေထုထဲ အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ငွေ့ပါဝင်မှုဟာ လွန်ခဲ့တဲ့ ၁၇၅၀ ပြည့်နှစ်ကတည်းက စတင်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြ ခဲ့ပါတယ်။

 

တဖြည်းဖြည်းများပြား

 

လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ် ဖြစ်စဉ်ကို အခြေခံပြီး တွက်ချက်ထားတဲ့ ၂၀၁၈ ဖန်လုံအိမ်သဘာဝ ဓာတ်ငွေ့ ထုတ်ပြန်ချက်မှာ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှုဟာ ၄၀၅ ဒသမ ၅ ပီပီအမ် ပါဝင်နေပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ အခု၂၀၁၉ ခုနှစ်မှာ ကျိန်းသေတာကတော့ ၂၀၁၈ ခုနှစ်ထက် ပိုပိုများပြားလာမယ် ဆိုတာပဲဖြစ်ပါတယ်။

 

ဒါဟာ ၂၀၁၅ ခုနှစ်မှာ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှုဟာ ၄၀၁ ဒသမ ၁ ပီပီအမ်မှသည် ၂၀၁၆ခုနှစ်မှာ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှုဟာ ၄၀၃ ဒသမ ၃ ပီပီအမ် အထိရောက်ရှိ လာပါတယ်။ တစ်နှစ်ထက်တစ်နှစ်လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှု တဖြည်းဖြည်းများပြား လာတာကို တွေ့ရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃သန်းမှ ၅ သန်း လောက်ကတော့ ကမ္ဘာကြီးမှာ ကာဗွန်ဒိုင်အောက် ဆိုက်ပါဝင်မှု အနည်းအကျဉ်းလောက်ရှိခဲ့ပြီး အပူချိန်ဟာ ၂ ဒီဂရီ ဆဲစီးယက်စ်မှ ၃ ဒီဂရီဆဲစီးယက်စ်အထိပူနွေးလာခဲ့ပါတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးမှ ခေါင်းဆောင်ဖြစ်သူ ပက်တာရီတာ လက်စ်က ပြောခဲ့ပါတယ်။

 

ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှုအပြင်မီသိန်း၊ နိုက်ထရပ်စ်အောက်ဆိုက်၊ အိုဇုန်းလွှာ ပေါက်ယိုယွင်းစေသော CFC-11ဟုခေါ်သော အခြားဓာတ်ငွေ့ပါဝင်မှုဟာလည်း မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂအေဂျင်စီက ပြောပါ တယ်။ အဲဒီလို အလုံးစုံသော ဓာတ်ငွေ့တွေရဲ့ ပါဝင်မှုဟာ တဖြည်းဖြည်းမြင့်တက်လာတဲ့အခါ အကျိုးဆက် အားဖြင့် ကမ္ဘာကြီးပိုမိုပူနွေးလာပြီး လူသားတွေဆိုးကျိုးပိုမိုရရှိနိုင်ပါတယ်။

 

ဆောင်ကြဉ်းလာမယ်

 

ဒါဟာ မျက်လှည့်ပြလိုက်တာမဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ လူတွေ သတိမထားမိခင်မှာဘဲ မြင့်တက် လာခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင်လူသားတွေသိတဲ့အတိုင်း ကမ္ဘာကြီးပူနွေးလာမှုကို လူသားတွေ ခံစားနေကြ ရပါပြီ။ ဒါတွေကိုအချိန်မီ လျှော့ချမှုတွေ မလုပ်ဆောင်ဘူးဆိုရင်ယနေ့ ကျွန်တော်တို့ မှီတင်းနေထိုင်တဲ့ ကမ္ဘာကြီး ဟာ ကျွန်တော်တို့ အတွက် ဆိုးကျိုးတွေကိုမဝေးတော့တဲ့ အနာဂတ်မှာ ဆောင်ကြဉ်းလာတော့မှာဖြစ်ပါတယ်။

 

 ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂက အစိုးရအချင်းချင်း ဆွေးနွေးပွဲအဖွဲ့က လေထုအပူချိန် ၁ ဒသမ ၅ ဒီဂရီဆဲဆီးယက်စ်အထိ် ထိန်းသိမ်းထားရန်အတွက် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လုပ်မှုဟာ သုညရာခိုင်နှုန်း ရှိရမှာ ဖြစ်တယ်လို့ ပြောခဲ့သည်။ ဆိုလိုတာကတော့လေထုထဲကိုထုတ်လိုက်တဲ့ ဓာတ်ငွေ့ တွေနဲ့ လေထုထဲက ဖယ်ထုတ်လိုက်တဲ့ ဓာတ်ငွေ့တွေဟာ အညီအမျှဖြစ်နေရမယ်လို့ ဆိုလိုတာပဲဖြစ်ပါတယ်။

 

ကမ္ဘာ့မိုးလေဝသအဖွဲ့ ဒုတိယအကြီးအကဲအယ်လီနာက လေထုထဲနဲ့ သမုဒ္ဒရာ ထဲမှာနှစ်ပေါင်း ရာချီကြာမြင့်စွာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေ ကျန်ရှိတုန်းပဲလို့ ဆိုပါတယ်။ လတ်တလော လေထုထဲမှာရှိတဲ့ ပိုလျှံနေတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေကို မှော်တုတ်တံလိုအစွမ်းနဲ့ ချက်ချင်းဖျောက်ဖျက်ပစ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလို့ ၎င်းက ဆက်လက်ပြောခဲ့ပါတယ်။

 

ထို့ကြောင့် ယနေ့ ကမ္ဘာမှာ မှီတင်းနေထိုင်နေကြတဲ့လူသားတွေဟာ ကာဗွန်ဒိုင်အောက်ဆိုက်လို တခြား ဓာတ်ငွေ့ပါဝင်မှုတွေကို လျှော့ချဖို့နည်းလမ်းရှာရမှာပဲဖြစ်ပါတယ်။ ထိုသို့မဟုတ်ပါက ကျွန်တော်တို့ မှီတင်း နေထိုင်တဲ့ ကမ္ဘာကြီးဟာ ကျွန်တော်တို့ကြောင့်ပဲ ဖောက်ပြန်ပြီး ပိုပြီး ဆိုးကျိုးတွေ ခံစားနေရတာ မလွဲဧကန်ပါပဲ။ ဓာတ်ငွေ့လျှော့ချဖို့ သက်ဆိုင်ရာ နိုင်ငံများနဲ့အစိုးရတွေနဲ့အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ဟာ အဓိကဖြစ်ပြီး တခြားအရပ်ဘက်အဖွဲ့အစည်းတွေ၊ တခြားစေတနာရှင် အဖွဲ့အစည်းတွေအနေနဲ့ပေါင်းစပ်လုပ်ကိုင်မှသာ ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချနိုင်မှာပဲဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။ ။

 

ကိုးကား - အေအက်ဖ်ပီ