၂၄ ဧပြီ

 

အစ္စလာ့မ်နိုင်ငံတော်စစ်သွေးကြွ(အိုင်အက်စ်)အုပ်စုသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က သီရိလင်္ကာနိုင်ငံ ဗုံးခွဲတိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

 

အဆိုပါ အိုင်အက်စ် အဖွဲ့က လူပေါင်း ၃၂၁ ဦး သေဆုံးခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

 

ထိုစစ်သွေးကြွအုပ်စုနှင့် ဆက်သွယ်မှုရှိသည့် အမက်ကျု သတင်းဌာနက ယင်းဗုံးပေါက်ကွဲမှုဖြစ်ရပ်သည် (အိုင်အက်စ်)စစ်သွေးကြွအဖွဲ့၏ လုပ်ဆောင်ချက် ဖြစ်ကြောင်း ယမန်နေ့က အွန်လိုင်းကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

mdn

 

ယင်းဗုံးခွဲတိုက်ခိုက်မှုတွင် ပြစ်မှုကျူးလွန်သူ ခုနှစ်ဦး ရှိကြောင်းနှင့် တိုက်ခိုက်သူများသည် အီစတာပွဲတော် အခမ်းအနားကျင်းပနေခြင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်ရေးသမား နှစ်ဦးသည် ၎င်းတို့ကိုယ်ပေါ်တပ်ဆင်ထားသည့် ဖောက်ခွဲရေးပစ္စည်းများဖြင့် ဖောက်ခွဲခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

 

သီရိလင်္ကာဝန်ကြီးချုပ် ရာနေး ဝစ်ရီမီဆင်းဂီ က ထိုဗုံးခွဲတိုက်ခိုက်မှု မှ သက်သေအထောက်အထား အချို့မှာ ပြည်ပနှင့် ဆက်စပ်မှုရှိသည်ကို ဖော်ပြနေကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

 

သီရိလင်္ကာ စုံစမ်းရေးအာဏာပိုင်အဖွဲ့များမှ ၎င်းဗုံးဖောက်ခွဲမှုနှင့်ပတ်သက်၍  ရရှိသော သက်သေအထောက်အထားများသည် သီရိလင်္ကာအရှေ့ပိုင်းတွင် အခြေစိုက်သော အစ္စလာ့မ်အစွန်းရောက်အုပ်စုကို ညွှန်ပြနေကြောင်း ဖော်ပြထားသည်။

 

ကိုးကား - အန်အိတ်ချ်ကေ

ဘာသာပြန် - မြင့်မြင့်ချို

 

mdn