ဒေါက်တာ ဝင်းအောင်(သုတေသီ) မြန်မာအသည်းဖောင်ဒေးရှင်း

 

ယနေ့အချိန်အခါတွင် အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ရောဂါပိုးများသည် တစ်ကမ္ဘာလုံးတွင် ကူးစက်ပြန့်ပွားလျက်ရှိပါသည်။ ဗိုင်းရပ်စ်ပိုး “အေနှင့်အီး” တို့သည် မသန့်ရှင်းသော ရေနှင့်အစား အသောက်တို့မှ တစ်ဆင့်လည်းကောင်း၊ ဗိုင်းရပ်စ်ပိုး “ဘီ၊ စီနှင့် ဒီ”တို့သည် ရောဂါပိုးရှိသော သွေး၊ အရေပြားဖောက်ခြင်းနှင့် လိင်ဆက်ဆံခြင်းတို့မှ တစ်ဆင့်လည်းကောင်း ကူးစက်ပါသည်။

 

ဖြစ်ပွားမှု

၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ၃၂၅ သန်းသော လူသား များသည် အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ရောဂါပိုးများ ကူးစက်ခြင်းကို ခံစားလျက်ရှိနေကြရပြီး နှစ်စဉ် ၁ ဒသမ ၃၄သန်းသည် ပြင်းထန်သော အသည်းရောင်ခြင်းနှင့် နောက်ဆက်တွဲ နာတာရှည် အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာရောဂါတို့ကြောင့် အသက်ဆုံးရှုံးလျက် ရှိကြောင်း သိရသည်။ အထက်ပါ ဗိုင်းရပ်စ်ပိုးငါးမျိုးအနက် “ဘီပိုးနှင့် စီပိုး” ကူးစက်ခံနေရသူပေါင်းမှာ ၉၀ ရာခိုင်နှုန်း ခန့်ရှိပါသည်။

သေဆုံးမှုများအနက် ၄၇ ရာခိုင်နှုန်းသည် ဘီဗိုင်းရပ်စ်ပိုးနှင့် ၄၈ ရာခိုင်နှုန်းသည် စီဗိုင်းရပ်စ်ပိုးတို့ကြောင့် ဖြစ်ပြီး ကျန် ၅ ရာခိုင်နှုန်းသည် ဗိုင်းရပ်စ်ပိုး အေ၊ ဒီနှင့် အီးတို့ကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားသော အဓိကအသည်းရောဂါများအားလုံး၏ ဖြစ်ပွားရခြင်း အကြောင်းရင်းများမှာ ဘီဗိုင်းရပ်စ်ပိုးကြောင့် ၆၀ ရာခိုင် နှုန်းခန့်၊ စီဗိုင်းရပ်စ်ပိုးကြောင့် ၃၀ ရာခိုင်နှုန်းခန့်နှင့် အခြား သောအကြောင်း (အရက်၊ အသည်း၊ အဆီဖုံးခြင်းစသည်)တို့ကြောင့် ၁၀ ရာခိုင်နှုန်းခန့်ဖြစ်ပါသည်။ ထို့အပြင် ၂၀၁၄ ခုနှစ် ကမ္ဘာ့စစ်တမ်းများအရ ကမ္ဘာပေါ်တွင် အသည်းကင်ဆာ သည် ကမ္ဘာ့ကင်ဆာရောဂါဖြစ်ပွားမှု၏ ၅ ဒသမ ၆ ရာခိုင်နှုန်း ရှိပြီးဖြစ်ပွားမှု အဆင့် ၆ တွင် ရှိပါသည်။ နှစ်စဉ် အသည်း ကင်ဆာကြောင့် သေဆုံးသူလူပေါင်း ၈၁၀ဝဝဝ ခန့်ရှိပြီး ကင်ဆာရောဂါကြောင့် သေဆုံးမှုတွင် အဆင့် ၂ ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း အသည်းကင်ဆာဖြစ်ပွားမှုနှုန်းသည် အမျိုးသားများတွင် အဆင့် ၃ ရှိပြီး အမျိုးသမီးများတွင် အဆင့် ၅ ရှိပါသည်။ အသည်းကင်ဆာ ဖြစ်ပွားရသည့် အကြောင်းရင်းများအနက် ဖြစ်ပွားမှုများ၏ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းခန့်သည် ဗိုင်းရပ်စ်ပိုး ဘီနှင့်စီတို့ကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှတွင် ဘီပိုး၊ စီပိုးသည် အသည်းကင်ဆာကိုဖြစ်စေသော အဓိက အကြောင်းရင်းဖြစ်ပါသည်။

 

ဘီပိုးနဲ့ စီပိုးကူးစက်ခံနေရသူများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၁၇ ခုနှစ်စစ်တမ်းများအရ ကမ္ဘာ့လူဦးရေ၏ ၅ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၃၂၅ သန်း သည် အသည်းရောင်အသားဝါဗိုင်းရပ်စ်ရောဂါပိုးများ ကူးစက် ခြင်းခံစားနေရသူများဖြစ်ကြသော်လည်း ဖော်ပြပါလူများ၏ ၁၀ ရာခိုင်နှုန်းဖြစ်သော လူဦးရေသန်း ၃၀ ခန့်ကသာ မိမိ ကိုယ်မိမိ ပိုးကူးစက်ခံနေရသည်ကို သိကြပါသည်။ ကျန် ၉၀ ရာခိုင်နှုန်းဖြစ်သော လူဦးရေ သန်း ၃၀ဝ နီးပါးသည် မိမိတွင် ပိုးရှိ/မရှိ မသိကြပါ။ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာအသည်းဖောင်ဒေး ရှင်းတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သော National Serosurvey အရ မြန်မာနိုင်ငံလူဦးရေ ၅၂ သန်းတွင် ဘီပိုးသည် လူဦးရေ၏ ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့်စီပိုးသည် ၂ ဒသမ ၇ ရာခိုင်နှုန်းခန့်ရှိနေခြင်းကြောင့် စုစုပေါင်း လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သည် ပိုးကူးစက်မှုရှိနေကြပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် လူဦးရေ ၁၀ ဦးမှာ တစ်ဦးသည် ဘီပိုး (သို့မဟုတ်) စီပိုးရှိနေပြီး မြန်မာနိုင်ငံ၏ လူဦးရေ ၅ သန်းခန့်မှာ ဘီပိုး(သို့မဟုတ်)စီပိုးရှိနေကြပါသည်။ သို့သော် အဆိုပါ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာဖြစ်သည့် လူဦးရေ ၅ သိန်း ကသာ ပိုးရှိနေမှန်းသိရှိကြပြီး ကျန်လူဦးရေ ၄ ဒသမ ၅ သန်းခန့်မှာ ပိုးရှိ/မရှိမသိသော လူများဖြစ်နေကြပါသည်။

ကမ္ဘာ့အသည်းရောင် မဟာမိတ်အသင်း (World Hepatitis Alliance) ၏ ၂၀၁၈ Global Survey ဘီပိုးနှင့်စီပိုး ကူးစက်ခံစားနေရသူများ၏ ၉၀ ရာခိုင်နှုန်းသည် မိမိကိုယ်မိမိမသိရှိကြရခြင်း အကြောင်းရင်းများမှာ-

(၁) လူအများစုသည် အသည်းရောဂါ/ရောဂါပိုးများနှင့် ပတ်သက် ၍ ကျန်းမာရေးဗဟုသုတ နည်းပါးခြင်း/မရှိခြင်း၊

(၂) ကျန်းမာရေးဝန်ထမ်းများမှလည်း ရောဂါအကြောင်း အသိပညာဖြန့်ဝေ ပေးမှုအားနည်းခြင်း၊

(၃) ဗိုင်းရပ်စ်ရောဂါပိုး များ ရှိ/မရှိ စစ်ဆေးရန် အနီးပတ်ဝန်းကျင်တွင် လွယ်ကူစွာ မရှိခြင်း/ လက်လှမ်းမမီခြင်း၊

(၄) စမ်းသပ်စစ်ဆေးခကြီးမား၍ မစစ်ဆေး လိုကြခြင်း၊

(၅) စစ်ဆေးပြီး ဘီပိုး၊ စီပိုးရှိနေခဲ့လျှင် ရောဂါပိုး မရှိသောလူများက ကူးစက်ခံရမည်ကြောက်၍ မိမိတို့အား ရှောင်ကြဉ် ခွဲခြားဆက်ဆံခြင်းခံရမည်ကိုစိုး၍ စစ်ဆေးခြင်း မပြုလိုခြင်းနှင့်

(၆)ကုသမည်ဆိုပါကလည်း ကုန်ကျစရိတ် ကြီးမားမည်/ လုံးဝပျောက်ကင်းမည် မဟုတ်ဟု လွဲမှားစွာ မှတ်ယူခြင်းတို့ကြောင့် ဖြစ်ပါသည်။

 

ကျန်းမာရေး အသိပညာပေးခြင်း

ဖော်ပြပါအတားအဆီး အကြောင်းရင်းများကို ဖယ်ရှားပစ် နိုင်ရန် ပြည်သူများကိုနည်းမျိုးစုံဖြင့် မှန်ကန်ထိရောက်သော ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ရပါမည်။ က္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ဘီပိုး၊ စီပိုးများသည် တစ်ဦးနှင့်တစ်ဦး အသားချင်းထိခြင်း၊ လက်တွဲခြင်း၊ သာမန် နမ်းခြင်း၊ ထမင်းအတူစားခြင်း၊ အတူကစားခြင်း၊ ချောင်းဆိုး နှာချေခြင်း၊ မိခင်နို့တိုက်ခြင်းတို့မှတစ်ဆင့် မကူးနိုင်ကြောင်း၊ အဆိုပါပိုးများသည် လေထဲမှကူးခြင်းလည်းမဟုတ်၊ အစား အသောက်မှ ကူးခြင်းလည်းမဟုတ်၊ ပိုးရှိသူ၏ ကိုယ်တွင်း အရည်နှင့် သွေးမှတစ်ဆင့်သာ ကူးစက်နိုင်သဖြင့် ဘီပိုး၊ စီပိုး ရောဂါရှိနေသော လူများကိုရှောင်ကြဉ်ခွဲခြားဆက်ဆံခြင်း မပြုလုပ်သင့်ကြောင်း အသိပေးပြောကြားထားပါသည်။

ထို့အပြင် မိမိတွင် ဘီပိုး၊ စီပိုးရှိနေသလားဆိုတာ လူတိုင်း သိထားသင့်ကြောင်း အသိပညာပေးရန် လိုအပ်ပါသည်။ သို့မှ သာလျှင် မိမိကိုယ်တိုင် ရောဂါပိုးကူးစက်မှု မခံရသေးလျှင် ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပြီး ပိုးရှိနေခဲ့လျှင်လည်း ပိုးကောင် ရေလျော့နည်းသွားအောင်၊ ပိုဆိုးမလာရလေအောင်၊ နာတာ ရှည် အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာရောဂါ များ ဆက်လက်မဖြစ်အောင် တားဆီးနိုင်ပါမည်။ သူတစ်ပါးကို မကူးစက်အောင်လည်း ကာကွယ်နိုင်ပါမည်။ ဆောင်ရန် ရှောင်ရန်တို့ကို လိုက်နာဆောင်ရွက်ခြင်းနှင့် လိုအပ်ပါက ဘီပိုး၊ စီပိုး ပျောက်ကင်းစေသည့် ဆေးဝါးများဖြင့် ကုသခံယူခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ မိမိရောဂါ ပိုမိုမဆိုးရွားခင် ကုသရန်အချိန်လည်းရပါသည်။ အဘယ်ကြောင့်ဆိုသော ဘီပိုး စီပိုး ရောဂါပိုး စတင်ကူးစက်ခံရပြီဆိုလျှင် ၁၅ နှစ်မှ အနှစ် ၂၀ ကြာမှသာ အသည်းခြောက်၊ အသည်းကင်ဆာရောဂါများ ဆက်ဖြစ်တတ်ပါသည်။ ထို့ကြောင့် အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးများကို အသံတိတ် ကူးစက်ရောဂါ/ အသံတိတ် လူသတ်သမား (Silent Infection / Silent Killer) ဟု ခေါ်ပါသည်။ အထက်ပါရောဂါများသည် ယခုအခါ ကုသလို့ရပြီ ဆိုတာကိုလည်း သိရပါမည်။ သို့မှသာ အဖြစ်များနေသော နာတာရှည်အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာ ရောဂါများကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပြီး နောက်ဆက် တွဲအသည်းရောဂါများဖြစ်ပွားမှုနှင့် သေဆုံးမှုများလည်း လျော့ကျသွားမည်ဖြစ်ပါသည်။ ရောဂါပိုးရှိနေသည်ကို စောစောသိလျှင် စောစောကုသလို့ ရပါသည်။ ထို့ကြောင့် အထက်ပါ အကြောင်းအရာများနှင့် လူတိုင်း ဘီပိုး၊ စီပိုး လူတိုင်းစစ်ဆေးသင့်ကြောင်း ဗဟုသုတများကို ပြည်သူအများ သိနိုင်ရန် ရေဒီယို၊ တီဗွီ၊ သတင်းစာ၊ ဂျာနယ်၊ လက်ကမ်းစာစောင်၊ ပညာပေးစာအုပ်များမှတစ်ဆင့် ဖြန့်ဝေခြင်းနှင့် လူထုပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်းတို့ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

 

အသည်းရောင်ရောဂါ ဘီပိုး၊ စီပိုး ရှိ/မရှိ စစ်ဆေးခြင်း

လူတိုင်းသည် မိမိတွင် အသည်းရောင်ရောဂါ ဘီပိုး၊ စီပိုး များကို ရှိ/မရှိ စစ်ဆေးခြင်းအားဖြင့် အောက်ပါအကျိုးကျေးဇူး များကို ရရှိနိုင်မည်ဖြစ်ပါသည်။

ရောဂါပိုးကူးစက်ခံထားရခြင်း မရှိသေးသောသူများသည် ဘီပိုးကာကွယ်ဆေး ကြိုတင်ထိုးထားနိုင်ပါသည်။ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး မကူးစက်စေရန်အတွက် သေချာစွာ ဗိုင်းရပ်စ်ပိုး စစ်ဆေးထားခြင်းမရှိသော သွေးများသွင်းခြင်း၊ ကျောက်ကပ်ဆေးခြင်း၊ စနစ်တကျ ပိုးသတ်ထားခြင်း မရှိသော ကိရိယာ/ဆေးထိုးအပြွ်ပန်များ အသုံးပြု၍ ခွဲစိတ် ခြင်း/ သွားနုတ်သွားစိုက်ခြင်း၊ လိင်ဆက်ဆံဖော်များခြင်း၊ အရက် သောက်ခြင်း၊ အဆီအစားများခြင်းနှင့် အသည်းထိခိုက် နိုင်သော ဆေးဝါးများသုံးစွဲခြင်းတို့ကို ရှောင်ကြဉ်ရပါမည်။

အသည်းရောင်ရောဂါ ဘီပိုးကူးစက်ခံထားရခြင်းရှိနေ သောသူများသည် မိမိ၏ရောဂါ ပိုမဆိုးလာအောင် ပြုမူ နေထိုင်နည်းများ၊ တစ်ပါးသူများကို ထပ်မံမကူးစက်အောင် ကာကွယ်နည်းများ၊ ဆေးကုသနိုင်သည့် နည်းလမ်းများကို လိုက်နာဆောင်ရွက်နိုင်ပါမည်။ ရောဂါပိုဆိုးလာခြင်းမဖြစ်ရန် အတွက်လည်း ဘီပိုးသတ်ဆေးသောက်ရန် လို/မလိုကို ထပ်မံ စစ်ဆေးမှုများ ပြုရပါမည်။ (ဥပမာ သွေးတွင်ပိုးကောင်ရေများ နေသလား၊ ပိုးတွေပွားနေသလား၊ အသည်းထိခိုက်နေပြီလား၊ အသည်းခြောက်နေသလား၊ လူနာမိသားစုထဲမှာကော အသည်း ကင်ဆာဖြစ်ဖူးတဲ့သူ ရှိသလားစသည်ဖြင့်)။ ကုသရန် လိုအပ်မည့်သူဆိုလျှင် နားလည်တတ်ကျွမ်းသည့် ဆရာဝန် များနှင့် ပြသရန် လိုအပ်ပါသည်။ အထူးသဖြင့် ဘီပိုးကူးစက်ခြင်း ခံထားရကြောင်း သိရှိရသည့် ကိုယ်ဝန်ဆောင်မိခင်များသည် လည်း မိမိမွေးဖွားလာမည့်ရင်သွေးငယ်တွင် ဘီပိုးကူးစက်ခြင်း မခံရလေအောင် မိမိကိုယ်တိုင် ကိုယ်ဝန်လရင့်ပိုင်းတွင် (လိုအပ် လျှင်) ဘီပိုးသတ်ဆေးကို သောက်ရပါမည်။ ဘီပိုးသတ်ဆေးကို တစ်နေ့တစ်လုံး သောက်ခြင်းအားဖြင့် ဘီပိုး၏ နောက်ဆက်တွဲ ရောဂါဆိုးများဖြစ်သော နာတာရှည် အသည်းရောင်၊ အသည်း ခြောက်နှင့် အသည်းကင်ဆာရောဂါများ ဆက်လက်ဖြစ်ပွားခြင်း မှ ကာကွယ်နိုင်ပါသည်။ သို့သော် ဆေးကိုနှစ်ရှည်လများ သောက်ပေးရပါမည်။ ကုန်ကျစရိတ်မှာ တစ်လလျှင် ကျပ်နှစ်သောင်းခန့်သာ ဆေးအမျိုးအစားပေါ် မူတည်ရှိပါသည်။ ဘီပိုးကုသသည့် သောက်ဆေးများသည် အန္တရာယ်ကင်း စိတ်ချရပြီး အာနိသင်လည်း ပြည့်ဝပါသည်။ လိုအပ်ပါက သွေးကြောအတွင်းသွင်း ဘီပိုးသတ်ဆေး ထပ်မံအသုံးပြု၍ ရာနှုန်းပြည့်နီးပါး ဘီပိုးပျောက်အောင်ကုသ၍ ရနိုင်ပြီဖြစ်ပါ သည်။

အသည်းရောင်ရောဂါ စီပိုးကူးစက်ခံထားရခြင်းရှိနေ သော သူများသည်လည်း ဗိုင်းရပ်စ်ပိုးဘီနှင့် ဒီများ ထပ်မံ ကူးစက်မခံရအောင် ဘီပိုးကာကွယ်ဆေး ကြိုတင်ထိုးထား နိုင်ပါသည်။ တစ်ပါးသူများကိုလည်း ထပ်မံမကူးစက်အောင်လိုက်နာဆောင်ရွက်ရမည့် ကာကွယ်နည်းများ၊ ဆေးကုသ နိုင်သည့် နည်းလမ်းများ သိထားရပါမည်။ စီပိုးသတ်ဆေး (DAA) သောက်ရန်လိုမလိုကို ပိုးကောင်ရေ (HCVRNA) ထပ်မံ သွေးစစ်ဆေးပြီးမှသာ တတ်ကျွမ်းနားလည်သည့် ဆရာဝန်မှ ဘယ်ဆေးကို ဘယ်လောက်ကြာအောင် သောက် ရမည်ကို ဆုံးဖြတ်ပေးနိုင်ပါသည်။ ယခင်အခါက စီပိုးကုသ ရာတွင် အသုံးပြုခဲ့သည့် သွေးကြောတွင်းသွင်း စီပိုးသတ် ဆေးများသည် ပျောက်ကင်းမှုနည်းပြီး ဘေးထွက်ဆိုးကျိုး လည်း လွန်စွာများပါသည်။ ကုန်ကျစရိတ်လည်း သိန်းရာဂဏန်း အထိရှိပါသည်။ ယခုအခါတွင်အသုံးပြုသော စီပိုးသတ် ဆေးသောက် ဆေးများသည် အာနိသင်အစွမ်းထက်ပြီး ဘေးထွက်ဆိုးကျိုးလည်း မရှိသလောက် နည်းပါသည်။ သောက်ဆေးကို တစ်နေ့တစ်ကြိမ် သုံးလသောက်ရုံဖြင့် ၉၅ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းအထိ ရောဂါပျောက်ကင်းပါသည်။ ကုန်ကျန်စရိတ်လည်း မများပါ။ ဆေးအမျိုးအစားပေါ် မူတည်၍ သုံးလစာကို သွေးစစ်ခများ အပါအဝင် စုစုပေါင်း ငွေကျပ် ၁၀ သိန်းအောက် သာရှိပါသည်။ အသည်းခြောက်သောသူများ တွင်မူ စီပိုးသတ်ဆေးကို ခြောက်လသောက်ရပါသည်။

 

အသည်းရောင်ရောဂါကင်းဝေးရေး၊ ဝိုင်းဝန်းရှာဖွေစစ်ဆေးပေး

အထက်ဖော်ပြပါ အကြောင်းအချက်များကြောင့် က္ဘာ တစ်ဝန်းလုံးရှိ လူသားများအားလုံးမှ အသည်းရောင်ရောဂါ များကို သတိပြုအလေးထားလာကြစေရန်နှင့် အသည်းရောင် ရောဂါများကို ကမ္ဘာပေါ်တွင် လျော့နည်းပပျောက်သွားစေရန် ရည်ရွယ် ချက်များဖြင့် နှစ်စဉ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ကမ္ဘာ့ အသည်းရောင်ရောဂါနေ့ (World Hepatitis Day) ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကကြီးမှူး ၍ နှစ်စဉ်ဆောင်ပုဒ် တစ်ခုစီ ချမှတ်ကာ ကမ္ဘာတစ်ဝန်း နိုင်ငံတိုင်းတွင် အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပပြုလုပ်လာခဲ့ပါသည်။ ယခင် ၂၀၁၈ ခုနှစ် ကမ္ဘာ့အသည်းရောင်ရောဂါနေ့၏ ဆောင်ပုဒ်မှာ Find The Missing Millions (အသည်းရောင်ရောဂါ ကင်းဝေးရေး၊ ဝိုင်းဝန်းရှာဖွေစစ်ဆေးပေး)ဖြစ်ပါသည်။ အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုးကူးစက်ခံနေရသည့် သန်းပေါင်းများစွာသော သူများကို ရှာဖွေစစ်ဆေးပေးကြပါ ရန်လို့ အဓိပ္ပာယ်ရပါသည်။

 ၂၀၁၈ မှ ၂၀၂၀ ပြည့်နှစ်အထိ သုံးနှစ်စီမံကိန်း (၃- Years Campaing) အဖြစ် သတ်မှတ် ပြီး တစ်ကမ္ဘာလုံးရှိ လူဦးရေသန်းနှင့်ချီ၍ ဘီပိုး၊ စီပိုးစစ်ဆေးမှု ခံယူကြရန် လှုံ့ဆော်ထားခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း အထက်ပါစီမံကိန်းကြီးကို အောင်မြင်စွာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန အမျိုးသား အသည်းရောင်အသားဝါရောဂါကာကွယ် ထိန်းချုပ်ရေးစီမံချက်သည် မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်း ပါဝင်မှုကို ရယူလျက် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဘီပိုး၊ စီပိုး စစ်ဆေးခြင်းများကို ပြုလုပ်နိုင်ရန် ဦးဆောင် လမ်းòန် ခြင်းနှင့် ပညာပေးနှိုးဆော်ခြင်းတို့ကို စီစဉ်ဆောင်ရွက်လျက် ရှိနေပြီ ဖြစ်ပါသည်။

 

တိုက်တွန်းနှိုးဆော်ချက်

နိဂုံးချုပ်အားဖြင့် တင်ပြရလျှင် အသည်းရောင်အသားဝါ ဗိုင်းရပ်စ် ဘီပိုး၊ စီပိုးများသည် တစ်ကမ္ဘာလုံးတွင် ကူးစက် ပြန့်ပွားလျက် ရှိနေပါသည်။ ဖော်ပြပါ ရောဂါပိုးများ ကူးစက် ခံရပါက လူအများစုမှာ ကူးစက်နေမှုကို မသိရှိလိုက်ရဘဲ၊ ဝေဒနာမခံစားလိုက်ရဘဲ စိုးရိမ်ရသော နာတာရှည်အသည်း ရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာရောဂါ အခြေ အနေသို့ အချိန်မရွေးရောက်ရှိနိုင်ပြီး အသက်ဆုံးရှုံးရသည် အထိ ဖြစ်နိုင်ပါသည်။ အထက်ပါဗိုင်းရပ်စ် ဘီပိုး၊ စီပိုးများ ကူးစက်ခြင်းကို သိရှိအောင် စစ်ဆေးနိုင်ပါသည်။ ကာကွယ်နိုင် ပါသည်။ ကုသနိုင်ပါသည်။ ပျောက်ကင်းနိုင်ပါသည်။ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် မိမိကိုယ်မိမိ အသည်းရောင် အသားဝါ ဗိုင်းရပ်စ် ဘီပိုး၊ စီပိုး ကူးစက်ခံထား ရခြင်း ရှိ/မရှိ စစ်ဆေးမှု ခံယူသင့်ပါသည်။ သို့မှသာလျှင် နိုင်ငံတော်မှ အသည်းရောင် အသားဝါရောဂါ ကာကွယ်မှု၊ ထိန်းချုပ်မှုနှင့် ကုသမှုလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၆ ခုနှစ်တွင် ချမှတ်ခဲ့သော Global Goal ဖြစ်သည့် To Eliminate Viral Hepatitis As a Public Health Thereat by 2030(အသည်းရောင် အသားဝါ ရောဂါများကို ၂၀၃၀ ပြည့်နှစ်တွင် ပြည်သူလူထု၏ ကျန်းမာ ရေး ခြိမ်းခြောက်ခံနေရမှုမှ ဖယ်ရှားပစ်နိုင်ရေး) ရည်မှန်း ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ]အသည်းရောဂါ ကင်းဝေးရန် လူတိုင်း ဘီပိုး၊ စီပိုး စစ်ဆေးပေးပါ} ဆိုသည့် ဆောင်ပုဒ်အတိုင်း ပြည်သူများ အနေဖြင့် ဘီပိုး၊ စီပိုးစစ်ဆေးခြင်းကို မပျက်မကွက် အမြန်ဆုံး ခံယူကြပါရန် အသိပေးနှိုးဆော်တိုက်တွန်းလိုက်ရပါသည်။ မြန်မာ့အလင်း