ဦးဂါဂါ

 

 

ယခုနှစ် မတ်လကုန်လောက်ကစပြီး နေ့အပူချိန်တွေတိုးတိုးလာလိုက်တာ ဧပြီလ သင်္ကြန်ကာလအတွင်းမှာတောင် လက်ဆေး မိုးက မရွာ၊ အပူချိန်တွေသာ တိုးလာလိုက်တာ ၄၀ ဒီဂရီ စင်တီဂရိတ် အထက်သာ ရှိနေခဲ့သည်။

 

သက်ဆိုင်ရာက အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်တွေ၊ ကျန်းမာရေးသတိပေးမှုတွေ၊ သဘာဝဘေးကာကွယ်ရေးဆိုင်ရာတွေ အသိပေးထုတ်ပြန်နေတာကိုလည်း သတိထားမိသည်။

 

ပူပြင်းသော ယခုလိုနွေရာသီကာလအတွင်း မမေ့နိုင်စရာဖြစ်ရပ်တစ်ခု ကျွန်တော်တို့မိသားစုတွင် ရှိခဲ့၊ ဖြစ်ပေါ်ခဲ့ဖူးပါသည်။

 

လွန်ခဲ့သော ၁၉၇၈ ခုနှစ်၏ သင်္ကြန်အတက်နေ့ ညနေခင်းဖြစ်ပါသည်။ နေအိမ်ခြံဝင်းအတွင်း နှစ်ဆန်း ၁ ရက်နေ့ အတာအိုးအတွက် အတာပန်းခူးရန် ဆင်းသွားသော အမေ့ထံမှ စူးစူးဝါးဝါးအသံကြားရပြီး အမေအိမ်ပေါ် ဒုန်းစိုင်းပြေးတက်လာပါသည်။ နှုတ်မှလည်း ‘ငါ့ကို ပိုးထိပြီ’ဟု တုန်လှုပ်စွာပြောသဖြင့် အမေ့ပိုးထိရာ ညာဘက်ခြေကျင်းဝတ်ကို ကြည့်လိုက်ပါသည်။ ပိုးထိဒဏ်ရာက သာမန်အားဖြင့် အစွယ်ရာ နှစ်ပေါက်ရှိရမည့်အစား အမေ့ဒဏ်ရာက လေးပေါက်ဖြစ်နေသဖြင့် ‘အမေ၊ စိတ်အေးအေးထား။ အမေ့ဒဏ်ရာက ပိုးထိဒဏ်ရာမဖြစ်နိုင်ဘူး’ဟု ကျွန်တော်စောဒက တက်မိရာ အမေက စိတ်ဆိုးမာန်ဆိုးဖြင့် ‘ဟဲ့ ပထမတစ်ချက် စူးခနဲဖြစ်လို့ ငါက ခုန်လိုက်တာ။ နောက်တစ်ချက် ထပ်ပေါက်တာဟဲ့။ ငါကိုယ်တိုင်မြင်တာ ပိုးသေချာတယ်။ လုပ်ကြပါဦး’ဟု ဆိုသဖြင့် အဖေနှင့်မိသားစုများက အမေပိုးထိရာနေရာတစ်ဝိုက်အဆိုပါပိုးရှာရန် ထွက်သွားကြပါသည်။

 

ကျွန်တော်ကတော့ အမေ့ကို စိတ်အေးအေးထားဖို့ ဖျောင်းဖျရင်း တတ်သမျှ မှတ်သမျှ ရှေးဦးသူနာပြုစုနည်းဖြင့်ပြုစုပြီးအခိုက် ပိုးရှာထွက်သောအဖေတို့လက်ချည်းဗလာ အိမ်ပေါ်ပြန်တက်လာကြ ပါသည်။ ပိုးကား မတွေ့။ နေ့အပူချိန် ပူပြင်းသဖြင့် တစ်နေကုန် တွင်းအောင်းနေသော ပိုးက ညနေ နေစောင်းသည့် အေးသောအချိန် အပြင်ထွက်အစာရှာခိုက် အမေ့ကိုကိုက်မိခြင်း ဖြစ်မည်ထင်ပါသည်။ အမေကတော့ သူ့ကို ဆေးရုံအမြန်ပို့ဖို့သာ တွင်တွင်ပြောနေပါတော့သည်။ ဟိုဘက်ရွာမှ ကျန်းမာရေးမှူးကို ခေါ်ထားကြောင်း၊ ယခုဆေးရုံသွားရန် ယာဉ်၊ ရထားသွားရေး လာရေးအဆင်မပြေကြောင်း၊ မနက်မိုးလင်းမှသွားရန် အမေ့ကို နှစ်သိမ့်ပေးရင်း ကျန်းမာ ရေးမှူးအလာကို စောင့်နေခဲ့ပါသည်။ အမေ့အခြေအနေကို စိတ်တထင့်ထင့်စောင့်ကြည့်ရင်း ညဉ့်လယ်ရောက်ချိန်၌ ကျန်းမာရေးမှူး ဆိုသူရောက်လာပြီး အမေ့ဒဏ်ရာကိုကြည့်ကာ သူ့တွင်ပါလာသော BPI ထုတ်တစ်လုံးတည်းသော ​​မြွေဆိပ်ဖြေဆေး ထိုးနှံပေးပါသည်။ မြွေအမျိုးအစားမသိခြင်းကြောင့်ထိုးနှံပေးရန် မဝံ့မရဲဖြစ်နေသော ကျန်းမာရေးမှူးအား ကျွန်တော်တို့မိသားစုက အတင်းတောင်းပန်ထိုးနှံခဲ့ခြင်း ဖြစ်ပါသည်။

 

နောက်နေ့ နှစ်ဆန်း ၁ ရက်နေ့ မနက်အစော အမေ့ကိုခေါ်၍ ဝေါမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ခဲ့ပါသည်။ ဆေးရုံမှ ဆရာဝန်ကြီးအား ဖြစ်ကြောင်းကုန်စင်ပြောပြပြီး ဆက်လက်ကုသမှုပေးခဲ့ရာ အမေတစ်ယောက် မသေမပျောက် ဖြစ်ခဲ့ပါသည်။

 

‘ကံကောင်းတယ်ဗျာ။ ရှေးဦးသူနာပြုစုထားတာရယ်၊ ကနဦး မြွေဆိပ်ဖြေဆေးထိုးထားတာရယ်ကြောင့် ခုလိုအသက်ရှင်တာ’ ဟု ဆရာဝန်ကြီးက ပြောပါသည်။ အမေ တစ်ယောက် အသက်ရှင်သန်ခွင့်ရ၍ အမေ တင်မက ကျွန်တော်တို့အားလုံး ဝမ်းသာကြ ရပါသည်။ အမေကတော့ သူ့အသက်ကယ်တင်ရှင် ‘မြွေဆိပ်ဖြေဆေး’ ကို တသသပြောဆိုမှုက အသက် ၈၀ အရွယ် သက်ကြီးရောဂါဖြင့်ကွယ်လွန်သည်အထိ ဖြစ်ပါတော့သည်။

 

ယခု နှစ်ဆန်း ၁ ရက်နေ့၌ နေအိမ်သန့်ရှင်းရေးလုပ်ရင်း သတင်းစာအဟောင်း လေးများကို လှန်လှောဖတ်ရှုမိပါသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ မတ်လ ၃၀ ရက်နေ့က ဆေးဝါးစက်ရုံ (အင်းစိန်)BPI သို့ ရောက်ရှိကြည့်ရှုသည့် သတင်းနှင့်အတူ လမ်းညွှန်မှာကြားချက်များအနက် ‘မြွေဆိပ်ဖြေဆေးကို ပြည်တွင်းလိုအပ်ချက် ပြည့်မီရုံသာမက ပြည်ပတင်ပို့မှုကိုလည်း ပိုမိုအောင်မြင်စေရန် ကြိုးစားဆောင်ရွက်သွားရမည်’ဟူသည့်လမ်းညွှန်မှာကြားချက်က အမေ့ကို သတိရ၊ အမှတ်ရမှုနှင့်အတူ အမေ့အသက် ကယ်တင်ရှင် ကျေးဇူးရှင် မြွေဆိပ်ဖြေဆေးနှင့်ဆက်စပ်၍ ကျေးဇူးတင်ဂုဏ်ပြုသည့် စာတစ်ပုဒ် ရေးသား ကျေးဇူးတင်လိုသည့်ဆန္ဒ ဖြစ်ပေါ်ခဲ့ပါသည်။

 

 

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်ဆေးဝါးစက်ရုံ(အင်းစိန်)သည် အများပြည်သူများအကြား၌ BPI ဟု အသိများပြီး ဆေးဝါးဆိုလျှင် BPI မှ စိတ်ချရတယ်ဟု ဆိုရလောက်အောင် စက်ရုံထုတ် အစွမ်းထက်ဆေးဝါးများ နှင့်ယှဉ်တွဲလျက် ထင်ရှားလှပါသည်။ စက်ရုံကြီးက ရန်ကုန်မြို့ အင်းစိန် ကြို့ကုန်းအရပ်တွင်တည်ရှိပြီး ၁၉၅၈ ခုနှစ်က ဖွင့်လှစ်တည်ထောင်၍ ၁၉၆၂ ခုနှစ်ကတည်းကပင် မြွေဆိပ်ဖြေဆေးအပါအဝင် ဆေးဝါးများထုတ်လုပ်နေခဲ့ကြောင်း မှတ်သားသိရှိရပါသည်။

 

မြွေဆိပ်ဖြေဆေးသည် ကျန်းမာသန်စွမ်းသည့် မြင်း၏သွေးရည်ကြည်မှ ခေတ်မီနည်း ပညာ၊ စက်ကိရိယာများဖြင့် အဆင့်ဆင့်ထုတ်ယူရရှိခြင်းဖြစ်ရာ ၁၉၅၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံမှ မြင်းများကို တင်သွင်းမွေးမြူခဲ့ပါသည်။ သို့သော် ပြည်တွင်းဒေသခံမြင်းများကဲ့သို့ ရာသီဥတုနှင့် ပိုးမွှားဒဏ်ခံနိုင်ရည် နည်းပါး ခြင်း၊ ပြည်တွင်း မြွေမျိုးစိတ်၏ မြွေဆိပ်ဒဏ်ကို မခံနိုင်ခြင်းနှင့် ကုန်ကျစရိတ်မြင့်မားမှုတို့ကြောင့် ၁၉၉၉ ခုနှစ်တွင် ဟဲဟိုးမြင်းမွေးမြူ ရေးစခန်းနှင့် ၂၀ဝ၅ ခုနှစ်တွင် ရန်ပယ်မြင်း မွေးမြူရေးစခန်းများ တည်ထောင်ဖွဲ့စည်း မွေးမြူခဲ့သကဲ့သို့ လိုအပ်သည့်မြင်းများကိုလည်း ပြည်တွင်းဒေသအသီးသီးမှ ဝယ်ယူဖြည့်တင်းထားလျက် ရှိနေပါသည်။

 

မြင်းမွေးမြူမှုကို အစ၊ အလယ်၊ အဆုံး ဆောင်ရွက်ပါက ဆေးထုတ်လုပ်မှုစရိတ်မြင့်မားမှု၊ မြင်းဝယ်ယူရရှိမှု အခက်အခဲကြောင့် မြွေဆိပ်ဖြေဆေးလုံလောက်အောင် ထုတ်လုပ်နိုင်မှုမရှိခြင်းတို့အား ကျော်လွှားနိုင်ရေးအတွက် BPI ဆေးဝါးစက်ရုံမှ ပညာရှင်များက ပြည်ပ အကူအညီမပါဘဲ သိုးမှ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုကို ၂၀၁၀ ပြည့်နှစ်တွင် တီထွင်ထုတ်လုပ်နိုင်ခဲ့ခြင်းက စက်ရုံသမိုင်းမှတ်တိုင်များအနက်မှ တစ်ခုအပါအဝင် ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်တွင် ဩစတြေးလျနိုင်ငံအစိုးရ (DEAT-GPFD Australia Department of Foreign Affairs and Trade Government Partnership for Development)မှ Myanmar Snakebite ဖြင့် နည်းပညာ အကူအညီနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းအကူအညီများရရှိခဲ့ခြင်း၊ ဘရာဇီးနိုင်ငံအစိုးရ Brazil Cooperation Agency  ၏ထောက်ပံ့မှုဖြင့် Instituto Butanatan မြွေဆိပ်ဖြေဆေးထုတ်လုပ်မှုနှင့် အရည်အသွေး စစ်ဆေးမှုဆိုင်ရာ နည်းပညာများရရှိခဲ့ခြင်းတို့က မြွေဆိပ်ဖြေဆေးထုတ်လုပ်မှုတိုးတက်ရန်အထောက်အကူများစွာဖြစ်စေခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့အဆင့်မီ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေးစက်ရုံသစ်( New Snake Antivenom Production Pkant )အား ထပ်မံတည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ကာ အရည်အသွေးကောင်းမွန်သည့် မြွေဆိပ်ဖြေ ဆေးများကို ထုတ်လုပ်နိုင်ခဲ့ပါသည်။

 

ကြေးမုံ

 

(ဆက်လက်ဖော်ပြပါမည်)