သိပ္ပံစာရေးဆရာကိုကိုအောင်

ကမ္ဘာ့အရပ်ဒေသတစ်ခု၏ တစ်ရက်တာ အချိန်အတွင်း၌ ဖြစ်ပေါ်သော အပူအအေး၊ လေတိုက်ခတ်မှု၊ နေသာမိုးအုံ့ ဖြစ်မှု၊ မိုးရွာသွန်းမှု၊ မိုးသက်လေပြင်း တိုက်ခတ်မှု၊ မိုးကြိုးပစ်မှု စသည့် ဖြစ်ရပ်များအားလုံးကို ထိုအရပ်ဒေသ၏ မိုးလေဝသဟု ခေါ်ဆိုသည်။ တစ်နည်းဆိုရသော် မိုးလေဝသ ဟူသည်မှာ အရပ်ဒေသတစ်ခု၏ တစ်ရက်တာ ကာလအတွင်း၌ သဘာဝ အလျောက် ဖြစ်ပျက်ပြောင်းလဲနေသော အခြေအနေအရပ်ရပ်ပင် ဖြစ်သည်။

ထိုသို့သော တစ်ရက်တာ မိုးလေဝသအခြေအနေများကို ရက်ကာလကြာရှည် မှတ်တမ်းတင်ပြီးသောအခါ မိုးလေဝသ အခြေအနေချင်း ဆင်တူသော သို့တည်းမဟုတ် နီးစပ်တူညီ သော သို့တည်းမဟုတ် တစ်ထပ်တည်းကျနေသော နေ့ရက် များကို တစ်ဆက်တည်း စုစည်းပေးခြင်းဖြင့် အဆိုပါ အရပ်ဒေသ၏ ရာသီဥတုအနေအထားကို သတ်မှတ်ထုတ်ပြန်လာနိုင်သည်။

မိုးရွာသွန်းမှုများပြားသောနေ့ရက်များ ဆက်တိုက်ဖြစ်ပေါ်သည့်ကာလကို မိုးဥတုဟူ၍လည်းကောင်း၊ အအေးပိုသော နေ့ရက်များ ဆက်တိုက်ဖြစ်ပေါ်သည့်ကာလကို ဆောင်းဥတု ဟူ၍လည်းကောင်း၊ ပူပြင်းခြောက်သွေ့သော နေ့ရက်များ ဆက်တိုက်ဖြစ်ပေါ်သည့် ကာလကို နွေဥတုဟူ၍လည်းကောင်း သတ်မှတ်ထားကြသည်။ အချို့သောအရပ်ဒေသများတွင် ဆောင်းအကုန် နွေအကူးကာလ၏ မိုးလေဝသ အခြေအနေမှာ ရက်ရှည်လများ ဖြစ်ပေါ်နေသည့်အတွက် နွေဦးရာသီဟူ၍ လည်းကောင်း၊ မိုးနှောင်းကာလနှင့် ဆောင်းမဝင်မီစပ်ကြား မိုးလေဝသအခြေအနေများမှာ ရက်ရှည်လများ ဖြစ်ပေါ်နေသဖြင့် ဆောင်းဦးရာသီဟူ၍လည်းကောင်း ထူးခြားသော ရာသီဥတုမျိုး ရှိနေကြသည်။

ကမ္ဘာ့အရပ်ဒေသ အသီးသီးတို့သည် မတူညီသော ပထဝီသွင်ပြင် အနေအထားများကြောင့် အမျိုးမျိုးသော မိုးလေဝသ အခြေအနေများ ဖြစ်ပေါ်နေကြသလို ကွဲပြားသော ရာသီဥတုများကိုလည်း ပိုင်ဆိုင်ထားလျက်ရှိနေကြသည်။ ထို့ကြောင့်ပင် ကမ္ဘာ့မြောက်ခြမ်းရှိ အမေရိကန်နှင့် ဥရောပနိုင်ငံများ၌ ကမ္ဘာ့အလယ်ပိုင်းဒေသနိုင်ငံများနှင့် မတူညီသောရာသီဥတုမျိုး ရှိနေကြသလို ကမ္ဘာ့အလယ်ပိုင်းဒေသ နိုင်ငံများသည်လည်း ကမ္ဘာ့တောင်ဘက်ခြမ်းရှိ ချီလီနှင့် အာဂျင်တီးနားကဲ့သို့သော နိုင်ငံများနှင့် မတူကွဲပြားသည့် ရာသီဥတုမျိုး ရှိနေကြခြင်းဖြစ် သည်။

ကမ္ဘာ့တောင်ပိုင်းဒေသ နိုင်ငံများဖြစ်ကြသည့် မြန်မာနိုင်ငံနှင့် စင်ကာပူမြို့ ပြနိုင်ငံတို့သည်ပင်လျှင် အီကွေတာရပ်ဝန်း ဒေသနိုင်ငံများ ဖြစ်ကြပါလျက် ရာသီဥတုချင်း တူညီမှုမရှိ ကြပေ။ မြန်မာနိုင်ငံ၌ နွေဥတု၊ မိုးဥတုနှင့် ဆောင်းဥတုဟူ၍ သုံးရာသီ ရှိနေသော်လည်း အီကွေတာနှင့်ပိုမိုနီးကပ်သည့် စင်ကာပူ၌ တစ်နှစ်ပတ်လုံး နေပူလိုက် မိုးရွာလိုက် ဆက်တိုက် ဖြစ်ပေါ်သော အီကွေတာရာသီဥတု တစ်နည်းဆိုရသော် ပူနွေး စွတ်စိုသည့်ရာသီဥတုမျိုး ရှိနေသည်။

သဘာဝအလျောက်ဖြစ်သော မိုးလေဝသ

ကမ္ဘာ့ကြီး စိမ်းလန်းစိုပြည်ခဲ့စဉ် ယခင်အချိန်က ကမ္ဘာ့အရပ်ဒေသအသီးသီး၏ နေ့စဉ် မိုးလေဝသ အခြေအနေများနှင့် ရာသီဥတု အနေအထားများမှာ ကမ္ဘာ့မြေထု၊ ရေထုနှင့် လေထုတို့၏ အပြန်အလှန် အမှီသဟဲပြုနေမှုများကြောင့် သဘာဝအလျောက် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကြီး မပျက်စီးသေးခင်အချိန်က၊ ဂေဟစနစ် ကောင်းစွာဖြစ်ထွန်းခဲ့သည့်အချိန်က ဂေဟဗေဒ သဘောတရားအရ အပြန်အလှန် အမှီသဟဲပြုရင်း၊ အပြန် အလှန် အကျိုးပြုရင်း ဖြစ်ပေါ်ခဲ့ကြခြင်းဖြစ်သည်။

ယုတ်စွအဆုံး မျက်မှောက်ကာလနှင့် အနီးစပ်ဆုံးဟုပင် ဆိုရမည်ဖြစ်သော နယ်မြေသစ်စွန့်စားရှာဖွေသူ ခရစ္စတိုဖာ ကိုလံဘတ်စ်က အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သည့် ၁၅၀၂ ခုနှစ်အထိ တစ်နည်းအားဖြင့် ၁၆ ရာစုနှစ် အစအဦးပိုင်း အချိန်အထိ ကမ္ဘာ့မိုးလေဝသ အခြေအနေများနှင့် ရာသီဥတုတို့မှာ ပြင်ပပယောဂများ မပါဘဲ သဘာဝအလျောက်သာ ဖြစ်ပေါ် ပြောင်းလဲနေခဲ့ကြသည်။

သို့ရာတွင် ကမ္ဘာ့မြောက်ခြမ်းရှိ ဥရောပနိုင်ငံများ၌ စက်မှု အတတ်ပညာများ စတင်ဖွံ့ ဖြိုးတိုးတက်လာချိန် နောက်ပိုင်းမှ စ၍ မိုးလေဝသအခြေအနေနှင့် ရာသီဥတုတို့ ဖြစ်ပေါ်သည့် ဖြစ်စဉ်အရပ်ရပ်အပေါ် ကမ္ဘာ့မြေထု၊ ရေထုနှင့် လေထုတို့က ရာနှုန်းပြည့်ဖန်တီးခွင့် မရရှိကြတော့ပေ။ အကြောင်းမူကား မိုးလေဝသအခြေအနေနှင့် ရာသီဥတုဖြစ်စဉ်တို့အပေါ် သက်ရှိ လူသားတို့ကပါ ဝင်ရောက်ခြယ်လှယ် လွှမ်းမိုး ဖန်တီးလာကြသောကြောင့်ပင် ဖြစ်သည်။

ကမ္ဘာ့လူသားတို့သည် လွန်ခဲ့သည့် နှစ်ပေါင်း တစ်သောင်းခန့်မှစ၍ စိုက်ပျိုးရေးလုပ်ငန်းများကို စတင် လုပ်ဆောင်လာခဲ့ကြသည်။ သစ်ပင်သစ်တောနှင့် ဇီဝမျိုးစုံတို့ အပြန်အလှန် အမှီသဟဲပြုနေကြသော ဂေဟစနစ်ကြီးသည် ထိုအချိန်ကာလ ကတည်းက စတင်ပျက်ယွင်းလာခဲ့သည်။ သဘာဝအလျောက် ပေါက်ရောက်နေသော သစ်ပင်နှင့် သစ်တောအုပ်များကို လူသားတို့က ခုတ်ထွင်ရှင်းလင်း၍ မိမိတို့အလိုရှိရာ အပင်များကို ကမ္ဘာ့မြေလွှာပေါ်၌ စတင်စိုက်ပျိုးခဲ့ကြသည်။

သစ်ပင်တစ်ပင်ကို ခုတ်ထွင်ရှင်းလင်းတိုင်း အင်းဆက် ပိုးမွှားများနှင့် အဏုဇီဝပိုးမွှားများအဖို့ ခိုလှုံရာကင်းမဲ့ခြင်း၊ စားကျက် ပျောက်ဆုံးခြင်း၊ ရှင်သန်ပေါက်ပွားရန် ခက်ခဲလာ ခြင်း၊ မျိုးသုဉ်းပျောက်ကွယ်ခြင်းစသော အပျက်တရားများနှင့် ရင်ဆိုင်ကြုံတွေ့ ကြရသည်ဖြစ်ရာ လူတို့၏ စိုက်ပျိုးရေးလုပ်ငန်းအတွက် ရှင်းလင်းခုတ်ထွင်လိုက်ကြသော ဟက်တာပေါင်း သိန်းသန်းချီရှိသည့် အဝန်းအဝိုင်းအတွင်း သဘာဝပေါက်ပင် မည်မျှပျက်စီးမည်၊ ဇီဝမျိုးစိတ်ပေါင်း မရေမတွက်နိုင်အောင် ပျက်ကိန်းကြုံကြရမည်ကို တွေးကြည့်ရုံဖြင့်ပင် လွယ်လင့်တကူ သိနိုင်မည်ဖြစ်သည်။

သို့ရာတွင် စိုက်ပျိုးရေးလုပ်ငန်း စတင်ထွန်းကားချိန်က ကမ္ဘာ့သစ်ပင်သစ်တော စုစုပေါင်းပမာဏနှင့် နှိုင်းစာလျှင် ခုတ်ထွင်ရှင်းလင်းခံရသော သစ်ပင်သစ်တောမှာ အနည်းစု မျှသာဖြစ်သည့်အတွက် ဂေဟစနစ် ပျက်ယွင်းလာသည့်တိုင် ကမ္ဘာ့ မိုးလေဝသနှင့် ရာသီဥတုဖြစ်စဉ်များအပေါ် အကျိုး သက်ရောက်စေမှုက မရှိသလောက် နည်းပါးခဲ့သည်။

လူသားတို့ကြောင့် မိုးလေဝသပြောင်းလဲမှု

စက်မှုတော်လှန်ရေးကာလရောက်ရှိချိန်နှင့် နောက်ပိုင်းမှ သာလျှင် ကာဗွန်ဓာတ်ငွေ့အပါအဝင် ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့များကို လေထုထဲသို့စွန့်ထုတ်မှု တစ်စတစ်စ တိုး၍ များပြားလာခဲ့ရာ ကမ္ဘာအရပ်ရပ်ရှိ သစ်ပင်သစ်တောများက စုပ်ယူသိုလှောင်ပေးထားနိုင်သော ကာဗွန်ဓာတ်ငွေ့ ပမာဏကိုပင် ကျော်လွန်လာခဲ့သည်။ သစ်ပင်သစ်တောများနည်းတူ ကမ္ဘာပေါ်ရှိ ပင်လယ်နှင့် သမုဒ္ဒရာရေပြင်များကလည်း ကာဗွန်ဓာတ်ငွေ့များကို စုပ်ယူပေးနေကြပါလျက်နှင့် ယင်းကဲ့သို့ သစ်ပင်သစ်တောနှင့် ပင်လယ်သမုဒ္ဒရာတို့က စုပ်ယူနိုင်စွမ်းကို ကျော်လွှားလွန်မြောက်အောင် စွန့်ထုတ်နေကြသော ကာဗွန် အပါအဝင် ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့များသည် ကမ္ဘာမြေကြီးကို ဖန်လုံအိမ်ကြီးတစ်ခုအဖြစ် အုပ်မိုးကာရံထားလိုက် ကြတော့သည်။

ဖန်လုံအိမ်ဖြစ်လာသော က္ဘာကြီးသည် နေမှကျရောက် လာသော ရောင်ခြည်အလင်းတန်းများကို က္ဘာ့အပြင်ဘက်သို့ အပြည့်အဝ ပြန်ထုတ်ပေးနိုင်စွမ်းမရှိတော့သဖြင့် သိသာစွာ ပူနွေးလာတော့သည်။ ကမ္ဘာကြီးပူနွေးလာမှုဖြစ်စဉ် (Warming)သည် ကမ္ဘာ့မိုးလေဝသ အခြေအနေနှင့် ရာသီဥတုတို့အပေါ် လွှမ်းမိုးချုပ်ကိုင်သည့် လူတို့၏ ပယောဂများ ကြောင့် ဖြစ်သည်။

ထို့ကြောင့်ပင် ခေတ်သစ်သိပ္ပံပညာဆိုင်ရာ ရာသီဥတုဗေဒ၌ ရာသီဥတုကို ဖြစ်ပေါ်စေသော အကြောင်းတရားများတွင် ကမ္ဘာ့မြေထု၊ ရေထုနှင့် လေထုတို့ကိုသာမက လူသားတို့အပါဝင် သက်ရှိတို့၏ အခန်းကဏ္ဍဖြစ်သော ဘိုင်အိုစဖီးယား (Biosphere)ကိုပါ ထည့်သွင်းတွက်ချက်သည့်နည်းများဖြင့် ကဏ္ဍသစ် ဖွင့်လှစ်ခဲ့ကြရပြီ ဖြစ်သည်။ ဤသို့အားဖြင့် ရာသီ ဥတုဆိုင်ရာ သိပ္ပံပညာရှင်တို့သည် ခေတ်သစ် မိုးလေဝသ ခန့်မှန်းတွက်ချက်နည်းများ၊ ရာသီဥတုဖြစ်စဉ် လေ့လာမှုများ ကို ခေတ်နှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် လေးလေးနက်နက် လေ့လာနိုင်ခဲ့ကြသည်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း

ထိုကဲ့သို့ လုပ်ဆောင်လာခဲ့ကြရာမှ ၂၀ ရာစု နှောင်းပိုင်း အရောက်တွင် အလွန်ထိတ်လန့်ဖွယ်ကောင်းသော ကမ္ဘာလုံးဆိုင်ရာ အခြေအနေတစ်ရပ်ကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့ကြသည်။ ထိုအခြေအနေသည်ကား ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာနေ ခြင်း(Climate Change)ပင် ဖြစ်သည်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်းဆိုသည်မှာ ရာသီဥတု တစ်ခုမှတစ်ခုသို့ ကူး ပြောင်းခြင်းမျိုးမဟုတ်ဘဲ ရာသီခွင်တစ်ခုအတွင်း၌ ဖြစ်ရိုး ဖြစ်စဉ်အခြေအနေများမှ သွေဖည်လာခြင်းကို ခေါ်ဝေါ် ခြင်း ဖြစ်သည်။

သာဓကအားဖြင့် မိုးဥတုကာလတွင် ပုံမှန် ရွာသွန်းမြဲထက် ပိုမိုရွာသွန်းခြင်း၊ ပုံမှန်ရွာသွန်းမြဲအောက် မိုးရေချိန် လျော့ကျ ရွာသွန်းခြင်းနှင့် မိုးခေါင်နေခြင်း၊ နွေရာသီကာလတွင် ပုံမှန် အပူချိန်ထက် ပိုမိုမြင့်တက်ခြင်း၊ နွေခေါင်ခေါင်တွင် မိုးသည်း ထန်စွာ ရွာသွန်းခြင်း၊ နွေလယ်အပူချိန်များ ကျဆင်းခြင်း၊ ဆောင်းဥတုတွင် ပုံမှန်ထက် အအေးပိုမိုလွန်ကဲခြင်း၊ အအေး ပေါ့ခြင်း၊ အေးမြသောရက်ကာလ တိုတောင်းခြင်း စသည်တို့သည် မိုးလေဝသအခြေအနေ ကစဉ့်ကလျားဖြစ်ခြင်းနှင့် ရာသီဥတုပြောင်းလဲနေခြင်းတို့၏ ကြန်အင်လက္ခဏာများ ဖြစ်ကြသည်။

ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်များ

ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်အချို့အနေဖြင့် ကောက်ပဲသီးနှံများ ပုံမှန်ရင့်မှည့်ရမည့်အချိန်ထက်စော၍ ရင့်မှည့်ခြင်း သို့တည်းမဟုတ် နောက်ကျပြီးမှ ရင့်မှည့်ခြင်း၊ ကမ္ဘာ့တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းရှိ အစဉ် အေးခဲနေသော ရေခဲလွှာများ အရည်ပျော်ကျလာနေခြင်း၊ ပင်လယ် ရေတိမ်ပိုင်းရှိ သန္တာကျောက်တန်းများ ကွဲအက်ပျက်စီးလာခြင်း၊ သန္တာကျောက်တန်း အသစ်ဖြစ်တည်မှုထက် ပျက်စီးမှုက ပိုမိုများပြားလာခြင်း၊ ယခင်က အပူပိုင်းဒေသ၌သာ ပေါက်ပွား ရှင်သန်နိုင်သည့် ခြင်များမှာ သမပိုင်းဒေသ၌ပါ ပေါက်ပွားရှင်သန်ပြီး လူတို့အား ပြင်းထန်သောရောဂါပိုးများ ပိုမိုစွဲကပ် ကျရောက်စေခြင်း၊ တွားသွားသတ္တဝါအချို့နှင့် အင်းဆက်ပိုး အချို့ အရွယ်အစားလျော့ကျလာခြင်း စသည်တို့ကို ကြုံတွေ့ နေကြရသည်။

ရှဉ့်နှင့် ကြွက်စသော တွားသွားသတ္တဝါများ၏ ၄၀ ရာခိုင် နှုန်းမှာ အရွယ်အစား သေးသွယ်လျော့ကျလာနေသလို ပိုးတောင်မာများ၊ ပင့်ကူ၊ ပုရွက်နှင့် နကျယ်စသော အင်းဆက် ပိုးများ၏ ၅၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းမှာလည်း အရွယ် အစား ကြုံလှီလာနေကြပြီဖြစ်သည်။ ရာသီဥတုပြောင်းလဲကာပူချိန် မြင့်တက်ခြင်း၊ မိုးရွာသွန်းချိန် ပြောင်းလဲခြင်းနှင့် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲခြင်းတို့ကြောင့် အဏုဇီဝရုပ်များမှသည် အသားစားသတ္တဝါကြီးများအထိ မျိုးစိတ်ပေါင်း ၄၅ ရာခိုင်နှုန်းနီးပါးမှာ မျိုးရိုးလိုက်ပြီး အရွယ်အစား သေးငယ်လာ နေကြသည်။

အင်းဆက်ပိုးမွှားများ၊ တွားသွားသတ္တဝါများ၊ ကုန်းနေ သတ္တဝါများနှင့် ရေနေသွေးအေးသတ္တဝါများသည် ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်ကြောင့် အပူချိန် တစ်ဒီဂရီ ဆဲလ်စီးယပ်စ် တိုးလာတိုင်း ဇီဝဖြစ်စဉ်ပြောင်းလဲမှု ၁၀ ရာခိုင်နှုန်း ဖြစ်ပေါ် လျက်ရှိနေကြသည်။ သာဓကအချို့အဖြစ် ယခင်က တွားသွား သတ္တဝါတို့၏သွေးကို စုပ်ယူစားသုံးခြင်းမရှိသော ခြင်များမှာ ယခုအခါ တွားသွားသတ္တဝါတို့၏သွေးကိုပါ စုပ်ယူစားသုံးလာ ကြခြင်းနှင့် အသီးအရွက်ကိုသာစားသုံးသော မျောက်မျိုးစိတ် အချို့မှာ အသားကိုပါ စားသုံးလာကြခြင်းတို့ကို တွေ့ မြင်နိုင်သည်။

ရာသီဥတုပြောင်းလဲခြင်း၏ ထင်ရှားသော အကျိုးဆက်ကြီး တစ်ခုကို သစ်ပင်သစ်တောကဏ္ဍ၌လည်း တွေ့ မြင်နိုင်သည်။ ကမ္ဘာမြေပြင်ပေါ်ရှိ သစ်ပင်သစ်တောများသည် ကမ္ဘာမြေ အတွက်လိုအပ်သော စုစုပေါင်း အောက်ဆီဂျင်ဓာတ်ငွေ့ ပမာဏ၏ ၂၀ ရာခိုင်နှုန်းကို ထုတ်လွှတ်ပေးလျက်ရှိနေကြ သလို ပင်လယ်သမုဒ္ဒရာနှင့် မြစ်ချောင်းအင်းအိုင်တို့၏ ရေပြင် အောက်ရှိ ရေညှိရေမှော်ပင်များကလည်း ကမ္ဘာမြေအတွက် လိုအပ်သော အောက်ဆီဂျင်ဓာတ်ငွေ့ပမာဏ စုစုပေါင်း၏ ၇၉ ရာခိုင်နှုန်းကို ထုတ်လွှတ်ပေးလျက် ရှိနေကြသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့အပူချိန် မြင့်တက်လာ ခြင်း၊ မြေ၏စိုထိုင်းဆ ပြောင်းလဲခြင်း၊ မြေဆီဩဇာဟုဆိုရမည့် မြေကြီးထဲရှိ ဒြပ်စင်အချိုးအစားများ ပြောင်းလဲခြင်းတို့ ဖြစ် ပေါ်လာကာ အပင်များမှာ သေးငယ်ကြုံလှီလာလျက်ရှိသလို အောက်ဆီဂျင် ထုတ်လွှတ်ပေးနိုင်သည့် ပမာဏမှာလည်း လျော့နည်းကျဆင်းလျက် ရှိနေသည်။ မြေကြီးထဲမှအာဟာရများကို စုပ်ယူကာ နေရောင်ဖြင့် အစာချက်လုပ်သည့် အလင်းဖွဲ့ အစာချက်ဖြစ်စဉ်အတွင်း လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူ၍ လေထုထဲသို့ အောက်ဆီဂျင်ဓာတ်ငွေ့နှင့် ရေငွေ့များကို ထုတ်လွှတ်ပေးနေ ကြသော သစ်ပင်တို့၏ ဇီဝဖြစ်စဉ်တွင် အပင်အရွယ်အစား ကြုံလှီလာနေခြင်းက သက်ရောက်မှုများစွာ ဖြစ်ပေါ်စေသည်။ ကြီးထွားအရွယ်ရောက်ပြီးသော သစ်ပင်တစ်ပင်သည် နေ့စဉ် လူ ၁၈ ဦးစာအတွက် အောက်ဆီဂျင်ဓာတ်ငွေ့ အလုံအလောက် ထုတ်လွှတ်ပေးနိုင်သလို လေထုထဲသို့ ရေငွေ့ လီတာပေါင်းများစွာကို ထုတ်လွှတ်ပေးနေခြင်းဖြင့်လည်း ပတ်ဝန်းကျင်၏ အပူချိန်ကို လျှော့ချပေးနိုင်စွမ်းရှိသည်။ အရွယ်ရောက်သင့်သည့်အချိန်တွင် အပင်များ ကြုံလှီသေးသွယ်နေခြင်းသည် အောက်ဆီဂျင်နှင့် ရေငွေ့ထုတ်လွှတ်နိုင်မှုများကို လျော့ကျ စေလျက်ရှိသည်။

အဆိုးသံသရာ

ဒေသတစ်ခု၏ လေထုအတွင်း ရေငွေ့ပါဝင်နှုန်းသည် အဆိုပါဒေသ၏ မိုးလေဝသအခြေအနေအပေါ် များစွာ အကျိုး သက်ရောက်စေသည်ဖြစ်ရာ သစ်ပင်များ၏ ရေငွေ့ထုတ်လွှတ်နိုင်မှု နည်းပါးနေခြင်းက မိုးလေဝသ အခြေအနေကို အဆိုး ဘက်သို့ ဦးတည်စေလျက်ရှိသည်။ ဤသို့အားဖြင့် လူတို့၏ ပယောဂကြောင့်ဖြစ်ရသော ကာဗွန်ထုတ်လွှတ်မှု၊ ဖန်လုံအိမ် အာနိသင်၊ ကမ္ဘာကြီးပူနွေးမှု၊ မိုးလေဝသအခြေအနေ ကစဉ့် ကလျားဖြစ်မှု၊ ရာသီဥတုပြောင်းလဲမှုတို့သည် လူနှင့် သက်ရှိ မျိုးစိတ်အားလုံးကို ဆိုးကျိုးများ ထပ်ဆင့် သက်ရောက်စေကာ ထိုသို့သော ဆိုးကျိုးသက်ရောက်စေမှုများကပင် တစ်ဖန် ပြန်၍ မိုးလေဝသ အခြေအနေကို ကစဉ့်ကလျား ဖြစ်ပေါ်စေခြင်းဖြင့် အဆိုးသံသရာထဲ၌ လည်နေရမည့်အကြောင်းကို ဖန်လာစေသည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲနေခြင်းကို တိုက်ဖျက်နိုင်ရေးသည် စိတ်ကူးယဉ်ဆန်နေရုံမျှဖြင့်၊ အမြင်ကောင်းအောင် ဟန်ဆောင်ဟန်ပြ လုပ်ဆောင်ပြနေရုံမျှဖြင့် ကျော်လွှား ပြီးမြောက်သွားနိုင်လိမ့်မည် မဟုတ်ပေ။ သက်ဆိုင်ရာ အစိုးရများက ပြည်သူလူထုကို နားလည်သဘောပေါက်အောင် နည်းလမ်းမျိုးစုံဖြင့် ရှင်းပြပြီး ပြည်သူ့အားဖြင့် ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင် ဆောင်ရွက်စေခြင်းတို့ဖြင့်သာ ရာသီ ဥတုပြောင်းလဲမှုကို တိုက်ဖျက်ကြရမည်ဖြစ်သည်။

အခြေခံအကျဆုံးအနေဖြင့် ကမ္ဘာ့လူဦးရေ သန်း ၇၀ဝဝ ကျော်တို့သည် လူတစ်ဦးချင်းက တစ်နှစ်လျှင် နှစ်လတ် သို့မဟုတ် နှစ်ရှည်ပင် တစ်ပင်စီကို ရှင်သန်အောင် စိုက်ပျိုး နိုင်ကြမည်ဆိုပါက နှစ်စဉ် ကမ္ဘာပေါ်၌ သစ်ပင်ကြီးများ သန်း ၇၀ဝဝ ကျော် တိုးပွားလာလိမ့်မည်ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း သစ်တောပြုန်းတီးမှုကိုဖြစ်စေသော မည်သည့် လုပ်ရပ်မျိုးကိုမဆို အစိုးရများနှင့် ပြည်သူလူထုတို့က ထိထိရောက်ရောက် ဆန့်ကျင်ဟန့်တားနိုင်မည်ဆိုပါက ကမ္ဘာ့ အပူချိန် ထပ်မံမြင့်တက်မလာနိုင်ရေးအတွက် အတိုင်းအတာ တစ်ရပ်အထိ အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဖြစ်သည်။ လူ့ပယောဂကြောင့်ဖြစ်ရသော ရာသီဥတုပြောင်းလဲမှုနှင့် မိုးလေဝသ ကစဉ့်ကလျားဖြစ်မှုတို့ကို အသိဉာဏ်မြင့်မားသော လူတို့ကပင် ပြန်လည် ထိန်းကျောင်းတည့်မတ်ကြရမည်ဖြစ်ပေသည်။
 

မြန်မာ့အလင်း