၂၅ ဧပြီ
ပြီးခဲ့သည့် သီတင်းပတ်က အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲကျင်းပနေစဉ် နှင့် ရွေးကောက်ပွဲ ကျင်းပပြီးနောက် ရဲတပ်ဖွဲ့ဝင်များ နှင့် မဲရုံ အလုပ်သမား စုစုပေါင်း အယောက် ၁၀ဝ ကျော်သေဆုံးခဲ့ကြောင်း နှင့် ပင်ပန်းနွမ်းလျမှုသည် ယင်းသို့သေဆုံးရသည့် အဓိက အကြောင်းရင်းဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားရွေးကောက်ပွဲကော်မရှင်က ယင်းရွေးကောက်ပွဲတွင် ယခုချိန်ထိသေဆုံးသူ ၁၁၉ ဦး ရှိပြီး နာမကျန်းဖြစ်သူ ၅၅၀ ခန့်ရှိသည်ဟုဆိုသည်။
သမ္မတရွေးကောက်ပွဲ နှင့် ဥပဒေပြုရွေးကောက်ပွဲ တို့ကို ပထမဆုံးတစ်ပြိုင်နက်ကျင်းပပြီး ဆန္ဒမဲကောက်ယူခြင်းကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပြီး မဲအရေအတွက်ကို ထိုနေ့မှာပင် ရေတွက်ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ ရွေးကောက်ပွဲကို ဆန္ဒမဲပေးသူ သန်း၁၅၀ ကျော်ဖြင့် မဲပေးခဲ့သည့် ကမ္ဘာအကြီးဆုံး ရွေးကောက်ပွဲဟုပင် ခေါ်ဆိုခဲ့ကြောင်း သိရသည်။
ထိုရွေးကောက်ပွဲပြုလုပ်ရာနေရာများတွင် ဆန္ဒမဲရေတွက်ရန် အလုပ်သမား ခုနစ်သန်းကျော်ကို တာဝန်ချထားပေးခဲ့ပြီး ညတွင်းချင်း ဆန္ဒမဲများရေတွက်ခဲ့ရသဖြင့် အလုပ်သမား အများအပြားမှာ ပင်ပန်းနွမ်းလျသည်ဟု ညည်းတွားခဲ့ကြကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ယင်းသမ္မတရွေးကောက်ပွဲတွင် အနိုင်ရသူကို လာမည့်လတွင် ထုတ်ပြန်ကြေညာမည်ဖြစ်သော်လည်း လက်ရှိသမ္မတ ဂျိုကို ဝီဒိုဒို ပြန်လည်ရွေးကောက်တင်မြှောက်ခံရမည်ဟု မျှော်လင့်ထားကြောင်း ဖော်ပြထားသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို