ဒေါက်တာ မိုးမိုးသွယ်

 

 

 

၂၀၁၉ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့မူပိုင်ခွင့်နေ့” အထိမ်းအမှတ် အခမ်းအနားကို ပညာရေးဝန်ကြီးဌာနက ကြီးမှူး၍ နေပြည်တော်ရှိ Park Royal Hotel တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀ဝ၁ ခုနှစ် မေလတွင် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ကြီး (World Intellectual Property Organization) ၏ ၁၇၆ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး နောက်ပိုင်းတွင် လက်ရှိပြဋ္ဌာန်း ထားရှိသော မူပိုင်ခွင့်ဥပဒေများနှင့် ကျင့်သုံးဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခဲ့သည်။ ၂၀ဝ၂ ခုနှစ်တွင် မူပိုင်ခွင့်ဥပဒေ များကို ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ကြီးနှင့် ပင်တိုင်ဆက်သွယ်ဆောင်ရွက်သည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့က ပူးပေါင်း၍ ရေးဆွဲခဲ့ကြသည်။

မူပိုင်ခွင့်ဥပဒေ(မူကြမ်း)များဖြစ်သည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေများကို “ကုန်သွယ်မှုနှင့်စပ်လျဉ်းသည့် မူပိုင်ခွင့်အခွင့်အရေးဆိုင်ရာ သဘောတူညီချက်” (Trade Related Aspects of Intellectual Property Rights-TRIPS) တွင် ဖော်ပြထားသည့် စံနှုန်းများကို အခြေခံပြီး မြန်မာနိုင်ငံ၏ ပြဋ္ဌာန်းထားသော မူဝါဒများ၊ လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိစေရန် ရည်ရွယ်၍ ရေးဆွဲခဲ့ ပါသည်။ ၂၀ဝ၄ ခုနှစ်မှ ၂၀ဝ၆ ခုနှစ်များအထိ အဆိုပါဥပဒေ(မူကြမ်း)များအပေါ်တွင် အကြံပြုချက်များ ရရှိနိုင်ရန်အတွက် နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပညာရှင်များ၊ ဥပဒေရေးဆွဲသူများ ပါဝင်သော အဖွဲ့သည် အစည်းအဝေးအကြိမ်ပေါင်း ၅၀ နီးပါး ပြုလုပ်ကျင်းပခဲ့ပြီး ဥပဒေမူကြမ်းများကို ပြင်ဆင်ရေးဆွဲခဲ့သည်။ ထိုသို့ပြင်ဆင်ရေးဆွဲရာတွင် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ကြီးမှ ဥပဒေပညာရှင်များထံမှ အကြံပြုချက်များကိုလည်း ရယူခဲ့သည်။

၂၀ဝ၆ ခုနှစ်တွင် ဥပဒေ(မူကြမ်း)များသည် နဝမအကြိမ်မြောက် ပြင်ဆင်ပြီးသည့်အဆင့်ကို ရောက်ရှိခဲ့သော်လည်း ပြဋ္ဌာန်းဆောင်ရွက်နိုင်ခြင်း မရှိခဲ့ချေ။ ထိုသို့ပြဋ္ဌာန်းနိုင်ခဲ့ခြင်း မရှိခဲ့သည့် အဓိကအကြောင်းရင်းမှာ ၂၀ဝ၆ ခုနှစ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organiza-tion- WTO) ၏ နှစ်ပတ်လည် အစည်းအဝေးတွင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများအား TRIPS ကို လိုက်နာဆောင်ရွက်ရမည့်ကာလကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ် လိ်ုက်ခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်ပါ၍ မူပိုင်ခွင့်ဌာနသည် မူပိုင်ခွင့်ဥပဒေ (မူကြမ်း)များကို ၂၀၁၂ ခုနှစ် နောက်ပိုင်းကာလတွင်မှ  ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ကြီးမှ ဥပဒေပညာရှင်များ၏ အကူအညီဖြင့် ပြန်လည်စိစစ်ဆောင်ရွက်ခဲ့ရသည်။

တိုးတက်ပြောင်းလဲလျက်ရှိသော ခေတ်စနစ်နှင့်လျော်ညီသည့် မူပိုင်ခွင့်ဥပဒေများ ရရှိနိုင်ရေးအတွက် ပြန်လည်ပြင်ဆင် ရေးသားခဲ့သည်။ ပြည်တွင်း၊ ပြည်ပမှ မူပိုင်ခွင့်ကျွမ်းကျင်သူ ပညာရှင်များ၊ မူပိုင်ခွင့်နှင့်ဆက်နွှယ်သော အဖွဲ့အစည်းများမှ ပညာရှင်များနှင့် ပြည်သူများထံမှ ဝေဖန်အကြံပြုချက်များကို လက်ခံ၍ လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့သည်။

၂၀၁၅ ခုနှစ် ဇွန်လ ၂၄ ရက်တွင် မူပိုင်ခွင့်ဥပဒေများကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အတည်ပြုချက်ရယူ၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လွှတ်တော်သို့ တင်သွင်းနိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လမှစ၍ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနှင့် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေများကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် ဆွေးနွေးနိုင်ခဲ့သော်လည်း နိုင်ငံတော်တွင် ရွေးကောက်ပွဲကျင်းပမည့် အချိန်နှင့် တိုက်ဆိုင်နေသောကြောင့် ၂၀၁၆ ခုနှစ်အတွင်း မူပိုင်ခွင့်ဥပဒေ လေးရပ်လုံးကို ပြီးစီးအောင်ဆောင်ရွက်ရန် အချိန်မလုံလောက်ခဲ့ခြင်းကြောင့် ဥပဒေများကို ပြဋ္ဌာန်းဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

သို့ဖြစ်ပါ၍ ၂၀၁၆ ခုနှစ် လက်ရှိအစိုးရလက်ထက်တွင် မူပိုင်ခွင့်ဥပဒေ(မူကြမ်း)များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှတ်တော်သို့ တင်သွင်းနိုင်ရေးအတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ပြန်လည်ဆောင်ရွက်ခဲ့ရသည်။ ထို့နောက် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှု မူပိုင်ခွင့်ဥပဒေတို့ကို လည်းကောင်း၊ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေကိုလည်းကောင်း လွှတ်တော်သို့ တင်သွင်းနိုင်ခဲ့သည်။

မူပိုင်ခွင့်ဥပဒေများကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ အမျိုးသားလွှတ်တော်တွင် လည်းကောင်း၊ ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီလ ၂၇ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်အထိ ပြည်သူ့လွှတ်တော်တွင် လည်းကောင်း ဆွေးနွေးအတည်ပြုနိုင်ခဲ့သည်။ ၎င်းအပြင် ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင်တီထွင်မှု မူပိုင်ခွင့်ဥပဒေကို အတည်ပြုဆွေးနွေးနိုင်ခဲ့သည်။ စာပေနှင့် အနုပညာမူပိုင်ခွင့်ကို ၁-၂-၂၀၁၉ ရက်နေ့၊ ၇-၂-၂၀၁၉ ရက်နေ့နှင့် ၁၈-၄-၂၀၁၉ ရက်နေ့တို့တွင် အတည်ပြုနိုင်ရေးအတွက် သုံးကြိမ်တိုင်တိုင် ဆွေးနွေးနိုင်ခဲ့ပါသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်၂/၂၀၁၉ ဖြင့်လည်းကောင်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်၃/၂၀၁၉ ဖြင့်လည်းကောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၇/၂၀၁၉ ဖြင့်၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် လည်းကောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ခဲ့သည်။ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေကိုလည်း မကြာမီ အတည်ပြုနိုင်မည် ဖြစ်ပါသည်။

မူပိုင်ခွင့်ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်မည့် မူပိုင်ခွင့်အေဂျင်စီအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်း၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ၎င်းအပြင် မူပိုင်ခွင့်ဗဟိုကော်မတီကိုလည်း ဒုတိယသမ္မတ ဦးဆောင်ပါဝင်မည့် အဖွဲ့မှဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနေဖြင့် “ကမ္ဘာ့မူပိုင်ခွင့်နေ့”ကို မူပိုင်ခွင့် ဥပဒေများပြဋ္ဌာန်း၍ ကြိုဆိုလိုက်ရပါသည်။