ခင်မောင်ညို (ဘောဂဗေဒ)

မကြာခဏ ပြောသံကြားရတဲ့ ကိစ္စတစ်ခုကတော့ သီအိုရီကတခြား၊ လက်တွေ့က တခြားတို့၊ သီအိုရီက လွဲနေတယ်တို့ပေါ့။ မကြာခဏ ပြန်ပြောလေ့ရှိတာကတော့ ဘယ်သီအိုရီကို သုံးနေသလဲ ဆိုတဲ့မေးခွန်းပါ။

လွတ်လပ်ခွင့်နှင့် ဗဟိုဘဏ်

အခုလည်း ဒီလိုပဲ။ သီအိုရီက တခြားလား၊ လက်တွေ့က တခြားလား၊ သီအိုရီနဲ့ လက်တွေ့ဆက်မိသလား၊ မဆက်မိဘူးလား။ ဘောဂဗေဒဘာသာရပ်ကို ဝေဖန်တဲ့သူတွေက ဘောဂဗေဒဘာသာရပ်ဟာ အတော်ချုံ့လွန်းတယ်(Abstract)။ ဒါကြောင့် တကယ့်လက်တွေ့ဘဝနဲ့ ကင်းကွာနေတယ်ပေါ့။ အဲဒီအမြင်၊ အဲဒီဝေဖန်ချက်ကို တန်ပြန်နိုင်တဲ့ ကိစ္စတစ်ခုကတော့ ဗဟိုဘဏ်တွေရဲ့ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပါတယ်။ ဒီနေရာမှာလည်းပဲ ဗဟိုဘဏ်တွေကို လွတ်လပ်ခွင့်ပေးလိုက်တဲ့အတွက် ဘယ်လိုဖြစ်သွားရတယ်ဆိုတဲ့ အမြင်တွေလည်း ရှိနေတယ်ဆိုတာ ပထမဆုံး သတိထားမိဖို့ လိုပါတယ်။

လွန်ခဲ့တဲ့ ၂၅ နှစ်လောက်တုန်းက ကမ္ဘာပေါ်မှာ ဗဟိုဘဏ်တွေ အတော်လေး လွတ်လပ်ခွင့်ရခဲ့ကြတယ်။ ၁၉၇၀ ပြည့်လွန် နှစ်တွေတုန်းကတော့ နိုင်ငံရေးသမားတွေဟာ သူတို့ကို လူကြိုက်များအောင် ဗဟိုဘဏ်ကနေတစ်ဆင့် အတိုးနှုန်းကို ကစားလေ့ ရှိကြတယ်။ အဲဒီလိုလုပ်တော့ ရလဒ်က ငွေဖောင်းပွမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာပါ။ အဲဒီအခါကျတော့ ချမ်းသာတဲ့ နိုင်ငံတွေရော ဆင်းရဲတဲ့နိုင်ငံတွေမှာပါ နိုင်ငံရေးသမားတွေက ဈေးနှုန်းတည်ငြိမ်ရေးလို ကျယ်ပြန့်တဲ့ ရည်မှန်းချက်တွေချပေး၊ လွတ်လပ်တဲ့ ဗဟိုဘဏ်တွေက အဲဒီရည်မှန်းချက်ရအောင် အကောင်အထည်ဖော်တဲ့နည်းကို သုံးလာကြတယ်။ မျိုးဆက်တစ်ခု လောက်အတွင်းမှာ ကမ္ဘာပေါ်က သန်းထောင်ချီရှိနေတဲ့ လူတွေဟာ နိမ့်ကျပြီး တည်ငြိမ်နေတဲ့ ငွေဖောင်းပွမှုနှုန်း ဆိုတာရယ်၊ သူတို့ရဲ့ အပ်ငွေတွေနဲ့ အပေါင်ခံချေးငွေရဲ့ အတိုးနှုန်းတွေကိုလည်း ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ သဘောတရားတွေနဲ့ နေသားကျလာခဲ့ကြပါတယ်။

 

ဆင်ခြင်သုံးသပ်မှုတွေလုပ်သင့်

အခုကျတော့ အဲဒီလိုမဟုတ်ပြန်ဘူး။ အကြောင်းတရားသုံးခု ဆုံစည်းမိပြီး ဖြစ်ရတဲ့အခြေအနေပါ။ တစ်ခုက လူကြိုက် များအောင်လုပ်တာ ခေတ်စားလာတာပါ။ နောက်တစ်ခုကတော့ အမျိုးသားရေးဝါဒ (Nationalism) ပါ။ နောက်ဆုံး တစ်ခုကတော့ ငွေကြေးမူဝါဒကို နိုင်ငံရေးအရောင်ဆိုးဖို့ ဖြစ်လာစေတဲ့ စီးပွားရေး အကြောင်းတရားတွေကြောင့်ပါ။

အခုတလော တွေ့ရတဲ့ဖြစ်ရပ်တွေကို ကြည့်မယ်ဆိုရင် အမေရိကန်သမ္မတက အတိုးနှုန်းချပေးဖို့ တောင်းဆိုတယ်။ ဗဟိုဘဏ် ဥက္ကဋ္ဌကို ဖြုတ်ပစ်တယ်။ အစိုးရနဲ့ နီးစပ်တဲ့၊ ဒါပေမယ့် အရည်အချင်းမရှိတဲ့ သူဌေးကြီး နှစ်ယောက်ကို ဘုတ်အဖွဲ့ထဲ ထည့်တယ်။ ဥရောပဘက်မှာ အင်္ဂလန်ဘဏ်ရဲ့ ရည်ရွယ်ချက်နဲ့ အရည်အချင်းကို ဥရောပသမဂ္ဂက ခွဲထွက်ချင်တဲ့သူတွေက အိုးမဲသုတ် ကြတယ်။

တူရကီမှာ သမ္မတနဲ့ ဗဟိုဘဏ်လွန်ဆွဲနေကြတယ်။ အိန္ဒိယမှာလည်း အစိုးရက အရည်အချင်းရှိတဲ့ ဗဟိုဘဏ် အကြီးအကဲကို ဖယ်ပြီး အလွမ်းသင့်တဲ့ သူကိုခန့်လို့ ရွေးကောက်ပွဲမတိုင်မီ အချိန်ကိုက် အတိုးနှုန်းချပေးတယ်။ ဥရောပဗဟိုဘဏ်က ထိပ်တန်းရာထူး အတော်များများဟာ နိုင်ငံရေးအရ ပြိုင်ဆိုင်လုယက်နေကြတဲ့နေရာတွေ ဖြစ်လာကြတယ်။ တကယ်တော့ ဗဟိုဘဏ် ဘာလဲ-ဘယ်လဲ၊ သူ့ရဲ့ရည်မှန်းချက်တွေနဲ့ နည်းလမ်းတွေက ဘယ်လိုလဲဆိုတာ ပြန်ပြီး ဆင်ခြင်သုံးသပ်မှုတွေ လုပ်ဖို့တော့ ကောင်းတာ အမှန်ပါ။

ငွေဖောင်းပွမှု

ဒါပေမယ့် အခုဖြစ်နေတာက အန္တရာယ်ကြီးမားတဲ့ အင်အားစုတွေကြောင့် စီးပွားရေးတည်ငြိမ်မှုအပေါ် အထိတ်တလန့်ဖြစ်စရာ အကျိုးဆက်တွေ တွေ့ရမယ့် အလားအလာတွေ ပေါ်ပေါက်လာတာပါ။ ဗဟိုဘဏ်ကိုနိုင်ငံရေးအရောင်ဆိုးခံရတဲ့ ပြဿနာက ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဆိုးဆိုးရွားရွား ဖြစ်လာခဲ့ပါတယ်။ စစ်ပြီးခေတ် ဘရက်တန်ဝုဒ် ငွေကြေးစနစ်ပျက် သုဉ်းသွားပြီးနောက် ဗဟိုဘဏ်တွေဟာ ငွေဖောင်းပွမှု မြန်ဆန်မြင့်မားလာတာကို မထိန်းနိုင်ကြတော့ဘူး။

ငွေဖောင်းပွမှုကို ထိန်းချုပ်လိုက်တဲ့အတွက် ရေတိုမှာ အလုပ်လက်မဲ့တွေ ဖြစ်ကြမယ့်ဒဏ်ကို နိုင်ငံရေးသမားတွေက မခံစားနိုင်ကြဘူး။ နှစ်ပေါင်း နှစ်ဆယ်လောက် ငွေဖောင်းပွမှုတွေ၊ စီးပွားရေးအကျပ်အတည်းတွေ ဖြစ်လာတဲ့အခါကျတော့မှ တစ်ကျော့ပြန်ပြီး ဗဟိုဘဏ်တွေကို လွတ်လပ်ခွင့်ပေးသင့်တယ်။ နိုင်ငံရေးအရောင် မဆိုးသင့်ဘူးဆိုတဲ့ လမ်းကြောင်းဟောင်း၊ ငွေဖောင်းပွမှုကို ဦးတည်တိုက်ခိုက်ရမယ်ဆိုတဲ့ အယူအဆ တစ်ကျော့ပြန် ခေါင်းထောင်လာခဲ့တယ်။

ယူရိုဇုန်၊ ဂျပန်နဲ့ ဗြိတိန်တို့က ဗဟိုဘဏ်တွေဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ဥပဒေအရ လွတ်လပ်တဲ့အဖွဲ့အစည်းတွေ ဖြစ်လာကြတယ်။ အမေရိကန်မှာ သမ္မတ (အိမ်ဖြူတော်)ဟာ ဗဟိုဘဏ်ရဲ့ မူဝါဒနဲ့ပတ်သက်လို့ ဘယ်တော့မှ လူသိရှင်ကြား ဝေဖန်တာမျိုး မလုပ်ဘူး။ ဒီသဘောတရားဟာ ၂၀ဝ၇-၂၀ဝ၈ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းတွေ ဖြစ်နေတဲ့အချိန်မှာတောင်မှ ရှင်သန်ခဲ့ပြီး လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်း ကမ္ဘာ့ငွေဖောင်းပွမှုနှုန်းကို တစ်နှစ်ပျမ်းမျှ လေးရာခိုင်နှုန်းအောက်ရောက်အောင် လုပ်ပေးနိုင်ခဲ့တယ်။

ဗဟိုဘဏ်တွေရဲ့ နောက်ခံသမိုင်းကြောင်း

အခုအခါ ဗဟိုဘဏ်ရဲ့ လွတ်လပ်မှုကို ခြိမ်းခြောက်လာတာက အကြောင်းသုံးခုပါ။ ပထမ အကြောင်းတရားတစ်ခုက ဗဟိုဘဏ်ကို အသုံးချပြီး လူကြိုက်များအောင် လုပ်လာကြတဲ့ နိုင်ငံရေးသမားတွေကြောင့်ပါ။ အမေရိကန်သမ္မတလို ခေါင်းဆောင်တွေက နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ အတိုးနှုန်းတွေကို ချပေးစေချင်သလို လက်ရှိအဖွဲ့အစည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို အတော်ဒုက္ခပေးချင်တဲ့စိတ်ကလည်း ပြင်းထန်နေတယ်။

အခြားအကြောင်းတရား တစ်ခုကတော့ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းဖြစ်ပြီး နောက်ပိုင်းမှာ ဗဟိုဘဏ်လုပ်ငန်းများ နယ်ပယ် ကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ဗဟိုဘဏ်အတော်များများဟာ တစ်ဖက်က အစိုးရရဲ့ ငွေချေးစာချုပ်တွေကို အများကြီးကိုင်ထားကြသလို ဘဏ္ဍာရေးလုပ်ငန်းတွေ စောင့်ကြည့်တဲ့ တာဝန်ကိုလည်း ထမ်းဆောင်နေပါတယ်။

ဗဟိုဘဏ်တွေရဲ့ နောက်ခံသမိုင်းကြောင်းကို ပြန်လှည့်ကြည့်မယ်ဆိုရင်တော့ စင်းလုံးချောမဟုတ်တာ တွေ့ရမယ်။ ဗဟိုဘဏ်တွေဟာ သမားရိုးကျမဟုတ်တဲ့ နည်းလမ်းတွေသုံး အဝင်ကြမ်းခဲ့ပေမယ့် အကျပ်အတည်းကနေ နာလန်ပြန်ထတာ နှေးကွေးနေတော့ အများပြည်သူရဲ့ အကျိုးကို ဦးတည်ဆောင်ရွက်ရမယ်ဆိုပြီး ကတိသစ္စာခံကြတဲ့ အတတ်ပညာရှင်တွေအပေါ် မဲဆန္ဒရှင်တွေက အယုံအကြည် လျော့ပါးသွားစေတယ်။ အခုလိုဖြစ်ရတာတွေအားလုံးဟာ နိုင်ငံရေး အကြောင်းတရားပဲလို့ လွယ်လွယ်ပဲ မြင်စရာဖြစ်သွားတယ်။ ပြီးတော့ အကျပ်အတည်းတွေနဲ့ ကြုံတွေ့လို့ ဗဟိုဘဏ်တွေကို လွတ်လပ်ခွင့် ပိုပေးခဲ့ရတယ်ဆိုတဲ့ သမိုင်းကြောင်းကို လူတွေက မေ့ကုန်ကြတယ်။

အမျိုးမျိုးသောဖိအားများ

နေရာဒေသအမျိုးမျိုးမှာ ဖိအားတွေအမျိုးမျိုးပေးတာကို တွေ့ရတယ်။ အမေရိကန်သမ္မတက ဗဟိုဘဏ်ကို ဦးတည်တိုက်ခိုက် တယ်။ အခုလို သူဖြုတ်ချင်တဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌကို ဖြုတ်၊ သူခန့်ချင်တဲ့သူကို ခန့်နေတာဟာ တကယ်လို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြန်ပြီးအနိုင်ရခဲ့ရင် ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ အုပ်ချုပ်ရေးမှူး နောက်နှစ်ယောက်ကို သူဘယ်လိုလုပ်ပြီး အမည်စာရင်း တင်သွင်းနိုင်မလဲဆိုတာ မရေရာဘူး။ အလုပ်အကိုင်တွေ အမျိုးမျိုးပြောင်းနေတော့ ဥရောပဗဟိုဘဏ်ရဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းကို အားနည်းစေတယ်။ သဘောမတူ အငြင်းပွားစရာတွေ ပိုဆိုးသွားနိုင်တယ်။ ဒီနှစ်ကုန်ရင် အမှုဆောင် ခြောက်ယောက်ထဲက သုံးယောက်၊ နိုင်ငံအဆင့် အုပ်ချုပ်ရေးမှူး ၁၉ ယောက်ထဲက ရှစ်ယောက်ဆိုတဲ့ အတိုးနှုန်းနဲ့ပတ်သက်လို့ မဲပေးခွင့်ရကြတဲ့သူတွေ ထွက်ကြတော့မယ်။

အထူးခြားဆုံးကိစ္စက နှစ်လေးဆယ်မှာ တစ်ခါပဲဖြစ်တဲ့ကိစ္စပါ။ ဥရောပဗဟိုဘဏ်ရဲ့ အကြီးအကဲ အပြောင်းအလဲနဲ့ ဥရောပ ကော်မရှင်နဲ့ ကောင်စီရွေးကောက်ပွဲနဲ့ ခေါင်းဆောင်အပြောင်းအလဲတွေ သွားပြီးတိုက်ဆိုင်နေတယ်။ ရာထူးအရွှေ့အပြောင်း နိုင်ငံရေးကစားကွက်တွေရဲ့ နောက်မှာ မူဝါဒထိန်းချုပ်နိုင်ဖို့ နိုင်ငံအချင်းချင်း အားပြိုင်ကြ၊ အားစမ်းကြတာကို တွေ့ရတယ်။ ဥရောပမြောက်ပိုင်းက လူတွေက ဥရောပဗဟိုဘဏ်မှာ ငွေချေးစာချုပ်ဝယ်ယူမှုကို သံသယရှိကြတယ်။ ဥရောပတောင်ပိုင်းကို ထောက်ပံ့ကြေးပေးဖို့ အကာအကွယ်ယူ လုပ်ဆောင်တာလို့ မြင်ကြတယ်။ ဆွေးနွေးစရာတွေကို ငြင်းခုန်တဲ့နည်းနဲ့ ဖြေရှင်းမယ့်အစား ထိပ်တန်းရာထူးတွေမှာ ကိုယ့်လူတွေနေရာရအောင် ကြိုးစားလာကြတယ်။ ဒီအတိုင်းဆို ပြဿနာတွေ ပိုဆိုးဦးမှာပဲ။

ပူးပေါင်းဆောင်ရွက်ကြဖို့လို

ကမ္ဘာ့ငွေဖောင်းပွမှုနှုန်းဟာ ပြန်ပြီးခေါင်းထောင်လာမယ့် အရိပ်အယောင်ရှိတယ်။ အားနည်းလာနေတဲ့ ဗဟိုဘဏ်တွေကလည်း ထိန်းဖို့ခက်တယ်။ ပိုဆိုးတာက ကမ္ဘာ့စီးပွားရေး ကျဆင်းမယ့် အလားအလာတွေကိုလည်း တွေ့နေရတယ်။ ဧပြီလ ၉ ရက်နေ့တုန်းက နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ရဲ့ အစီရင်ခံစာထွက်လာရာမှာ သူတို့မူလက ခန့်မှန်းထားတဲ့ တိုးတက်မှု နှုန်းထက်လျှော့ချပြီး ပြန်လည်ခန့်မှန်းခဲ့တာကို တွေ့ရတယ်။ ဗဟိုဘဏ်တွေအနေနဲ့ သူတို့နိုင်ငံရဲ့ စီးပွားရေးအခြေအနေ ကောင်းအောင် အတော်လေး ကြိုးစားကြရဦးမယ်။

ဒါကြောင့်လည်း ဗဟိုဘဏ်တွေကို အခုလို နိုင်ငံရေးအရောင်ဆိုးလာကြတာဟာ စိုးရိမ်ပူပန်စရာအန္တရာယ်တွေ ဖြစ်နေရတာပါ။ ဗဟိုဘဏ်မှာ ရှိနေကြတဲ့ အတတ်ပညာရှင်တွေအနေနဲ့ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်နေရတယ်။ ချမ်းသာတဲ့ နိုင်ငံတွေမှာ အတိုးနှုန်း သုညအထိမရောက်ခင် အတိုးထပ်ချနိုင်မယ့် အလားအလာသိပ်မရှိဘူး။ ဒီတော့ ငွေချေးစာချုပ်တွေ ပြန်လိုက်ဝယ်တာမျိုး သမားရိုးကျမဟုတ်တဲ့ နည်းတွေကို သုံးကြရတော့မယ်။ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းဖြစ်ပြီးတဲ့နောက် အမေရိကန်နဲ့ တခြားက ဗဟိုဘဏ်တွေအရေးကြီးလို့ သွေးစည်းခဲ့ကြသလို အခုလည်း တစ်ကမ္ဘာလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုတယ်။

လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရစေဖို

ဥရောပမှာ နောက်ထပ်ဘဏ္ဍာရေးပြဿနာ ထပ်မဖြစ်ရအောင် ဘယ်နည်းနဲ့မဆို ဥရောပဗဟိုဘဏ်က လုပ်ပေးမှာဖြစ်တယ်လို့ ဈေးကွက်က ယုံကြည်လက်ခံလာအောင် ဥရောပဗဟိုဘဏ်က လုပ်ပေးဖို့လိုတယ်။ အရည်အချင်းမရှိတဲ့သူတွေ၊ မြောက်ဥရောပက လက်ရဲဇက်ရဲနိုင်တဲ့ သူတွေလို နိုင်ငံရေးအရ ရာထူးပေးခံရတဲ့သူတွေ ရှိနေလေတော့ စောစောကပြောခဲ့တဲ့ အလုပ်တွေကိုလုပ်ဖို့ ပိုခက်တယ်။ သူတို့ရဲ့ မဲဆန္ဒတွေသာမက သူတို့ရဲ့အပြောတွေကလည်း အရေးကြီးတယ်။ ပိုဆိုးတာက စီးပွားရေးနှေးကွေးမှု တစ်စုံတစ်ရာနဲ့ ကြုံတွေ့တဲ့အခါ ဗဟိုဘဏ်တွေ ဘာဆောင်သင့်၊ ဘာရှောင်သင့်တယ်ဆိုတဲ့ ကိစ္စကို အများပြည်သူ ဆွေးနွေးငြင်းခုံကြတဲ့အခါ တလွဲတွေဖြစ်အောင် ဒုက္ခပေး အဆိပ်ခတ်နိုင်တယ်။

မှန်ပါတယ်။ ဗဟိုဘဏ်ရဲ့ငွေကြေးမူဝါဒဆိုင်ရာ ရည်မှန်းချက်တွေ၊ နည်းလမ်းတွေကို ဒီမိုကရေစီနည်းကျကျ စိစစ်သင့်တာပေါ့။ ဗဟိုဘဏ်တွေဟာလည်း လွှတ်တော်ကို တာဝန်ခံကြရမှာပေါ့။ ဗဟိုဘဏ်ဟာ စီးပွားရေးကျချိန်အတွက် အဆင်သင့်ဖြစ်အောင် ကိုယ့်ရဲ့ရည်မှန်းချက်တွေ ပြန်လည်သုံးသပ်တာကို အမေရိကန်ကအစ တခြားနိုင်ငံက ဗဟိုဘဏ်တွေအဆုံး ဆောင်ရွက်ကြ ရမှာပါ။

ရေရှည်မှာ ဒီနည်းဟာ ဗဟိုဘဏ်တွေရဲ့ တရားဝင်တရားသဖြင့် ရပ်တည်မှုနဲ့ လွတ်လပ်စွာ လုပ်ငန်းဆောင်ရွက်နိုင်ခွင့်တို့အတွက် အထောက်အကူ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့နိုင်ငံရေး ပတ်ဝန်းကျင်အခြေအနေက နိုင်ငံရေးသမားတွေအနေနဲ့ အမှန်တကယ် ချင့်ချိန်စဉ်းစားကြ၊ ဆွေးနွေးငြင်းခုန်ချင်ကြရဲ့လားဆိုတာ မသေချာ။ ဒါပေမယ့် ဗဟိုဘဏ်တွေ လူသိများ၊ လူမြင်သူမြင် များလာလေ၊ ပြင်ပက ဖိအားတွေများလာပြီး တစ်လချင်း ဆုံးဖြတ်ချက်ချရတာတွေ ပိုခက်လာလေ၊ ကိုယ့်အကြိုက် ရွေးထားတဲ့သူတွေရဲ့ ယောင်ဝါးဝါး အတွေးအခေါ်တွေအောက် ရောက်တာနဲ့ ကြုံရလေလေဖြစ်မယ်။ ဒါကြောင့်လည်း ဘောဂဗေဒ သီအိုရီသမားတွေက ဗဟိုဘဏ်ကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရစေဖို့ နိုင်ငံရေးအရောင် မဆိုးစေချင်ခဲ့ကြတာပါ။ အတိတ် နှစ်လေးဆယ်ကို ပြန်ကြည့်ရင် ဘာတွေမှားသွားနိုင်သလဲဆိုတာ နည်းနည်းလောက် သဘောပေါက်သွားမယ်။  

ကျမ်းကိုး - The Economist,13th April, 2019