မောင်စာဂ
“ဥပဒေကို ပြည်သူများက နားလည်ကျင့်သုံးလာစေရန် ပညာပေးရေးနှင့် ပြည်သူများက ဥပဒေကို လိုက်နာသော အလေ့အကျင့် ပျိုးထောင်ပေးရေး” ဟူသည် တရားရုံးများက တရားစီရင်ရာတွင် လိုက်နာရမည့် ပဉ္စမမြောက် အခြေခံမူဖြစ်သည်။ အခြေခံမူတွင် အပိုင်းနှစ်ပိုင်း တွေ့ရသည်။ ပထမအပိုင်းသည် ဥပဒေကို ပြည်သူများက နားလည်ကျင့်သုံးလာစေရန် ပညာပေးရေးဖြစ်သည်။ ဒုတိယအပိုင်းသည် ပြည်သူများက ဥပဒေကို လိုက်နာသော အလေ့အကျင့် ပျိုးထောင်ပေးရေးဖြစ်သည်။ အပိုင်း နှစ်ပိုင်းစလုံးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်ဒွန်တွဲနေသော်လည်း အသွင်သဏ္ဌာန် အနှစ်သာရခြင်း မတူညီပါ။ အနှစ်ချုပ်မျှ ဝေပါရစေ။
ဥပဒေပညာပေးရေး
ဥပဒေကိုပြည်သူများက နားလည်ကျင့်သုံးလာစေရန် ပညာပေးရေးလုပ်ငန်းကို ဆောင်ရွက်ရာ၌ ပြည်သူတွေ သိသင့်သိထိုက် သောဥပဒေများကို သိအောင်၊ နားလည်အောင် အသိပညာမျှဝေပေးရမည်။ ဥပဒေကိုပြည်သူတွေသိမှ၊ နားလည်မှ လိုက်နာကျင့်သုံးတတ်မည်။ ဥပဒေတစ်ရပ်တွင် လုပ်ရမည့်အပိုင်း (Do) တစ်နည်းအားဖြင့် ဆောင်ရန်အပိုင်း၊ မလုပ်ရမည့်အပိုင်း (Don't) တစ်နည်းအားဖြင့် ရှောင်ရန်အပိုင်းဟူ၍ အပိုင်းနှစ်ပိုင်း ပါရှိစမြဲဖြစ်သည်။ မည်သည့်အချက်က ပြုလုပ်ရမည်၊ မည်သည့်အချက်ကမပြုလုပ်ရ တားမြစ်ထားသည်ကို အခြေခံအားဖြင့် သိရှိနားလည်ဖို့ အသိပညာပေးရန်လိုသည်။ သို့မှသာ ပြည်သူတွေ ဆောင်သင့်သည်ကိုဆောင်၍ ရှောင်သင့်သည်ကို ရှောင်နိုင်ကြမည်။ ဥပဒေကို လိုက်နာကျင့်သုံး၍ ဥပဒေဘောင် အတွင်း နေထိုင်နိုင်မည်။
အလေ့အကျင့်မှ အလေ့အထသို့
ဥပဒေကိုပြည်သူများက လိုက်နာသော အလေ့အကျင့် ပျိုးထောင်ပေးရေးလုပ်ငန်းကို ဆောင်ရွက်ရာ၌ ရှေးဦးစွာ ဥပဒေ အသိပညာပေးရမည်။ ဥပဒေကို သိရှိနားလည်ပြီးလျှင် ဥပဒေအတိုင်း ကျင့်သုံးနိုင်ကြစေရန် လမ်းညွှန်ပြသရမည်။ ထိုမှတစ်ဆင့် ပြည်သူတွေအကြား ဥပဒေကို လိုက်နာသော အလေ့အကျင့် ဖြစ်ထွန်းပေါ်ပေါက်နေဖို့ လေ့ကျင့်ပျိုးထောင်ပေးကြရမည်။ ဥပဒေ၏အခြေခံဖြစ်သော ကျင့်ဝတ်၊ စည်းကမ်းများကအစ လိုက်နာတတ်သည့် အလေ့အကျင့်ပါ တစ်ပါတည်း ပျိုးထောင် ပေးကြရမည်။ ကျင့်ဝတ်၊ စည်းကမ်းကို လိုက်နာတတ်သည့် အလေ့အကျင့်မျိုး ခိုင်မြဲနေမှသာလျှင် ဥပဒေကိုလည်း လိုက်နာတတ်သည့် အလေ့အကျင့် အားကောင်းနေမည်။
ဘာသာတရားနှင့် ယှဉ်၍လည်း လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်သည်။ ငါးပါးသီလတွင် သူ့အသက်ကို မသတ်ရ၊ သူတစ်ပါး၏ ပစ္စည်းကိုမခိုးရ၊ သူတစ်ပါး၏အိမ်ရာ၊ သားမယားများကို မပြစ်မှားရ၊ လိမ်လည်မုသားစကား ပြောဆိုခြင်းမပြုရ၊ မူးယစ်စေတတ်သော သေရည်သောက်စားခြင်း မပြုရ၊ ပြုခဲ့သော် မကောင်းမှု အကုသိုလ်များနှင့် ကြုံတွေ့ရ၍ ပျက်စီးခြင်းသို့ ရောက်ရသည်။
ထိုနည်းတူ ဥပဒေကတားမြစ်ထားသည့် လူသတ်မှု၊ ခိုးမှု၊ မုဒိမ်းမှု၊ လိမ်လည်အလွဲသုံးစားမှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်၊ ရောင်းဝယ်မှုများ ပြုလုပ်လျှင် ဥပဒေအရ သတ်မှတ်ထားသော သေဒဏ်၊ ထောင်ဒဏ်၊ ငွေဒဏ်စသည်ဖြင့် ပြစ်ဒဏ်ပေးခြင်း ခံရမည့်အပြင် ဘာသာရေးအရလည်း မကောင်းမှုအကုသိုလ်များနှင့် မလွဲမသွေတွေ့ကြုံကြရမည်ကို အသိပညာပေးရမည်။ ဤသို့သော အသိတရားများ စွဲမြဲနေလျှင် ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေတွေကို လိုက်နာတတ်သည့် အလေ့အကျင့်ကောင်းတွေ ရရှိစေမည်။ ဘုရားမြေ၊ ကျောင်းမြေ အတွင်းဝင်လျှင် ဖိနပ်ချွတ်ရမည်ကို အလိုလိုသိနေသကဲ့သို့ ဥပဒေတစ်ရပ်ပြဋ္ဌာန်းလိုက်လျှင် ယင်းဥပဒေကို လိုက်နာကြဖို့ အလိုလိုသိနေသည့်အသိမျိုး ရှိနေစေရန် လေ့ကျင့်ပျိုးထောင်ပေးကြရမည်။ အလေ့အကျင့်မှ အလေ့အထသို့ ဖြစ်စေရပါမည်။
နည်းလမ်းသုံးသွယ်
တရားရုံးများသည် “ဥပဒေကို ပြည်သူများက နားလည်ကျင့်သုံးလာစေရန် ပညာပေးရေးနှင့် ပြည်သူများက ဥပဒေကို လိုက်နာသော အလေ့အကျင့် ပျိုးထောင်ပေးရေး” ဟူသည့် တရားစီရင်ရေးဆိုင်ရာ အခြေခံမူကို နည်းလမ်းသုံးသွယ်ဖြင့် ကျင့်သုံးဆောင်ရွက်နိုင်ပါမည်။
ပထမနည်းလမ်းသည် တရားစစ်ဆေးစီရင်မှုပြုသည့် တရားခွင်ပြင်ပတွင်ဆောင်ရွက်သည့် နည်းလမ်းဖြစ်သည်။ ပြည်သူများနှင့် ထိတွေ့၍ တရားဥပဒေဆိုင်ရာ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စကားဝိုင်းများ ပြုလုပ်ခြင်းဖြင့် အသိပညာပေးနိုင်သည်။ လေ့ကျင့် ပျိုးထောင်ပေးနိုင်ပါမည်။ ထို့ပြင် တရားဥပဒေဆိုင်ရာ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်များထုတ်ဝေ၍ တရား ဥပဒေ အသိပညာပေးခြင်း၊ လေ့ကျင့်ပျိုးထောင်ခြင်းတို့ ပြုနိုင်သည်။
ဒုတိယနည်းလမ်းသည် တရားခွင်အတွင်း တရားစီရင်မှုပြုနေစဉ်မှာပင် တရားဥပဒေဆိုင်ရာ အသိပညာပေးခြင်း၊ လေ့ကျင့် ပျိုးထောင်ပေးခြင်း ဖြစ်သည်။ တရားစီရင်မှုပြုလုပ်သည့် တရားခွင်သည် လူသိရှင်ကြား တရားခွင်ဖြစ်ရမည်ဟု ရာဇဝတ်ကျင့်ထုံး ဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း ပြဆိုခဲ့ပြီးဖြစ်သည်။ လူသိရှင်ကြား တရားခွင်ဖြစ်အောင် ဆောင်ရွက်ကြရပါမည်။ ပြည်သူတွေ လာရောက်နားထောင်နိုင်ရန် နေရာထိုင်ခင်းလုံလောက်သည့် အကျယ်အဝန်းလည်းရှိရန် စီမံကြရပါမည်။ တရားခွင်တွင် ဝင်ရောက် နားထောင်သည့် အလေ့အကျင့်ရှိအောင်လည်း အသိပညာပေးရန် လိုပါမည်။ အမှန်စင်စစ် ဤဒုတိယနည်းလမ်း သည် လက်တွေ့ကျသည်။ တရားစီရင်ရင်း အသိပညာပေး၊ အသိပညာပေးရင်း တရားစီရင်ခြင်း ဖြစ်သကဲ့သို့ “တရားစီရင်ရင်း လေ့ကျင့်ပျိုးထောင်၊ လေ့ကျင့်ပျိုးထောင်ရင်း တရားစီရင်” ခြင်းလည်း ဖြစ်သည်။ သင့်လျော်ကောင်းမွန်သော နည်းလမ်းဟု ဆိုနိုင်သည်။
တတိယနည်းလမ်းသည် တရားရုံးများက စီရင်ချက်အမိန့်ချမှတ်သည့်အခါ စီရင်ချက်အမိန့်တွင် ရေးသားဖော်ပြခြင်း၊ ညွှန်ပြခြင်းဖြင့် ဥပဒေအသိပညာပေးရေး၊ လေ့ကျင့်ပျိုးထောင်ပေးရေးကို ဆောင်ရွက်နိုင်သည်။ တရားရုံး ၏ီရင်ချက်အမိန့်တစ်ခု သည် အမှုသည်များ အပေါ်တွင်သာ အကျိုးသက်ရောက်သည်မဟုတ်၊ အများပြည်သူတို့ အပေါ်တွင်လည်း အကျိုးသက်ရောက် သည်။ ဥပဒေနှင့်အညီ မှန်ကန်မျှတသော စီရင်ချက်အမိန့်တစ်ခုသည် ဆိုင်ရာအမှုသည်အတွက်သာ အမှန်တရား ဖြစ်စေသည် မဟုတ်၊ အများပြည်သူအတွက်လည်း အမှန်တရားဖြစ်စေသည်။ ဥပဒေနှင့် ညီညွတ်ခြင်းမရှိ၊ တရားမျှတမှုလည်း မရှိသော စီရင်ချက် အမိန့်တစ်ခုသည် သက်ဆိုင်ရာ အမှုသည်အတွက်သာ နစ်နာဆုံးရှုံးမှု ဖြစ်စေသည်မဟုတ်၊ အများပြည်သူ အတွက်လည်း နစ်နာဆုံးရှုံးမှုဖြစ်စေသည်။
အမြင့်ဆုံးတရားရုံးကချမှတ်သည့် စီရင်ချက်အမိန့် ဆုံးဖြတ်ချက်များသည် ပို၍ အကျိုးသက်ရောက်မှုရှိသည်။ အဘယ်ကြောင့် ဆိုသော် အမြင့်ဆုံးတရားရုံးက ချမှတ်သည့် ဆုံးဖြတ်ချက်များသည် စီရင်ထုံးအဖြစ် ပေါ်လာနိုင်သည်။ စီရင်ထုံးဖြစ်လျှင် နှစ်စဉ်နှစ်စဉ် ထုတ်ဝေလျက်ရှိသော မြန်မာနိုင်ငံ တရားစီရင်ထုံးများစာအုပ်တွင် ထည့်သွင်းဖော်ပြခံရသည်။ ပြည်သူတွေ အလွယ်တကူ ဖတ်ရှုနိုင်သည်။ ဥပဒေအသိပညာ၊ ဗဟုသုတများ ဖြစ်စေသည်။
ဤသို့ဖြင့် အဆင့်ဆင့်သော တရားရုံးများသည် အမှုတစ်ခု စစ်ဆေးကြားနာပြီး၍ စီရင်ချက်အမိန့် ဆုံးဖြတ်ချက်ချမှတ်သည့်အခါ အမှုတွင် ပေါ်ပေါက်သော မှုခင်းဖြစ်ရပ်အပေါ်တွင် အခြေခံကာ အများပြည်သူတို့ သိသင့်သိထိုက်သည့် ဥပဒေအချက်အလက်၊ အကြောင်းခြင်း ရာအချက်အလက်တို့ကို လမ်းညွှန်ဖော်ပြ ဆုံးဖြတ်ချက်ချမှတ်ပေးခြင်းဖြင့် ဥပဒေအသိပညာပေးရေးနှင့် လေ့ကျင့်ပျိုးထောင်ပေးရေး လုပ်ငန်းများကို ပြုလုပ်နိုင်ပါမည်။
လမ်းညွှန်စီရင်ထုံးများ
ဥပဒေကို အသိပညာပေးရာ ရောက်စေသည့်၊ လေ့ကျင့်ပျိုးထောင်ပေးရာ ရောက်စေသည့် လမ်းညွှန်စီရင်ထုံးအချို့ကို ဖော်ပြပါမည်။
“တရားလိုဘက် စွပ်စွဲချက်နှင့် တရားခံဘက်မှ ငြင်းကွယ်ထုချေချက်တို့ အားပြိုင်နေသောအခါ၌ အမှန်တရားသည် ဘယ်ဘက်၌ ရှိသည်ကို အထူးချင့်ချိန်၍ ဆုံးဖြတ်ရသည်။ တရားစီရင်ရာတွင် အမှန်တရားသည် အဓိကဖြစ်သည်။ ထိုအမှန်တရားကို တရားသူကြီးများ၊ ရှေ့နေများ၊ အမှုသည်များ၊ သက်သေများက ဝိုင်းဝန်း၍ ဖော်ထုတ်ကြရသည်။ အမှန်တရားပေါ်တွင် အခြေပြုမှသာလျှင် တရားစီရင်ရေးသည် ပြည်သူ့အကျိုးကို ပြုပြင်ပေးလိမ့်မည်။ မျှတခြင်းကို ဆောင်ပေလိမ့်မည်။ [မစ္စတာ အာရ်အက်(စ်) ဘွန်းပါနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ၁၉၆၅-၁၉၇၀ ခုနှစ်၊ အထူးရာဇဝတ်ရုံး အယူခံအဖွဲ့ စီရင်ထုံးများ၊ စာ-၃၃]
“တရားရုံးများတွင် တရားမျှတခြင်း ထွန်းကားစေရန်အတွက် အဘက်ဘက်၌ သန့်ရှင်းစင်ကြယ်ခြင်း၊ ခံယူချက်မှန်ခြင်း၊ စေတနာပြည့်ဝ၍ တက်ကြွသော ဝီရိယရှိခြင်းတို့ လိုသည်။ အမှုပွဲစား၊ အငှားအာမခံသူ၊ သက်သေလိုက်သူစသော မလိုလား အပ်သူများကို ဖယ်ရှား ရှင်းလင်း၍ တရားရုံးများကို သန့်ရှင်းစေရမည်။ ထိုနည်းတူစွာပင် တရားစီရင်ရသော တရားသူကြီးများ၊ အမှန်တရားကို ဖော်ထုတ်ရာတွင် ကူညီဆောင်ရွက်ရသော ရှေ့နေအကျိုးဆောင်များကလည်း ကျင့်ဝတ်သိက္ခာနှင့်အညီ တာဝန် ထမ်းဆောင်ကြရသည်။ တရားရုံးစာရေး စသော အမှုထမ်းများကလည်း မှုခင်းများတွင် ကြန့်ကြာခက်ခဲခြင်းများ မရှိရလေအောင် ဆောင်ရွက်ကြရသည်။” [ဦးလှညွန့်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ၁၉၆၅-၁၆၇၀ ခုနှစ်၊ အထူးရာဇဝတ်ရုံး အယူခံအဖွဲ့ စီရင်ထုံးများ၊ စာ-၈၉]
ထာဝစဉ်ရှင်သန်နိုင်ပါစေ
“ဥပဒေကို ပြည်သူများက နားလည်လိုက်နာ ကျင့်သုံးလာစေရန် ပညာပေးရေးနှင့် ပြည်သူများက ဥပဒေကိုလိုက်နာသော အလေ့အကျင့် ပျိုးထောင်ပေးရေး” ဟူသည့် တရားစီရင်ရေးအခြေခံမူကို လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင် ထာဝရ တည်တံ့နေအောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်သည်။ ဥပဒေကိုနားလည်မှ ဥပဒေကို လိုက်နာကျင့်သုံးနိုင်ကြမည်။ ဥပဒေကို လိုက်နာကျင့်သုံးနိုင်ပါမှ ဥပဒေကိုလိုက်နာ ကျင့်သုံးတတ်သည့် အလေ့အကျင့်ကောင်းတွေ ဖြစ်ထွန်းမည်။ ဥပဒေကို လိုက်နာကျင့်သုံးတတ်သည့် အလေ့အကျင့်ကောင်းတွေ ဖြစ်ထွန်းနေအောင်လည်း လေ့ကျင့်ပျိုးထောင်ပေးနိုင်ကြရမည်။ သို့ဖြစ်ရာ တရားရုံးများသည် ဤအခြေခံမူကို တရားစီရင်ရေး တရားခွင်ပြင်ပတွင် လည်းကောင်း၊ တရားခွင်တွင်လည်းကောင်း၊ စီရင်ချက်အမိန့် ဆုံးဖြတ်ချက်များတွင်လည်းကောင်း ကျင့်သုံးဆောင်ရွက်ကြခြင်းဖြင့် အခြေခံမူ ထာဝစဉ်ရှင်သန် နေစေလိုကြောင်းပါ။
- ဥပဒေကို လိုက်နာသော အလေ့အကျင့် ပျိုးထောင်ပေးနိုင်ကြပါစေ၊
- တရားစီရင်ရေးဆိုင်ရာ အခြေခံမူများ ထာဝစဉ်ရှင်သန်နိုင်ပါစေ။