ကလေး ၂၆ ဧပြီ   

 

ဇိုမီးတိုင်းရင်းသား ဂီတအနုပညာရှင် လူငယ်အဖွဲ့၏ ကြီးမှူးဦးဆောင်မှုဖြင့် ချင်းပြည်နယ်နှင့် အနယ်နယ်အရပ်ရပ်မှ ဇိုမီးဂီတပါရမီရှင်များ စုစည်း၍ MYANMAR MUSIC YAMAHA တို့နှင့်ပူးပေါင်းကာ တတိယအကြိမ်မြောက် ဇိုမီးဂီတပွဲတော်(The 3rd Zomi Guitar Festival)ကို ဧပြီ ၂၅ ရက် ည ၇ နာရီက ဇိုမီးတိုင်းရင်းသား အများဆုံးနေထိုင်ရာ မြို့တစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးမြို့ သဇင်ရပ်ကွက်ရှိ  ZBCM ဝင်းအတွင်းရှိ ဇိုမီးခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။

 

mdn

 

ရှေးဦးစွာ အနယ်နယ်အရပ်ရပ်မှ လာရောက်ပါဝင်ကြသော ပင်တိုင်လိဒ်ဂီတသမား ၁၈ ဦးတို့က တစ်ဦးချင်းအလိုက် လိုက်ပါလာကြသည့် တေးဂီတအဖွဲ့များနှင့်အတူ သံစုံတီးဝိုင်းဖြင့် လိဒ်ဂစ်တာ(Lead Guitar) လက်စွမ်းပြတီးခတ်ခြင်း(Instrumental Show)နှင့် ဇိုမီးတေးသံရှင်၊ အဆိုဝါသနာရှင်များက သီဆိုဖျော်ဖြေကြခြင်းတို့ဖြင့် ဂီတအနုပညာ စွမ်းရည်ကိုယ်စီပြသကြရာ ဂီတဝါသနာရှင် မိဘပြည်သူအများအပြားက စိတ်ဝင်စားစွာ ကြည့်ရှုအားပေးကြသည်။

 

“ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ကျင်းပစဉ်တုန်းကတည်းက အကြီးအကျယ် အောင်မြင်မှုရရှိခဲ့တာဖြစ်သလို အခုတတိယအကြိမ်မှာလည်း အရင်ကထက် အစစအရာရာမှာ ပြင်ဆင်မှုတွေကို အများကြီး ပြုလုပ်ထားတာဖြစ်လို့ ပိုမိုခမ်းနားပြီး အကြီးအကျယ်အောင်မြင်မှုတွေ ထပ်မံရရှိအုံးမယ်လို့ အားလုံးက ယုံကြည်ထားပါတယ်။ ဂီတ အနုပညာပါရမီရှင်တွေရဲ့ လက်သံပြောင်မြောက်မှုနဲ့ နားဝင်ချို သာယာငြိမ့်ငြောင်းတဲ့ ဖျော်ဖြေတီးခတ်မှုတွေ၊ သီဆိုဖျော် ဖြေမှုတွေကို မြင်တွေ့ရတော့ ပွဲတော်ကြီးကို ပရိသတ်က အသိအမှတ်ပြုကြပါတယ်။ ဂီတသမားတွေ တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်းနှီးမှုရှိပြီး စည်းစည်းလုံးလုံးနဲ့အနုပညာလမ်းကြောင်းကို လက်တွဲလျှောက်လှမ်းသွားကြစေဖို့ ဝါသနာရှင် မိဘပြည်သူ တွေရဲ့ တောင်းဆိုမှုအရ အခါအားလျော်စွာ အခုလိုမျိုးပွဲတော်ကို ဆက်လက် စီစဉ်ကျင်းပရခြင်းဖြစ်ပါတယ်” ဟု ဂီတပွဲတော် ဖြစ်မြောက်ရေးတာဝန်ခံနှင့် ကိုယ်တိုင်တီးခတ်သူလိဒ်ဂီတသမား JK Ginpi က ပြောသည်။

 

mdn

 

အဆိုပါ ဇိုမီးဂီတပွဲတော်ကို နှစ်ရက်ကြာ ညစဉ်ကျင်းပပြုလုပ်ရာ ဂစ်တာတီးခတ်ကြသူများသည် တော်၍၊ တတ်၍၊ ကျွမ်းကျင်၍ ယှဉ်ပြိုင် တီးခတ်ကြခြင်းမဟုတ်ကြောင်း၊ မိမိတတ်ကျွမ်းသည့်ဂီတကို တစ်ဦးနှင့်တစ်ဦး ဖလှယ်ကြခြင်းဖြစ်ကြောင်း၊ နောင်လာ နောက်သားများအနေဖြင့် ဂီတအနှစ်သာရကိုနားလည်ကာ ကြားဆရာ၊ မြင်ဆရာ၊ သင်ဆရာအနေဖြင့် အနာဂတ်လူငယ်များအား လမ်းပြလက်တွဲခေါ်ယူခြင်းဖြစ်ကြောင်း၊ လူငယ်များ မိမိတတ်ကျွမ်းသည့် အနုပညာဖြင့် လေလွင့်မသွားဘဲ စည်းကမ်းပြည့်ဝသော ဂီတသမားကောင်းများ ပေါ်ပေါက်လာစေချင်သည့် အဓိကရည်ရွယ်ချက်တစ်ခုဖြစ်ကြောင်း၊ ယခုပွဲတွင် ခိုင်ကမ်းတေးဂီတအဖွဲ့မှ ၁၄ နှစ်အရွယ် Drumer သမီးငယ်တစ်ဦးလည်းပါဝင်ကြောင်း JK Ginpi ကဆက်လက်ပြောဆိုသည်။

 

ယခုကျင်းပသည့်ပွဲတော်တွင် အထင်ကရ Zomi Guitarist ပေါင်းများစွာ ပါဝင်တီးခတ်ဖျော်ဖြေမှုနှင့် အတူ တေးရေး/တေးဆို Khuppi(Doron), Tungpu(Deficiency)တို့အပါအဝင် Li Ank Jerry Kap (Orion), Cyi Mung, Muannu စသည့်တေးသံရှင်များက ဖျော်ဖြေတင်ဆက်ကြသည့်အပြင် Chief Guest Guitarist အဖြစ် အထင်ကရ ဇိုမီးဂီတပညာရှင်တို့ဖြစ်သည့် Lengtong Go Hau နှင့် Cinpi(Lazy Club)တို့က လာရောက် ပါဝင်အားဖြည့်ကြသည်။

 

mdn

 

အဆိုပါဂီတပွဲတော်တွင် မြင်ဆရာ၊ ကြားဆရာ၊ သင်ဆရာအဖြစ် မျိုးဆက်သစ်လူငယ်လူရွယ်များကို အနုပညာတေးဂီတဖြင့် ယနေ့အထိတိုင် လမ်းပြလက်တွဲခေါ်ဆောင်လျက် သက်ရှိထင်ရှား ဝါရင့်၊ သမ္ဘာရင့်အထင်ကရ ဂီတအနုပညာရှင်ပုဂ္ဂိုလ်ကြီးများအား ပထမအကြိမ်တွင် ကိုယ်တိုင်သီဆိုတီးခတ်သူ Pu Pum Za Dal ကိုလည်းကောင်း၊ ဒုတိယအကြိမ်တွင် တေးရေးနှင့် ဂီတဖန်တီးရှင် Pu Salai Za Lian ကိုလည်းကောင်း၊ ယခု တတိယအကြိမ်တွင် ကနဦး Lengtong Band အားစတင်ထူထောင်သူ Bass ဂီတသမား Pu Sua Mang ကို လည်းကောင်း ဇိုမီးဂီတထူးချွန်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ အထူးဧည့်သည်တော် နာမည်ကြီးတေးရး/တေးဆို Longtong Kam Khen က ပွဲတော်အခမ်းအနား အစီအစဉ်များကို ဦးဆောင်၍ ဖျော်ဖြေခဲ့ကြောင်း သိရသည်။

 

ချင်းတွင်းသား