ဦးဟန်ညွှန့်(ဥပဒေ)
ဧပြီ ၂၇၊
နိဒါန်း “ဆရာ”
“ဗျာ”
“ဆရာဘာတွေ တွေးနေသလဲ”
“ဘာဖြစ်လို့လဲဗျာ”
“ဆရာငြိမ်နေလို့”
“ငြိမ်နေတိုင်း တွေးတယ်လို့ ပြောနိုင်သလားဗျာ”
“ဆရာ့မျက်နှာကို အကဲခတ်ကြည့်ရတာပေါ့”
“ဘယ်လိုအကဲခတ်သလဲဗျာ”
“တွေးတဲ့သူကို တွေးမှန်း၊ တွေးသူရဲ့မျက်နှာကြည့်ပြီး ဘေးကလူက မြင်နိုင်၊ သိနိုင်ပါတယ်ဆရာ”
“ဪသာ် . . .”
အတွေး
(n) thought; Idea meditation ဟု မြန်မာ အင်္ဂလိပ်အဘိဓာန် (စာ- ၅၀၁) တွင် ဖွင့်သည်။
အမြင်
(n) Sight; appearance; opinion;view ဟု မြန်မာ အင်္ဂလိပ်အဘိဓာန်(စာ-၅၈၁)တွင် ဖွင့်သည်။
အတွေးအမြင်
အတွေးအမြင်ပေါင်းပြီး ]အတွေးအမြင်} ဟု သုံးကြသည်။ အဓိပ္ပာယ်အနှစ်သာရမှာ တွေးခြင်း၊ မြင်ခြင်း၊ အကြံÓဏ်၊ စုစည်းမှု၊ အမူအကျင့် စသဖြင့် အဓိပ္ပာယ်ဖွင့်ကြသည်။ အတွေးအမြင်ကို အခြေခံပြီး အမူအကျင့်၊ အလုပ်အကိုင်တွေ ဆက်စပ်ပေါ်ပေါက်လာသည်ဟုပြောလျှင် မမှားနိုင်။ အတွေးအမြင်နှင့် အလုပ်နှင့်၊ အတွေးအမြင်နှင့် ဘဝနှင့်ဆက်စပ်နေသည် မဟုတ်လား။
စာရေးဆရာမောင်စာဂ
စာရေးဆရာ မောင်စာဂပြုစုရေးသားသော ]ဆင်ခြင်မှတ်သားဘဝအတွေးအမြင်များ} စာအုပ်တစ်အုပ်ကိုနှစ်သစ်ဦးလက်ဆောင် ကျွန်တော်ရသည်။ ရန်အောင်စာပေက ပထမအကြိမ်(၂၀၁၈၊ ဒီဇင်ဘာ) ထုတ်ဝေသည်။ အခန်း(၈)ခန်းပါသည်။
စေတနာ
မောင်စာဂ၏ စေတနာအမှာစာတွင် -
“မကြာခင်နေဝင်တော့မည် ။ နေလုံးကြီးပျောက်ကွယ်တော့မည်။ အမှောင်ဖုံး၍ ဘဝနိဂုံးလည်း ချုပ်ရတော့မည်။ ဘယ်လမ်းကို ရောက်၍ ဘယ်သို့လျှောက်ရမည်မသိနိုင်။ သိလိုက်ရသည့် အသိတစ်ခုမှာ ကောင်းသည်များ ပြုမူပြောဆိုလုပ်ကိုင်ခဲ့လျှင် ကောင်းသောလမ်း ကိုရောက်၍ ကောင်းရာသို့ လျှောက်လမ်းရပါမည်။ မကောင်းသည်များ ပြုမူပြောဆို လုပ်ကိုင်ခဲ့လျှင်မကောင်းသောလမ်းကို ရောက်၍ မကောင်းရာသို့လျှောက်လှမ်းရပါမည်ဟူ၍ပင်” ဟု ရေးသားတင်ပြခဲ့သည်။
ဤသို့ဖြင့်
ဘဝခရီးလမ်း လျှောက်လှမ်းနေသူများ၊ ဘဝတွေငြိမ်းချမ်းစေချင်သည်။ ဘဝတွေလှပ၊ သာယာဖြောင့်ဖြူး စေချင်သည်။ ဘဝနိဂုံး အပြုံးဖြင့် ချုပ်ငြိမ်းစေချင်သည်။ ဤသို့သောစေတနာဖြင့် ဘဝခရီးလမ်း လျှောက်လှမ်းခဲ့ရင်း တွေ့ရ၊ ကြုံရ၊ မြင်ရ၊ သိရသမျှ၊ သတိထားဖွယ်၊ ဆင်ခြင်ဖွယ်၊ မှတ်သားဖွယ်၊ လိုက်နာဖွယ် ဘဝအတွေး အမြင်စာစုများကို စုစည်း၍ မြန်မာအင်္ဂလိပ် နှစ်ဘာသာ ဖြင့် စာအုပ်ငယ်တစ်အုပ် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
ကျွန်တော်နှင့် စာအုပ်များ
ကျွန်တော်သည် စာအုပ်စုသည်။ စာအုပ်ကြိုက်သည်။ ကြိုက်သည့်စာအုပ်စုသည်။ စုပြီး ဖတ်သည်။ စုပြီးမဖတ်ဖြစ်သည့် စာအုပ်လည်းရှိသည်။ စာအုပ်စင်တွင် စာအုပ်တွေအများကြီး။ ဖတ်ဖြစ်သည့်စာအုပ်။ မဖတ်ဖြစ်သည့်စာအုပ်။ နေ့စဉ် စာအုပ်စင်ရှေ့ ရောက်သည်။ မဖတ်ဖြစ်သည့် စာအုပ်တွေကို မဖတ်ဖြစ်သေး ပေမယ့် မျက်လုံးဝေ့ထားဆဲ။ ဘယ်နေ့ ဖတ်ဖြစ်မလဲ။ တစ်နေ့နေ့ ဖတ်မှာသေချာသည်။ စာအုပ်စင်မှာ တင်ထားပြီဆိုကတည်းက ကြိုက်လို့ တင်ထားခဲ့တာပါ။ ဝယ်ယူစုဆောင်းခဲ့တာပါ။ လက်ဆောင်ရသည့်စာအုပ်တွေလည်း အများကြီးပါ။ စာအုပ်ဆိုလျှင် ဘာစာအုပ်ဖြစ်ဖြစ် တန်ဖိုးကြီးသည်။ အဖိုးတန်သည်။ စွဲမက်သည်။ မြတ်နိုးသည်။ နမူနာယူစရာ၊ ပညာယူစရာ၊ ဘဝအဖော်မွန်တွေပါ။ စာအုပ်စာပေလူ့မိတ်ဆွေပါခင်ဗျာ။
သင်နှင့် လောကကြီး
-လောကကြီးက သင့်အား မွေးထုတ်ပေးလိုက်သည်။ သို့သော်- လောကကြီးဟာ သင့်အတွက် မဖြစ်ပါစေနှင့်။ - သင်သာလောကကြီးအတွက် ဖြစ်ပါစေ။
- လောကကြီးက ပြန်လည်ထွက်ခွာမသွားမီ လောက ကြီးအတွက် သင်၏အကောင်းဆုံး လက်ဆောင်တစ်ခု ချန်ပေးခဲ့ပါတဲ့။ (စာ - ၁၀)
ဘဝဆိုသည့် အချိန်ရထား
- အချိန်တို့သည် ခုန်ပျံရွေ့လျား ရှိကြကုန်၏။- ဘဝဆိုသည့် အချိန်ရထားကြီးနှင့် ခရီးသွားနေကြ တာ၊ ဘဝနှင့်ရင်းပြီး ရရှိထားသည့် အချိန်တွေကိုတန်ဖိုးရှိရှိ အသုံးချတတ်ဖို့လိုပါတယ်။ (စာ-၁၁ )
ဘဝ၏ ပဲ့ကိုင်
- အတွေးကောင်းက ဘဝကောင်းသည်။- အတွေးလှက ဘဝလှသည်။- အတွေးချာက ဘဝလည်း ချာပေမည်။- အတွေးသည်ဘဝ၏ ပဲ့ကိုင်အစစ်အမှန်။ ( စာ-၁၃ )
အသိမမှားနှင့်
- ငါသာသိ ငါသာတတ်ဟု ထင်မှတ်နေသရွေ့- အသိပညာ အတတ်ပညာတွေ တိုးပွားမလာနိုင်- ငါ့ထက်သိသူ၊ တတ်သူတွေ အများအပြားရှိနေပါ လားလို့သိလျှင်- အသိပညာ၊ အတတ်ပညာတွေ တိုးပွားလာမှာ သေချာပါ၏ ( စာ-၄၉)
အတ္တနှင့်တစ်ယူသန်
- အတ္တကြီးမား လွန်းသူတို့သည်- သူတစ်ပါး၏ပြောဆိုသံကို နားမထောင်တတ်။ - ကိုယ်သာသိကိုယ်သာတတ်ဟု- တစ်ယူသန်ဖြစ်နေတတ်၏ (စာ-၆၃)
ဥပဒေရနံ့ သင်းပျံ့စေဖို့ (To Spread the scent of Law )
ဒုတိယရှေ့နေချုပ် တာဝန်ထမ်းဆောင်ခဲ့သော၊ စာရေးဆရာမောင်စာဂက သူ့ဘဝအတွေးအမြင်များစာအုပ်တွင် ဥပဒေရနံ့သင်းပျံ့စေဖို့ အခန်းတစ်ခန်းရေး ခဲ့သည်။ သူ့အတွေးအမြင်တွေကို ပေါင်းစုဖော်ပြရလျှင်-
- အမှန်တရားသည် ဘက်လိုက်မှုမရှိပါ။
- လောကီရေးရာအရိပ်ဟူသမျှတို့တွင် တရားဥပဒေ အရိပ်သည် အအေးမြဆုံးဖြစ်သည်။
- ပွင့်သောပန်းတိုင်းမွှေးပျံ့ပါစေ။
- ဥပဒေရနံ့တိုင်း သင်းပျံ့ပါစေ။
- ဥပဒေဆိုတာ ကိုယ်ကျင့်တရားကို အခြေခံတာပါ။
- လူတိုင်းလူတိုင်း ကိုယ်ကျင့်သီလ စောင့်ထိန်းကြမယ်ဆိုလျှင် ဥပဒေတွေ အထူးပြဋ္ဌာန်းစရာ မလိုတော့ပါ။
- ဥပဒေစိတ်ထားဟူသည် ရိုးသားဖြောင့်မတ်၍ ရဲရင့်တည်ကြည်ပြီး ချိန်ခွင်လျှာပမာ တည့်မတ် မှန်ကန်စွာဖြင့် တရားမျှတမှုကို အစဉ်အမြဲအလိုရှိသော စိတ်ထားဖြစ်သည်။
ဥပဒေအတွေးဟူသည် အစွန်းတရားနှစ်ပါးကိုရှောင်၍ ယထာဘူတကျကျ မဇ္ဈိမပဋိပဒါ နည်းကျကျတွေးသော အတွေးဖြစ်သည်။
- ဥပဒေအမြင်ဟူသည် ကိုယ်ချင်းစာတရားရှေ့ထား၍ စာနာထောက်ထားခြင်းဖြင့် မြင်သော အမြင်ဖြစ်သည်။- ဥပဒေအသိဟူသည် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလ တရားကို သေသေချာချာ သိနားလည်သော အသိဖြစ်သည်။- ဥပဒေမျက်စိဟူသည် ချစ်သူ၊ မုန်းသူ၊ နီးသူ၊ ဝေးသူ၊ဆင်းရဲချမ်းသာ၊ ရာထူးကြီးငယ်မခွဲခြား တစ်သားတည်း ကြည့်တတ်သည်။
- ရင်ထဲက ဥပဒေတွေ မလှမပနေသရွေ့ လှပသောဥပဒေတွေ မပေါ်ထွက်လာနိုင်၊
- ရင်ထဲက ဥပဒေတွေ လှပနေပါမှ လှပသော ဥပဒေ တွေ ပေါ်ထွက်လာနိုင်ပေမည်တဲ့။
ရွေးချယ်ပွဲ လူကြီး
စာရေးဆရာမောင်စာဂတစ်ယောက် သတင်းစာမှာ ဆောင်းပါးတွေရေးသည်။ ဥပဒေရေးရာ ဆောင်းပါးတွေများသည်။ ပြည်သူ့ဥပဒေစကားဝိုင်းခေါင်းစဉ်ဖြင့်မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဆွေးနွေးခန်းတွေလွှင့်ပြန်သည်။ ဥပဒေဝန်ထမ်း လုပ်ဖော်ကိုင်ဖက်များနှင့် စိုစိုပြည်ပြည်ပူးပေါင်း တင်ဆက်သည်။ အများကြိုဆိုသည်။ ဥပဒေနှင့် ပြည်သူ နီးစပ်စေသည်။ ပြီးတော့ရွေးချယ် တင်မြှောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးအဖြစ်ရွေးချယ်ပွဲတာဝန်များကို တာဝန်ထမ်းနေသူ။ ပြည်သူ့ကိုယ်စားလှယ်များ၊ မဲဆန ́ရှင်များ၊ ရွေးကောက်ပွဲများ၊ ဝေဖန်သံများကြားမှ တာဝန်ရှိသူ တစ်ဦး။ ပြည်သူကြားကစကားသံတွေ နားထောင်တတ်ပါသလား။
ပြည်သူကြားကစကားသံ(The Voice among the people)
ဤအခန်းတွင် ပြည်သူ့အတွက် ဥပဒေခေါင်းစဉ်ဖြင့်ဥပဒေသည် ပြည်သူ့အတွက်ဖြစ်ပါစေ။ ပြည်သူသည်ဥပဒေအတွက် အသုံးချခံ မဖြစ်ပါစေနှင့်တဲ့။ဘယ်သောအခါမှ ဥပဒေကြောင့် ပြည်သူတွေမျက်ရည်မကျရပါစေနှင့်။ ပြည်သူတွေ မျက်ရည်မကျရအောင် ဥပဒေဖြင့် ကာကွယ်ပေးကြပါ။ ဥပဒေ၏အထက်တွင် မည်သူမျှမရှိစေရဟု ဆိုသလို ဥပဒေ၏နောက်ကွယ်တွင်လည်း မည်သူမျှ မရှိစေလိုပါဟုမောင်စာဂက ရေးသည်။ တွေးသည်။
ဥပဒေက မည်သို့ပင်ဆိုစေကာမူ ခေါင်းစဉ်တွင်ကျုပ်တို့ကိုတော့ ဥပဒေတွေ လိုက်နာကြပါတဲ့။ သူတို့ကျတော့ ဥပဒေက မည်သို့ပင်ဆိုစေကာမူတဲ့။
အကြောက်တရားနှင့် အသိတရားခေါင်းစဉ်တွင်ဥပဒေကိုပြည်သူတွေ အကြောက်တရားနှင့် လိုက်နာစေခြင်းမျိုးမပြုကြပါနှင့်။ အသိတရားနှင့် လိုက်နာစေခြင်းမျိုး ဆောင်ရွက်ပေးကြပါတဲ့။
ခင်တာနှင့်ကြင်တာ ခေါင်းစဉ်ဖြင့် ခင်သည်ဆို၍ လည်းမရောနှင့်။ ကြင်သည်ဆို၍လည်း မနှောနှင့်။ ခင်သည်ဆို၍ရောက ပေါ့တတ်သည်။ ကြင်သည်ဆို၍ ရောက သော့တတ်သည်တဲ့။
အာဏာနှင့် ဩဇာ
- အာဏာရှိတိုင်းလည်း မသုံးနှင့်။
- ဩဇာရှိတိုင်းလည်း မဖြုန်းနှင့်။
- အာဏာရှိတိုင်းသုံးက အနာဖြစ်တတ်သည်။
- ဩဇာရှိတိုင်းသုံးက ရောဂါဖြစ်တတ်သည်။
အထက်ပါကောက်နုတ်ချက်စာစုများမှာ မောင်စာဂ၏ ဘဝအတွက် အတွေးအမြင်များစာအုပ်မှ ကောင်းနိုးရာရာ ကောက်နုတ်ချက်များ ဖြစ်ပါသည်။
ဆရာကြီးရွှေဥဒေါင်းကို သတိရမိ
“တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ” စာအုပ်ကို ရေးထုတ်ခဲ့သော ဆရာကြီးရွှေဥဒေါင်း(၁၈၈၉-၁၉၇၃)အား ကျွန်တော် သတိရမိသည်။ ဘာကြောင့်လဲ။ မောင်စာဂက ယခုမှ အတွေးအမြင်ရေးတာပါ။ ဆရာကြီးရွှေဥဒေါင်းတို့ခေတ်က အတွေးအခေါ်များက လွန်ခဲ့သော (နှစ်ပေါင်း ၆၀ ကျော်ကတည်းက) တောက်ပခဲ့ပြီးဖြစ်သည်။ လူငယ်များအကြား ရေပန်းစားခဲ့ပြီးဖြစ်သည်။ နမူနာယူစရာ၊ လေ့လာစရာ၊ လက်တွေ့ကျင့်သုံးစရာ။
ဘဝစုံ
ကျောင်းဆရာဘဝ၊ သစ်တောစာရေးလေးဘဝ၊ အိမ်ထောင်သည်ဘဝ၊ ဝတ္ထုရေးဆရာဘဝ၊ အင်္ဂလိပ်အလွတ်သင်ကျောင်းဆရာဘဝ၊ ရဟန်းဘဝ၊ ခရစ်ယာန်အသင်းဘာသာပြန်ဆရာ၊ သူရိယမဂ္ဂဇင်း အယ်ဒီတာဘဝ၊ စစ်အတွင်း ကုန်သည်ဘဝ၊ မ္တလေးလူထုသတင်းစာအယ်ဒီတာချုပ်၊ ၁၉၅၆၊ အကျဉ်းစံဘဝ၊ ၁၉၆၁ တွင် တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ် (၄) တွဲဖြင့် စာပေဗိမာန် စာပဒေသာဆုရခဲ့သူ စသဖြင့် ဘဝစုံသော ဆရာကြီးရွှေဥဒေါင်းဖြစ်ပါပေသည်။
ရှေ့ဆောင်လမ်းပြဆရာကြီး ရွှေဥဒေါင်းအား ဂါရဝထား၍ ယနေ့လူငယ်လူရွယ်အပေါင်းအား မီးမောင်းထိုးပြသည့် အလားတူ မောင်စာဂ၏ အတွေးအခေါ်၊ အတွေးအမြင်စာအုပ်ကို ကျွန်တော်တို့ ကြိုဆိုအပ်သည်။
နိဂုံး
(၁) အတွေးအမြင်များမှာ စာတွေ့သက်သက်သာဟုဆိုငြားအံ့။
(၂) စာတွေ့မှ လက်တွေ့ဘဝသို့ ကိုယ်တိုင်ကိုယ်ကျ တည်ဆောက်ကျင့်ကြံနိုင်ကြပါစေကြောင်း။ ကြေးမုံ