၂၇ ဧပြီ
သီရိလင်္ကာလုံခြုံရေးတပ်ဖွဲ့များက ဘာသာရေးအစွန်းရောက်များ ပုန်းအောင်းနေတဲ့အိမ်ကို သောကြာနေ့ ညက ဝင်ရောက် စီးနင်းရာ ကလေး ၆ ဦးအပါအဝင် အလောင်း ၁၅ လောင်း တွေ့ရှိကြောင်း ရဲတပ်ဖွဲ့က စနေ့မနက်အစောပိုင်းက အတည်ပြုကြေငြာခဲ့ပါတယ်။
နိုင်ငံအရှေ့ပိုင်းရှိ ကာမူနိုင်း မြို့မှာ ဂျီဟတ်တွေ ပုန်းအောင်းနေတဲ့ အိမ်တစ်လုံး ကို ဝင်ရောက်စီးနင်းရာ အမျိုးသား ၃ ဦးက အသေခံဗုံးခွဲခဲ့တဲ့အတွက် အမျိုးသမီး ၃ ဦးနဲ့ ကလေး ၆ ဦးသေဆုံးခဲ့တယ်။ နောက်ထပ် အသေခံဗုံးခွဲသမားလို့ ယူဆရတဲ့ အမျိုးသား ၃ ဦးကို အိမ်အပြင်မှာ တွေ့ရှိရာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်များ ပါဝင်တဲ့ ပူးတွဲစစ်ဆင်ရေးအဖွဲ့ဟာ မနေ့ညပိုင်းက ဝင်ရောက်စီးနင်းရှာဖွေရာ အိမ်အတွင်းရှိ အကြမ်းဖက်သမားများနဲ့ ရဲတပ်ဖွဲ့တို့ကြား တစ်နာရီကျော်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း၊ အဲဒီစစ်ဆင်ရေးကို စနေနေ့မနက်ပိုင်းက အပြီးသတ် ရှာဖွေရာ အလောင်း ၁၅ လောင်းကို တွေ့ရကြောင်း စစ်အရာရှိတစ်ဦးက ပြောပါတယ်။
စစ်ဆင်ရေးအဖွဲ့ဝင်များဘက်မှာ အသေအပျောက်မရှိကြောင်း၊ စစ်ဆင်ရေးပြုလုပ်ခဲ့တဲ့ အိမ်မှာ IS အလံ နှင့် တိုက်ခိုက်မှု ဖြစ်ပွားပြီး နှစ်ရက်အကြာမှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုမှာ ပါရှိတဲ့ တိုက်ခိုက်ရေးသမား ၈ ဦး ဝတ်ဆင်ထားတဲ့ ဝတ်စုံနဲ့ ဆင်တူတဲ့ ဝတ်စုံများလည်း တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဗီဒီယိုမှာပါရှိတဲ့ ဒေသတွင်း အကြမ်းဖက်အုပ်စုခေါင်းဆောင် ဇာရမ် ဟတ်ရှင် ဟာ မြို့တော် ကိုလံဘိုရှိ ဟိုတယ် တွေကို ပစ်မှတ်ထားတိုက်ခိုက်ရာတွင် သူနဲ့အတူ သူ့နောက်လိုက် အီဟန် အီဘရာဟမ်တို့ သေဆုံးခဲ့ကြောင်း သေဆုံးခဲ့သူများရဲ့ DNA အရ အကြမ်းဖက်ခေါင်းဆောင် ဟတ်ရှင်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောပါတယ်။ တနင်္ဂနွေနေ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ ဝတ်ပြုခြင်းများ ဖျက်သိမ်းထားပြီး ညွှန်ကြားချက်အသစ်ရရှိမှာသာ ဘုရားဝတ်ပြုခြင်းများ ပြန်လည်ပြုလုပ်မည်ဟု သိရပါတယ်။
MDN
ကိုးကား - AFP