နေပြည်တော် ၂၇ ဧပြီ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ ညနေ ၆ နာရီတွင် ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(ဝ၈/၂၀၁၉) ထုတ်ပြန်ရာ ယနေ့ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယ သမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) "ဖန်နီ" (FANI) သည် သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့ (Trincomalee) ၏ အရှေ့-အရှေ့တောင်ဘက် (၄၅၅) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့တောင်ဘက် (၆၄၅) မိုင်ခန့်၊ မာချီလီပတ္တနမ် မြို့(Machilipatnam) ၏ တောင်-အရှေ့တောင်ဘက် မိုင် (၇၅၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း "ဖန်နီ"(FANI) သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရသည်။
ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။
ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်းအနေဖြင့် ယနေ့ညနေ ၅ နာရီခွဲတွင် မြောက်လတ္တီကျု (၅.၇) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၃) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား (၁၀ဝ၀) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင် (၄၀)နှုန်း ဖြစ်သည်။
နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်မှာ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) "ဖန်နီ" (FANI) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။
အကြံပြုချက်အနေဖြင့် အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)နှင့် ပတ်သက်၍ ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အကြံပြုထားကြောင်း သိရသည်။
MDN
