ကျိုက်မရော  ၂၈  ဧပြီ

 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် တည်ရှိသော ရှေးဟောင်းစေတီပုထိုးများ၊ သဘာဝရှုခင်းနေရာများနှင့် ကျောက်ဂူများသို့ စနေ၊ တနင်္ဂနွေ ရုံးပိတ်များတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ လာရောက်မှု များပြားလျက်ရှိကြောင်း သိရသည်။

 

ddd

 

“ဝန်ထမ်းများ အဖွဲ့လိုက်ဖြစ်စေ၊ မိသားစုများလိုက်ဖြစ်စေ၊ လေ့လာရေးနှင့် အပန်းဖြေခရီးတစ်ခု အနေဖြင့် ရုံးပိတ်ရက်များတွင် လာရောက်သူ ပိုမိုများပြားလာကြောင်း၊ ယနေ့ နံနက်ပိုင်းတွင်လည်း ဘားဘောင်ဂူဘုရားရှိ ကျောက်စက်ပန်းဆွဲနှင့် ကျောက်ဂူများပေါ်သို့ လာရောက်လေ့လာသူ ခရီးသွားဧည့်သည်များ ယခင်လများထက်တိုးလာကြောင်း” ဘားဘောင်ဂူ ဘုရားဈေးတန်း၌ အမှတ်တရ ပစ္စည်းဆိုင်ရောင်းသူ ဒေါ်နော်မူးက ပြောသည်။

 

dds

 

ပြီးခဲ့သော သင်္ကြန်ပွဲတော်ရက်အတွင်း ခရီးသွားပြည်သူ အများအပြား လာရောက်လည်ပတ်ခဲ့ကြပြီး ဘုရားပွဲတော်ကာလအတွင်း ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ငပြေမ၊ မိကသစ်၊ ဝါးပျံကုန်း စသည့် ကျေးရွာများမှ စေတနာရှင်များက မွန်ရိုးရာ၊ ကရင်ရိုးရာ၊ အစားအသောက်များကို စတုဒိသာများဖြင့် ကျွေးမွေးဧည့်ခံကြကြောင်း၊ ဂူများအတွင်း ဝင်ရောက်လေ့လာသူများ အဆင်ပြေစေရန် ဘားဘောင်ဂူ ဆရာတော်ကြီးမှ မီးစက်များဖွင့်၍ ဘုရားဖူးခရီးသည်များ အန္တရာယ်မရှိစေရန် ကူညီစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

 

ယခုအခါ ပြည်တွင်းဘုရားဖူးများသာမက နိုင်ငံခြားသား ခရီးသွားများပါ ဘားဘောင်ဂူနှင့် စပယ်ဂူတို့ကို လာရောက်လေ့လာ လည်ပတ်လျက်ရှိကြောင်း သိရသည်။

 

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)

 

ddw