မကွေး  ၂၈ ဧပြီ

 

မကွေးမြို့၊ မင်းကံကြီးရပ်ကွက်၊ အောင်စေတနာ(ဘီ)၊ (၁)လမ်းရှိ  ဦးဇင်ကိုကို ၏ High Class စားသောက် ဆိုင်ဝန်ထမ်းများနေအိမ်တွင် ယနေ့ ညနေ ၅ နာရီ ခွဲခန့်က မီးစတင်လောင်ကျွမ်းရာ လူနေအိမ် နှင့်အတူ မော်တော်ယာဉ်တစ်စီးအပါအဝင် ဝက် ကိုးကောင်မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့  မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးမြင့်လွင်တို့၏ ကြီးကြပ်မှုဖြင့် ခရိုင်နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့်  ပြည်သူများက  မီးသတ်ယာဉ် ရှစ်စီး၊ ရေသယ်ယာဉ် ကိုးစီး၊ အထောက်အကူပြုယာဉ် သုံးစီး တို့နှင့် အတူ ဝိုင်းဝန်းငြှိမ်းသတ်ရာ ညနေ ၅ နာရီ ၄၅ခန့်တွင် မီးညွန့်ကျိုးခဲ့ပြီး၊ ၅နာရီ ၅၅မိနစ်ခန့်တွင် မီးငြိမ်းခဲ့သည်။

 

မီးလောင်မှုကြောင့် လူနေအိမ်တစ်လုံး၊ မီးစက် တစ်လုံး၊ အိမ်သုံးမီတာ နှစ်လုံး၊ ဝက်ကိုးကောင်နှင့် ၄င်း မီးလောင်သည့် နေအိမ်နှင့် ကပ်လျက်အိမ်ရှိ မော်တော်ယာဉ်တစ်စီး အပါအဝင်  အနီးရှိအဆောင်တို့  မီးကူးစက်လောင်ကျွမ်းဆုံးရှုံးခဲ့ပြီး၊ လူများထိခိုက်မှုမရှိကြောင်း သိရသည်။            

                       

အဆိုပါ မီးစတင်လောင်ကျွမ်းမှုဖြစ်စဉ်အား စုံစစ်ဆေးလျက်ရှိပြီး အမှုဖွင့်အရေးယူနိုင်ရေး သက်ဆိုင်ရာက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝေဖြိုးလေး(ပြန်/ဆက်)

 

1.0