သံဖြူဇရပ် ၂၈ ဧပြီ
သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာအနီး၌ ယနေ့နံနက် ၉ နာရီခန့်က မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကြောင်းနှင့် ယာဉ်ပေါ်ပါရှိသူများ ထိခိုက်ဒဏ်ရာရမှုရှိကြောင်း သတင်းအရ၊ သံဖြူဇရပ်မြို့ရဲစခန်းမှ ဒုရဲအုပ်ကျော်နိုင်နှင့် တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ သံဖြူဇရပ်-ရေးကားလမ်း မိုင်တိုင် အမှတ်၅၈/၄နှင့် ၅၈/၅ကြား၊ ဝဲခမိကျေးရွာအလွန် တံတားကုန်းတက်၌ မစ်ဆူဘီရှီကင်တာအမျိုးအစား ခြောက်ဘီးယာဉ်သည်၊ ကွန်ကရစ်တိုင်များ တင်ဆောင်လျက် တိမ်းမှောက်နေသည်ကိုတွေ့ရှိပြီး၊ ဒဏ်ရာရရှိထားသည့် လူနာ ၁၂ ဦးအား၊ လူနာတင်ယာဉ်များဖြင့် ဝဲခမိတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ဖြစ်စဉ်မှာ Mytel ဆက်သွယ်ရေးကုမ္ပဏီမှ ယာဉ်မောင်း စောလု(၂၅)နှစ်မောင်းနှင်သည့် ခြောက်ဘီးယာဉ်ဖြင့် ကွန်ကရစ်တိုင်များ တင်ဆောင်ပြီး၊ လုပ်သားဝန်ထမ်း အမျိုးသား၊ အမျိုးသမီး(၁၂)ဦး တင်ဆောင်၍ သံဖြုဇရပ်မှ လမိုင်းမြို့နယ်၊ နှစ်ကရင်ကျေးရွာသို့သွားရောက်စဉ် ဝဲခမိကျေးရွာ တံတားအလွန် ကုန်းတက်အကွေ့ကို အရှိန်ယူမောင်းလာရာတွင် လားရာတူအရှေ့မှ မောင်းနှင်နေသည့် ဆိုင်ကယ်တစ်စီးအား မတိုက်မိစေရန် ဂီယာချိန်းရာမှ ဂီယာမဝင်ဘဲ ကားမှာ နောက်ဘက်သို့ ပြန်လည်လိမ့်ဆင်းပြီး လမ်းဘေးသို့တိမ်းမှောက်ခဲ့ကြောင်း ယာဉ်ပေါ်ပါရှိသူများ၏ ပြောပြချက်ကိုသိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် Mytel ကုမ္ပဏီမှ လုပ်သားများဖြစ်သည့် ဒေါ်လှဝင်းရီ(ပါ)အမျိုးသမီး နှစ်ဦး၊ အမျိုးသားသုံးဦး (စိုးရိမ်ရ) တို့အား မော်လမြိုင်ပြည်နယ်ဆေးရုံကြီးသို့ လွှဲပြောင်းပေးပို့ခဲ့သည်။ ကျန်ဒဏ်ရာရသူ ခုနှစ်ဦး (မစိုးရိမ်ရ) အား သံဖြူဇရပ်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသပေး လျက်ရှိသည်။ ယာဉ်မောင်း စောလုမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် သံဖြူဇရပ်ရဲစခန်းမှ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်