၂၉ ဧပြီ
မေးခွန်းများ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅ မှာ “နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်”လို့ ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း ဈေးကွက်စီးပွားရေး စနစ်ရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ဥပဒေဆိုင်ရာမူဘောင်၊ စည်းမျဉ်းဆိုင်ရာမူဘောင်၊ ဖွဲ့စည်းဆောင်ရွက်မှုဆိုင်ရာမူဘောင်တွေ တစ်ဆင့်ပြီးတစ်ဆင့် ချမှတ်ပြီး ဈေးကွက်စီးပွားရေးစနစ်ကို ပုံဖော်လျက်ရှိပါတယ်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှာ စာရေးသူအနေနဲ့ ညွှန်ကြားရေးမှူးချုပ်တာဝန်ထမ်းဆောင်ခဲ့စဉ်က စီးပွားရေးနယ်ပယ်မှာရှိတဲ့ မိတ်ဆွေလုပ်ငန်းရှင်များက နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းတွေကို အစိုးရက တိုးချဲ့လုပ်သင့်သလား၊ ပုဂ္ဂလိကနယ်ပယ်ကိုချဲ့ထွင်ပေးသင့်သလား ဆိုတဲ့မေးခွန်း မကြာခဏ အမေးခံခဲ့ရဖူးပါတယ်။ အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး စာရေးသူရဲ့အမြင်ကို တင်ပြလိုပါတယ်။
အစိုးရက ဘာကြောင့်လုပ်သလဲ
နိုင်ငံအသီးသီးက စီးပွားရေးလုပ်ငန်းအချို့မှာ အစိုးရက ပါဝင်လုပ်ဆောင်နေမှုတွေကို ဖွံ့ဖြိုးပြီးနိုင်ငံတွေရော ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ တွေ့ရပါတယ်။ အစိုးရက ဘာကြောင့် စီးပွားရေးလုပ်ငန်းတွေကို ဝင်လုပ်နေသလဲလို့ သုံးသပ်ကြည့်ရင်-
(၁) အများပြည်သူအတွက်လိုအပ်တဲ့ ကုန်စည်နဲ့ဝန်ဆောင်မှုတွေကို ပုဂ္ဂလိကကဏ္ဍက လုပ်ကိုင်တာထက် စွမ်းဆောင်မှု၊ ယုံကြည်စိတ်ချရမှုပိုပြီးကောင်းမွန်နိုင်မယ့် အခြေအနေရှိတဲ့အခါ၊
(၂) စီးပွားရေးကဏ္ဍတစ်ခုခုမှာ ဈေးကွက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ပြည့်စုံလုံလောက်မှုမရှိသေးဘဲ ပုဂ္ဂလိကကဏ္ဍက လုပ်ကိုင်ဆောင်ရွက်ဖို့ အခြေအနေ မပေးသေးတဲ့အခါ၊
(၃) အမျိုးသားအကျိုးစီးပွားအတွက် မဟာဗျူဟာ ရည်မှန်းချက် အကောင်အထည်ဖော်ဖို့လိုအပ်တဲ့ ကဏ္ဍတစ်ခုခုမှာ အစိုးရကဝင်ရောက်လုပ်ကိုင်သင့်တဲ့အခါ အစိုးရက ဝင်ရောက်လုပ်ကိုင်ကြတာကို တွေ့ရပါတယ်။
နိုင်ငံတော်၏ စီးပွားရေးမူဝါဒ
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတော်အစိုးရက နိုင်ငံရဲ့စီးပွားရေးကို ပုံဖော်ဖို့ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒ တွေအနက်က အချက်နံပါတ် (၂)မှာ “နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရန် ဆောင်ရွက်ခြင်း၊ ပြုပြင်ပြောင်းလဲ လုပ်ကိုင်နိုင်ခြေရှိသော လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ်ဆောင်ခြင်းတို့အပြင် အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီပေးရန်” လို့ ချမှတ်ထားတာ တွေ့ရှိရပါတယ်။
ပြန်လည်သုံးသပ်ကြည့်ရင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ခြင်းအပြင် အချို့ကို ပုဂ္ဂလိကကဏ္ဍကိုလွှဲပြောင်းပေးသွားမယ့် အခြေအနေကိုတွေ့ရှိရပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒအရဆိုလျှင်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းအချို့ဟာ ပုဂ္ဂလိကလက်ဝယ်သို့ ပြောင်းလဲရောက်ရှိသွားမှာဖြစ်ပြီး အစိုးရက စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်မှုကို လျှော့ချသွား ဖွယ်ရှိကြောင်း သုံးသပ်တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း
၂၀၁၈ ခုနှစ် ဩဂုတ်လက နိုင်ငံတော်အစိုးရက ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development) မှာ “အစိုးရအနေဖြင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOE)ကို ၎င်းတို့၏လုပ်ငန်းအရ အမျိုးအစားပြန်လည်သတ်မှတ်ခြင်း၊ ဘဏ္ဍာငွေအသုံးပြုမှုပုံစံ ပြုပြင်ပြောင်းလဲခြင်း၊ ၎င်းတို့၏ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းလည်ပတ်မှုများကို ပိုမိုကျွမ်းကျင် ပီပြင်လာစေခြင်း၊ ကြီးကြပ်ရေးတာဝန်နှင့်ပွင့်လင်းမြင်သာမှုတို့ကို မြှင့်တင်ခြင်း၊ နိုင်ငံ၏စီးပွားရေး ဆောင်ရွက်ချက်ကို တိုးတက်စေမည့်လုပ်ငန်းများတွင် ပိုင်ဆိုင်မှုကို ခွဲဝေလုပ်ကိုင်စေခြင်း(သို့မဟုတ်) ပုဂ္ဂလိက အား လွှဲပြောင်းပေးခြင်းတို့ဖြင့် ပြုပြင်ပြောင်းလဲသွားရန်ရည်ရွယ်ထားပါသည်။”လို့ ဖော်ပြထားပါတယ်။ အဆိုပါ MSDP ရဲ့ မဏ္ဍိုင်(၁)၊ ပန်းတိုင်(၂)၊ မဟာဗျူဟာ ၂.၅.၂ မှာ “နိုင်ငံပိုင်လုပ်ငန်းများကို ကော်ပိုရိတ်အသွင်ပြောင်း ခြင်း၊ အကျိုးအမြတ်ရရှိရန်ဆောင်ရွက်ခြင်း၊ ပြန်လည်ဖွဲ့စည်းခြင်း (သို့မဟုတ်) ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းတို့ဖြင့် ယှဉ်ပြိုင်နိုင်မှုရှိစေရန်”လို့ ချမှတ်ထားပြန်ပါတယ်။ ဒါကြောင့် MSDP အရ ပြန်လည်သုံးသပ်ကြည့်ရင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ကော်ပိုရိတ်အသွင်ပြောင်းခြင်း (Corporatization)၊ ပိုင်ဆိုင်မှုကို ခွဲဝေလုပ်ကိုင်စေခြင်း (Equitization)နဲ့ ပုဂ္ဂလိကပိုင်ပြုခြင်း (Privatization)တို့ လုပ်ဆောင်သွားမယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ တစ်နည်းအားဖြင့် ပြန်လည်သုံးသပ်ရင်အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေခြင်းကို တဖြည်းဖြည်းဆုတ်ခွာသွားမယ့်သဘော တွေ့ရှိရပြန်ပါတယ်။
မြန်မာနိုင်ငံ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးမူဘောင်နှင့် လုပ်ငန်းစီမံချက်
၂၀၁၆ ခုနှစ် ဧပြီလမှာ အစိုးရက အတည်ပြုလိုက်တဲ့ “မြန်မာနိုင်ငံပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးမူဘောင်နှင့် လုပ်ငန်းစီမံချက်(Private Sector Development Framework and Action Plan)ရဲ့ “ကဏ္ဍ(၄)- စီးပွားရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုပေးခြင်းတွင် နိုင်ငံတော်၏ အခန်းကဏ္ဍကို ပြန်လည်ပြင်ဆင်စုဖွဲ့ခြင်းကဏ္ဍ” အောက်မှာရှိတဲ့ အခြေခံမူများထဲမှာ “အရှေ့ ဥရောပနှင့်ဥရောပအလယ်ပိုင်း၊ ဗီယက်နမ်နှင့် အခြားဆိုရှယ်လစ်နိုင်ငံများ၏ စီးပွားရေးအသွင်ကူးပြောင်းမှုမှ ဗဟုသုတရနိုင်သော်လည်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးပြီးဖြစ်သော ဈေးကွက်အခြေပြုစီးပွားရေးစနစ် ကျင့်သုံးသော နိုင်ငံများ၏ အတွေ့အကြုံနှင့် နိုင်ငံပိုင်လုပ်ငန်းများ ပြန်လည်စုဖွဲ့ခြင်း၊ ပုဂ္ဂလိကပိုင်ပြုခြင်း၊ အစိုးရနှင့် ပုဂ္ဂလိကမိတ်ဖက်ဆောင်ရွက်ခြင်းများဆိုင်ရာ ချဉ်းကပ်ပုံကို လေ့လာခြင်း ဖြင့်လည်း အကျိုးဖြစ်ထွန်းနိုင်ပါသည် “လို့ လည်းကောင်း၊ “နိုင်ငံပိုင်လုပ်ငန်းများအနက်မှ လက်ဝါးကြီးအုပ် လုပ်ကိုင်ဆောင်ရွက်နေခြင်းများကို ရွေးချယ်လျက် တစ်ဆင့်ပြီးတစ်ဆင့်ရပ်ဆိုင်းခြင်း၊ စည်းမျဉ်းထိန်းချုပ်သော စွမ်းဆောင်ရည်တည်ဆောက်ခြင်း၊ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းများနှင့် အခြေခံအဆောက်အအုံ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ထင်သာမြင်သာရှိသော ဈေးပြိုင်စနစ်ဖြင့်တင်ဒါသွင်းရသည့် လုပ်ငန်းစဉ်များချမှတ်ခြင်း”လို့ လည်းကောင်း၊ “နိုင်ငံပိုင်လုပ်ငန်းအနေဖြင့် လုပ်ဆောင်သည့်ပုံစံတွင် အခြေခံချို့ယွင်းချက် ရှိနေပါသည်။ ကုမ္ပဏီကိုနိုင်ငံတော်က အများစုပိုင်ဆိုင်ထားသရွေ့ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်လာနိုင်ခြေရှိပါမည်။ ထိုအခါ စီးပွားရေးအပေါ် အခြေမခံသော ဆုံးဖြတ်ချက်များ ချမှတ်လာပါမည်။ အများပြည်သူ၏ ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးခြင်းဖြစ်ပေါ် လာပါမည်”လို့လည်းကောင်း ထည့်သွင်းသုံးသပ်ထားတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးရေးမူဘောင်နှင့် လုပ်ငန်းစီမံချက်အရ ဆိုလျှင်လည်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများရဲ့ အခန်းကဏ္ဍကိုလျှော့ချပြီး ပုဂ္ဂလိကကဏ္ဍကို နေရာကျယ်ကျယ်ပေးသွားမယ့် အစီအမံတွေရှိတာကိုလည်း သုံးသပ်တွေ့ရှိရပါတယ်။
နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများဥပဒေ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက် ၁၉၈၉ ခုနှစ်မှာ နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဆိုပါ ဥပဒေဟာ ၁၉၈၈ ခုနှစ်မတိုင်မီအထိ ဆိုရှယ်လစ်စီးပွားရေးစနစ်အောက်မှာရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ပုဂ္ဂလိက လက်ထဲ ကဏ္ဍအချို့ပြန်လည်လွှဲအပ်နိုင်ဖို့ ရေးဆွဲခဲ့တဲ့ဥပဒေတစ်ခုလို့ သုံးသပ်ပါတယ်။ ၎င်းဥပဒေအရ ကျွန်းသစ်ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း၊ သစ်တောစိုက်ခင်း လုပ်ကိုင်ခြင်း၊ ရေနံသဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ခြင်း၊ ပုလဲ၊ ကျောက်စိမ်း၊ တွင်းထွက်ကျောက်မျက်ရတနာ ထုတ်လုပ်တင်ပို့ရောင်းချခြင်း၊ အစိုးရက သုတေသနပြုလုပ်ရန် သတ်မှတ်ထားတဲ့ အင်းတွေမှာ ငါး၊ ပုစွန်မွေးမြူ ထုတ်လုပ်ခြင်း၊ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးလုပ်ငန်း၊ လေကြောင်းပို့ဆောင်ရေး၊ ရထားပို့ဆောင်ရေးလုပ်ငန်း၊ ဘဏ်နဲ့ အာမခံလုပ်ငန်း၊ အသံလွှင့်ခြင်းနဲ့ ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းလုပ်ငန်း၊ သတ္တုရှာဖွေထုတ်လုပ်ပြည်ပတင်ပို့ခြင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ လုံခြုံရေးနှင့် ကာကွယ်ရေးပစ္စည်းဆိုင်ရာ ထုတ်လုပ်ခြင်းစတဲ့လုပ်ငန်းတွေမှာ အစိုးရကပဲ လုပ်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းပြီး ကျန်ကဏ္ဍတွေအားလုံးကို ပုဂ္ဂလိကကို ဖွင့်ပေးခဲ့ပါတယ်။ အဆိုပါ ဥပဒေပုဒ်မ ၄ အရဆိုရင်တော့ အစိုးရကလုပ်ဖို့လျာထားတဲ့ လုပ်ငန်းတွေကို နိုင်ငံတော်အတွက် အကျိုးရှိမယ်ဆိုရင် အစိုးရနဲ့ဖက်စပ်ဖြစ်စေ၊ ပုဂ္ဂလိကချည်း သက်သက်ဖြစ်စေ လုပ်ခွင့်ပြုမယ်လို့လည်း ဖွင့်ထားပေးပါတယ်။ ဒါကြောင့်လည်း အဆိုပါဥပဒေအရ ကန့်သတ်ထားခဲ့တဲ့လုပ်ငန်းတွေကို ယနေ့ကာလမှာ ပုဂ္ဂလိကက လွတ်လွတ်လပ်လပ် လုပ်ကိုင်နေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အဆိုပါ ဥပဒေဟာ ယနေ့ကာလနဲ့ချိန်ထိုးသုံးသပ်ရင် တော်တော်လေး ခေတ်နောက်ကျနေပြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ စွမ်းဆောင်ရည် မြင့်တက်စေဖို့ အထောက်အပံ့မပြုနိုင်တာလည်း သုံးသပ်တွေ့ရှိရပါတယ်။ အဆိုပါ ဥပဒေဟာ စီးပွားရေးလုပ်ငန်းကဏ္ဍများနဲ့ပတ်သက်ပြီး အစိုးရနဲ့ပုဂ္ဂလိက စည်းခြားပေးထားရုံသက်သက်သာဖြစ်နေပြီး အခြားနိုင်ငံများမှာ ကျင့်သုံးနေတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဥပဒေ (State Owned Enterprise Law)များကဲ့သို့ စီမံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စတွေ၊ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်မှု ကျင့်ထုံးဆိုင်ရာ ကိစ္စတွေ၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စတွေ၊ စီးပွားရေးလုပ်ငန်းများ မဟာဗျူဟာချမှတ်ခြင်းဆိုင်ရာကိစ္စတွေ၊ ကုမ္ပဏီဆိုင်ရာ အခြေအနေများကို မြွက်ဟ ထုတ်ဖော်ခြင်းနဲ့ ပွင့်လင်းမြင်သာမှုရှိစေခြင်းဆိုင်ရာ ကိစ္စတွေ၊ အရင်းအနှီးဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စတွေ ပါဝင်ခြင်း မရှိတာကိုလည်း တွေ့ရှိရပါတယ်။ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများဥပဒေကို နိုင်ငံတော်ရဲ့ ပကတိအခြေအနေနဲ့ အနာဂတ်မျှော်မှန်းချက်များနဲ့ ကိုက်ညီအောင် ပြင်ဆင်ရေးဆွဲမှသာ ပုဂ္ဂလိကကဏ္ဍရဲ့ ယှဉ်ပြိုင်စွမ်းအားကိုတိုးတက်လာစေမှာ ဖြစ်ပါတယ်။ နိုင်ငံအများစုမှာတော့ အစိုးရစီးပွားရေးလုပ်ငန်းတွေဟာ သက်ဆိုင်ရာ နိုင်ငံရဲ့ကုမ္ပဏီဥပဒေအတိုင်းသာ လိုက်နာကျင့်သုံးလေ့ရှိကြပြီး အစိုးရစီးပွားရေးလုပ်ငန်းတွေ၊ သီးခြားအခွင့်အရေးတွေပေးမယ့် ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းတာကိုလည်း ရှောင်ကြဉ်လေ့ရှိကြပါတယ်။ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပုဒ်မ ၃ မှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကကုမ္ပဏီကဲ့သို့ ကော်ပိုရိတ်ပုံစံပြုနိုင်အောင်(Corporatization)ထည့်သွင်းပြဋ္ဌာန်းထားပြီးလည်း ဖြစ်ပါတယ်။
Yellow Pages Rule
နိုင်ငံအချို့မှာ ကျင့်သုံးတဲ့ပုံစံတွေထဲက လေ့လာမှတ်သားဖို့ ကောင်းတာကတော့ Yellow Pages Rule ဖြစ်ပါတယ်။ အဓိကဆိုလိုတာက မြန်မာနိုင်ငံမှာ ရှိနေတဲ ရန်ကုန်လမ်းညွှန်၊ မန္တလေးလမ်းညွှန်စတဲ့ စီးပွားရေး ဆိုင်ရာလမ်းညွှန်တွေလို နိုင်ငံအချို့က ၎င်းနိုင်ငံရဲ့ Yellow Pages Rule မှာ ရှိနေတဲ့ လုပ်ငန်းတွေကို အစိုးရက ဝင်ရောက်လုပ်ကိုင်ခြင်း မပြုရဘူးဆိုတဲ့ စည်းမျဉ်းပါ။ အကယ်၍ Yellow Pages Rule မှာပါနေတဲ့ လုပ်ငန်းတစ်ခုကိုအစိုးရက လက်ငုတ်လက်ရင်း လုပ်နေတာရှိလျှင်တောင်မှအဆိုပါ လုပ်ငန်းကနေ အစိုးရက ထွက်ပေးရမယ်လို့ဆိုလိုတာပါ။ ဥပမာအားဖြင့်ဆိုရရင် ကာဇက်စတန်နိုင်ငံမှာ အစိုးရက ထုတ်ပြန်တဲ့“Enterpreneurial Code of 2015” မှာ Yellow Pages Rule ကို အတိအကျ ပြဋ္ဌာန်းထားပါတယ်။ အဆိုပါ ပြဋ္ဌာန်းချက်အရ ကန့်သတ်ထားသည့် လုပ်ငန်းအချို့မှအပ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လုပ်ငန်းနယ်ပယ်အတွင်းသို့ အဆိုပါလုပ်ငန်းနှင့် အမျိုးတူကုန်ပစ္စည်း ထုတ်လုပ်ခြင်း၊ လုပ်ငန်းလုပ်ကိုင်ခြင်း၊ ဝန်ဆောင်မှုပေးခြင်း ဆောင်ရွက်နိုင်သည့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုခု ဝင်ရောက်လုပ်ကိုင်လျှင် အစိုးရက အဆိုပါ စီးပွားရေးလုပ်ငန်းကို ပုဂ္ဂလိကပိုင်ပြုခြင်းဖြင့်ဖြစ်စေ၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း နည်းလမ်းဖြင့်ဖြစ်စေ ပြောင်းလဲ၍ အဆိုပါကဏ္ဍမှ ထွက်ခွာပေးရမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လက်ရှိအခြေအနေမှာ Yellow Pages Rule ကို ကျင့်သုံးခြင်းမရှိသေးပေမယ့် အနာဂတ်မှာ ကျင့်သုံးနိုင်ရေးကိုတော့ စဉ်းစားဆောင်ရွက်သင့်ပါတယ်။
နိဂုံး
အထက်အပိုဒ်တွေမှာ တင်ပြခဲ့တဲ့ အခြေအနေတွေအားလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် စီးပွားရေးနယ်ပယ်မှာ “အစိုးရလား၊ ပုဂ္ဂလိကလား” ဆိုတာ အဖြေတွေ့မယ်လို့ ထင်ပါတယ်။ အစိုးရလို့ဆိုရာ မှာ အစိုးရကိုယ်တိုင်က ပါဝင်ရင်းနှီးမြှုပ်နှံခြင်းအပြင် အစိုးရက ဝင်ရောက်အကျိုး အမြတ်ရယူတဲ့ ပိုင်ရှင်(Beneficiary Owner) ဖြစ်နေ ခြင်းကလည်း အကျုံးဝင်ပါတယ်။ နိုင်ငံတော်ရဲ့ မူဝါဒတွေအရ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်ပြုရာမှာလည်း ပုဂ္ဂလိကပိုင်ပြုရေးဥပဒေကို စနစ်တကျရေးဆွဲပြဋ္ဌာန်းပြီး ဆောင်ရွက်ဖို့နဲ့ အဆောတလျင် မဆောင်ရွက်မိဖို့ အရေးကြီးလှပါတယ်။ ဥပဒေခိုင်ခိုင်မာမာမရှိဘဲ ပုဂ္ဂလိကပိုင်ပြုမိရင် မူလရည်ရွယ်ချက် အထမမြောက်ဘဲနိုင်ငံပိုင် အရင်းအမြစ်တွေကို ပုဂ္ဂလိကသို့ ရောင်းချခြင်း သက်သက်သာဖြစ်သွားနိုင်တာကိုလည်း ဂရုပြုဖို့လိုအပ်ပါတယ်။ အခြားတစ်ဖက်မှာလည်း နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများဟာ ပုဂ္ဂလိကကဏ္ဍကို လက်ဝါးကြီးအုပ်ယှဉ်ပြိုင်မှုပြုခြင်းမဟုတ်ဘဲ ပုဂ္ဂလိကကဏ္ဍအတွက် မိတ်ဖက်ဖြစ်အောင်၊ နိုင်ငံသူနိုင်ငံသားတွေအတွက် အကျိုးပြုနိုင်အောင် ဦးတည်ပြီး နိုင်ငံတကာစံချိန်စံညွှန်းနဲ့ကိုက်ညီမယ့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဥပဒေတစ်ခု ပေါ်ထွန်းလာဖို့လည်း လိုအပ်နေပြီဖြစ်ပါတယ်။
အချုပ်အားဖြင့် တင်ပြလိုတာကတော့ အစိုးရလား၊ ပုဂ္ဂလိကလား မေးလာရင် စီးပွားရေးလုပ်ငန်းနယ်ပယ်မှာတော့ ပုဂ္ဂလိကကသာ ဦးဆောင်ရမှာဖြစ်ပါကြောင်းနဲ့အစိုးရအနေနဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြေလျှော့မှုပေးခြင်း၊ လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးခြင်း၊ ဖွံ့ဖြိုးတိုးတက်အောင်ကူညီပေးခြင်းနဲ့ စည်းကမ်းတကျဖြစ်အောင် ထိန်းကျောင်းပေးခြင်းစတဲ့ ဒေါက်တိုင်လေးခုကိုသာ ဦးတည်ဆောင်ရွက်ပေးရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။
ကိုးကား ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ ၂။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP)၊ ၃။ မြန်မာနိုင်ငံပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေး မူဘောင်နှင့် လုပ်ငန်းစီမံချက်(Private Sector Development Framework and Action Plan)၊၄။ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများဥပဒေ၊ ၅။ A Policy Maker’s Guide to Privatization, OECD @ 2019 ၊ ၆။ OECD Guidelines on Corporate Governance of State-Owned Enterprises 2015 ၊ ၅။Myanmar Commercial Law Framework – Reform Priorities White Paper, OPADE PARTNERS
အောင်နိုင်ဦး