ဂျကာတာ ၂၉ ဧပြီ
အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာနှင့် နိုင်ငံအနောက်ပိုင်းရှိ ဘန်ကူလူ ပြည်နယ်တို့တွင် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူ ၁၂ ဦးသေဆုံးခဲ့ပြီး ရှစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။ လူတစ်သောင်းခွဲနီးပါးတို့မှာ နေအိမ်များမှထွက်ခွာကာ ဘေးလွတ်ရာ အမိုးအကာများအောက်တွင် ခိုလှုံနေကြရသည်ဟု သဘာဝဘေးဆိုင်ရာ အာဏာပိုင်အဖွဲ့က ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ဆက်မပြတ် မိုးရွာသွန်းမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဧပြီ ၂၆ ရက်က ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူအရေအတွက် ၁၀ ဦးထက်မနည်းရှိခဲ့ပြီး ပျောက်ဆုံးနေသူအားလုံးမှာ ဘန်ကူလူပြည်နယ်မှဖြစ်ကြောင်း သဘာဝဘေးစီမံခန့်ခွဲရေး အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ စူတိုပိုပါဝိုနူဂရိုဟို က ပြောသည်။
အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဂျကာတာ၌ လုပ်ငန်းများဆောင်ရွက်ရာ အချက်အချာနေရာများဆီသို့ ရေများ မရောက်ရှိခဲ့သည့်အတွက် ရေလွှမ်းမိုးမှုကြောင့် လုပ်ငန်းခွင်ဆောင်ရွက်မှုများကို ထိခိုက်ခဲ့ခြင်းမရှိ ခဲ့ကြောင်း စူတိုပိုပါဝိုနူဂရိုဟိုက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်မှ စတင်ကာ ဘန်ကူလူ ပြည်နယ်အတွင်းရှိ ခရိုင်အများအပြားတို့တွင် ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သည်။
ဧပြီ ၂၈ ရက်တွင်မူ ရေများစတင်လျော့ကျလာသော်လည်း ပြည်နယ်အတွင်းရှိ လူနေဧရိယာအချို့ ရေနစ်မြုပ်နေဆဲဖြစ်ကြောင်း ၄င်းကပြော ကြားခဲ့သည်။
ရေလွှမ်းမိုးမှုကြောင့် ပြည်နယ်အတွင်းရှိ နေအိမ်ပေါင်း ၁၈၄ လုံး၊ ကျောင်းလေးကျောင်းနှင့် အခြေခံအဆောက်အအုံများစွာ၊ လမ်းများ၊ တံတားများနှင့် ရေသွယ်မြောင်းများ ပျက်စီးခဲ့သည်။ အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်နေပြီး ထိခိုက်ဒဏ်ရာရသူ နှစ်ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသည် မိုးများသည်းထန်စွာ ရွာသွန်းချိန်တွင် ရေကြီးမှုနှင့် မြေပြိုမှုများကို မကြာခဏ တွေ့ကြုံရသည်။
ဆင်ဟွာ