တာချီလိတ် ၂၉ ဧပြီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ လွယ်တော်ခမ်းအုပ်စု၊ ဟွေရဲပူးပေါင်းစစ်ဆေးရေးစခန်း၌ ပိတောက်သစ်များ တရားမဝင် သယ်ဆောင်လာသူ အမျိုးသား နှစ်ဦးကို ၂၈ ရက် ညနေပိုင်းက အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့သည်။
ဖြစ်စဉ်မှာ ဧပြီ ၂၇ ရက်ည ၇ နာရီခန့်တွင် တာချီလိတ်မြို့ သစ်တော်ဦးစီးဌာနမှ နယ်မြေတာဝန်ခံ၊ ပူးပေါင်း စစ်ဆေးရေးစခန်း ကြီးကြပ်တာဝန်ခံ တောအုပ်ကြီး ဦးမျိုးမြင့် ဦးစီးသစ်တော ဝန်ထမ်းများ၊ နယ်မြေခံတပ်မှ ဗိုလ်ကြီး သက်ထွန်းဦး ဦးစီးတပ်မတော်သားများ၊ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့၊ တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ကိုကိုဦး စီးနယ်ထိန်းအဖွဲ့၊ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဟွေရဲပူးပေါင်း စစ်ဆေးရေး စခန်းတွင် မိုင်းဆတ်မြို့နယ်ဘက်မှ တာချီလိတ်ဘက်သို့ ယာဉ်မောင်း ဦးဝင်းဇော်နှင့် ယာဉ်နောက်လိုက် ဦးသောင်းမြင့်တို့ လက်ပါလာသော ယာဉ်အမှတ် 2C/------ နံပါတ်ပါ NIssan ၁၀ ဘီးယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် ပိတောက်သစ် စကွဲယားတုံး ၁၇ တုံး(၂ ဒသမ ၄၈၀၆)တန်၊ (ကာလတန်ဖိုးငွေကျပ် ၁၂၄၀၃၀ဝ၀) အား တွေ့ရှိ ဖမ်းဆီးရမိသည်။
အမှုမှ တရားမဝင် ပိတောက်သစ် စကွဲယားတုံးများ မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသူ ယာဉ်မောင်း ဦးဝင်းဇော်(၄၉ နှစ်)၊ ပိန်းဆန်းရပ်ကွက်၊ မိုင်းပျဉ်းမြို့နေသူနှင့် ဦးသောင်းမြင့် (၂၉ နှစ်)၊ နယ်မြေ(၄)၊ ရွှေတောင်ရပ်ကွက်၊ တောင်ကြီးမြို့နေသူတို့အား တာချီလိတ်မြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)