ပူတာအို ၂၉ ဧပြီ
မြန်မာနိုင်အေဂျီ(ဧဝံဂေလိ) အသင်းတော်များ၊ အမှတ်(၂) သာသနာခရိုင်၊ ကောင်ဧမာနွေလအေဂျီ အသင်းတော်ကကြီးမှူး၍ ဖွင့်လှစ်ခဲ့သော ရဝမ်တိုင်းရင်းသားစာပေနှင့် နွေရာသီအခြေခံသင်တန်းများဆင်းပွဲ အခမ်းအနားကို ဧပြီ ၂၉ ရက် နံနက် ၉ နာရီခွဲက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်(၃) ကောင်ဧမာ နွေအေဂျီအသင်းတော်ဘုရားကျောင်း၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ရဝမ်တိုင်းရင်းသားစာပေ Grade-1, Grade-2, Grade-3 သင်တန်းသား သင်တန်းသူများက သင်တန်းတွင် သင်ကြားခဲ့သော အဆိုအကများဖြင့် ဖျော်ဖြေခြင်း၊ ရဝမ်တိုင်းရင်းသားပုံပြင်နှင့် ဗျဉ်းကဗျာများကို ရဝမ်ဘာသာဖြင့် ပြောကြားခဲ့ကြပြီး တယောထိုးသင်တန်းသား သင်တန်းသူများက သင်တန်းတွင် သင်ကြားခဲ့သော တယောဖြင့် တီးမှုတ်ဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ သင်းအုပ်ဆရာကြီး သိက္ခာတော်ရ ဖလားဒီးရမ်နှင့် သင်းထောက် ဦးအကူးဖုန်ဆားရ်တို့က သင်တန်းဆင်းအမှာစကားနှင့် ကျေးဇူးတင်စကား ပြောကြားကြပြီး သင်းအုပ်ဆရာကြီးက သင်တန်း ဆရာ/မများနှင့် ရဝမ်တိုင်းရင်းသားစာပေသင်တန်း Grade-1, Grade-2, Grade-3 တွင် ပထမ၊ ဒုတိယ၊ တတိယဆုရ သင်တန်းသား သင်တန်းသူများအား ဆုများပေးအပ်ချီးမြှင့်သည်။
အဆိုပါသင်တန်းတွင် ရဝမ်တိုင်းရင်းသားစာပေ သင်တန်းအပြင် တယောထိုးသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ အဆို အကသင်တန်း၊ Music သင်တန်း၊ English Grammar သင်တန်းတို့ကို သင်တန်းသားသင်တန်းသူ စုစုပေါင်း(၁၄၀)ဦးတို့က သင်တန်းကာလ တစ်လကြာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)