နေပြည်တော် ၂၉ ဧပြီ

ရန်ကုန်-အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီး၊ ကျောက်တော်-မြောက်ဦး လမ်းပိုင်းပေါ်ရှိ ကျောက်တော်မြို့ မဟာမုနိဘုရားကြီးလမ်းဆုံအနီး၌ ယနေ့နံနက်ပိုင်းက AA အဖွဲ့ ထောင်ထားသော ဒေသန္တရလက်လုပ်မိုင်း ၃ လုံးအား တပ်မတော် လုံခြုံရေးစစ်ကြောင်းက တူးဖော်ရရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါနေရာအနီးတစ်ဝိုက်၌ AA အဖွဲ့က မိုင်းများ ထပ်မံထောင်ထားကြောင်း သတင်းအရ တပ်မတော်လုံခြုံရေးစစ်ကြောင်းက မိုင်းရှင်းလင်းရေးအဖွဲ့များဖြင့် ရှင်းလင်းခဲ့ရာ ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် မဟာမုနိ ဘုရားကြီးလမ်းဆုံအနီး ကျောက်တော်-မြောက်ဦးကားလမ်း၏ ယာဘက် ၂ ပေခန့်အကွာ၌ အချင်း ၆ လက်မ၊ အမြင့် ၈ လက်မခန့်ရှိ ဒေသန္တရ လက်လုပ်မိုင်း ၂ လုံးအားလည်းကောင်း၊ အဆိုပါနေရာမှ မြောက်ဘက် မီတာ ၂၀ ခန့် အကွာ၌ အချင်း ၆ လက်မ၊ အမြင့် ၈ လက်မခန့်ရှိ ဒေသန္တရလက်လုပ်မိုင်း ၁ လုံးအား လည်းကောင်း ရှာဖွေတွေ့ရှိသဖြင့် ဘုရားဖူးလာခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရေး စနစ်တကျ သက်မဲ့ပြုလုပ် မိုင်းရှင်းလင်းခဲ့ကြောင်း သိရသည်။ 

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ရခိုင်ပြည်နယ်အတွင်းရှိ အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် လမ်းများပေါ်တွင် AA အဖွဲ့ မိုင်းထောင်သည့်အကြိမ် ၁၅ ကြိမ်၊ မိုင်း ၄၆ လုံးရှိပြီး တပ်မတော်လုံခြုံရေးစစ်ကြောင်းများက အများပြည်သူ အန္တရာယ်မဖြစ်စေရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
(သတင်းစဉ်)