နေပြည်တော် ၃၀ ဧပြီ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်အရ ဧပြီ ၂၆ ရက်မှ ၃၀ ရက်အထိ (၅)ရက်အတွင်း မကွေး၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့၌ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနက ယနေ့တွင် ထုတ်ပြန်သည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျောက်ထု-ပေါက်-ပခုက္ကူ ကားလမ်း ပေါက်ချောင်းအနီး ယာဉ်အမှတ် (MDY/RLGO-1317) ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၁၆)ချောင်း ၁ ဒသမ ၃၇၂၄ တန်နှင့် ပြစ်မှုကျူးလွန်သူ (၃) ဦးကိုလည်းကောင်း၊ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် မုန်းချောင်းတံတား၌ မော်တော် ယာဉ်အမှတ် (7I/6525) A6(FAW) (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၂၉)ချောင်း ၂ ဒသမ ၁၇၆၈ တန်နှင့် တရားခံ(၁)ဦးကို လည်းကောင်း၊ မင်းဘူးခရိုင် ကြီးအုံကြီးဝဆည်အတွင်း တရားမဝင် ပိတောက်ခွဲသား အချောင်း (၁၉၀) ၁၃ ဒသမ ၅၀၈၂ တန်ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် ကလေးဝ-ယာကြီးကားလမ်း (၁၁၄/၄)မိုင်အနီး ယာဉ်အမှတ် (MDY/9B-6589)ပေါ်မှ တရားမဝင်သစ် ပိတောက်ခွဲသား (၅၈) ချောင်း ၉ ဒသမ ၂၃၃၈ တန်ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မြစ်ငယ်- ထုံးဘို- ပြင်ဦးလွင်ဖြတ်လမ်း မိုင်တိုင်အမှတ်(ဝ/ဝ) နေရာ၌ မော်တော်ယာဉ်အမှတ်(ဒ/၂၈၇) (အပြာရောင်) (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် အင်ခွဲသား(၂၄၃) ချောင်း ၅ ဒသမ ၄၄၇၆ တန်အားလည်းကောင်း ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မောင်မောင်မျိုး
