ရန်ကုန် ၁ မေ

 

တောင်ကိုရီးယားနိုင်ငံမှ နာမည်ကြီးကလပ် ပိုဟန်စတီးလားစ်အသင်းသည် မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာ လူငယ်အသင်း၊ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းတို့နှင့် ခြေစမ်းပွဲများ ကစားသွားမည်ဖြစ်သည်။

 

ပိုဟန်စတီးလားစ်အသင်းသည် မေလနောက်ဆုံးပတ်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး မေ ၂၈ ရက်တွင် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်း၊ မေ ၃၀ ရက်တွင် မြန်မာလူငယ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပိုဟန်စတီးလားစ်အသင်းနှင့် ခြေစမ်းမည့် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်း ကို ပြန်လည်ရွေးချယ်မည်ဖြစ်ပြီး ယင်းကာလတွင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ကျင်းပ သည့်ကာလဖြစ်သောကြောင့် ဆီမီးဖိုင်နယ် မတက်ရောက်သည့်အသင်းတစ်သင်းနှင့် ကစားဖွယ်ရှိနေသည်။

 


 မြန်မာလူငယ်အသင်းအဖြစ် ယူ-၁၈ အသင်းနှင့် ယူ-၂၂ အသင်းကို ပေါင်းစပ်ယှဉ်ပြိုင်ဖွယ်ရှိပြီး မြန်မာ ယူ-၂၂ အသင်းမှာအခြားနိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ဖြစ်ပါက ယူ-၁၈ အသင်းဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ ပိုဟန်စတီးလားစ်အသင်းသည် ခြေစမ်းပွဲနှစ်ပွဲအပြင် မြန်မာလူငယ်ကစားသမားများကို သင်ကြားပေးမည့် Football Clinic အစီအစဉ် လည်း ပါဝင်မည်ဖြစ်သည်။ 

 


ပိုဟန်စတီးလားစ်အသင်းသည် ကေလိဂ်၏ ထိပ်တန်းအဆင့်ရှိအသင်းတစ်သင်းဖြစ်ပြီး ကေလိဂ်ပြိုင်ပွဲတွင် ငါးကြိမ်ဗိုလ်စွဲထားကာ အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ချန်ပီယံဆုရဖူသည့်အသင်းလည်း ဖြစ်သည်။ ပိုဟန်စတီးလားစ်အသင်းသည် ကေလိဂ်ပြိုင်ပွဲ ပွဲစဉ် (၉) အပြီးတွင် အဆင့် (၈) နေရာ၌ ရပ်တည်လျက်ရှိသည်။

 

 မြန်မာ ယူ-၂၂ အသင်းသည် အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ဖွဲ့စည်းထားပြီး မြန်မာ ယူ-၁၈ အသင်းမှာမူ သြဂုတ်တွင် ကျင်းပမည့် အာဆီယံ ယူ-၁၈ ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့်အသင်းဖြစ်ကြောင်း သိရသည်။ 

 


သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်