၁ မေ
၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့် (ပထမနေ့) ကို ယနေ့ညနေ ပိုင်းက ကျင်းပရာ ရတနာပုံနှင့် ဟံသာဝတီအသင်း ကွာတားဖိုင်နယ် တက်ရောက်သွားသည်။
အောင်ဆန်းကွင်း၌ ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက ဧရာဝတီအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယင်းနှစ်သင်းသည် မိနစ် ၉၀ ပြည့်သည်အထိ သရေကျနေ၍ အချိန်ပိုဆက်လက် ယှဉ်ပြိုင်ခဲ့ရပြီး ရတနာပုံအသင်းက အချိန်ပိုပြီးခါနီးတွင် သွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရတနာပုံအသင်းသည် ယခုပွဲတွင် ဧရာဝတီထက် ကစားပုံပိုကောင်းခဲ့ပြီး တိုက်စစ်မှူး ဝင်းနိုင်စိုး၏ သွင်းဂိုးနှစ်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
နှစ်သင်းစလုံးတွင် ဒဏ်ရာနှင့် ပွဲပယ်ကစားသမားများမှလွဲ၍ လူစုံပါဝင်ခဲ့ပြီး ဝင်းနိုင်ထွန်းမပါနိုင် သောကြောင့် ရတနာပုံတိုက်စစ်ကို ဝင်းနိုင်စိုးက ဦးဆောင်ခဲ့သည်။ ဧရာဝတီအသင်းသည် လူငယ် ကွင်းလယ်ကစားသမား လွင်မိုးအောင်ကို ပွဲအစတွင် အနားပေးခဲ့သောကြောင့် ကွင်းလယ်အားနည်း ချက်များရှိခဲ့ပြီး ၎င်းဝင်လာပြီးနောက်ပိုင်းမှ ကစားပုံပြန်ကောင်းခဲ့ခြင်းဖြစ်သည်။
ပွဲအစတွင် ရတနာပုံအသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များကို အသုံးမချနိုင်ခဲ့၍ နစ်နာခဲ့ရသည်။ မိနစ် ၃၀ နောက်ပိုင်းတွင် ဧရာဝတီအသင်း ကစားပုံပြန်ကောင်းလာပြီး ရတနာပုံကို အပြန်အလှန်ကစားနိုင်သော်လည်း ဂိုးမသွင်းနိုင်၍ ပထမပိုင်းတွင် ဂိုးမရှိသရေကျနေသည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး တိုက်စစ်အားမြင့်လာပြီး ၆၃ မိနစ်တွင် ဝင်းနိုင်စိုးက ရတနာပုံအတွက် ဂိုးစတင်သွင်းယူခဲ့သည်။ ရတနာပုံအသင်း၏ ဦးဆောင်မှုမှာ ခြောက်မိနစ်သာကြာခဲ့ပြီး ၆၉ မိနစ်တွင် သီဟဇော်က ထောင့်ကန်ဘောကို ခေါင်းတိုက်ကာ ချေပဂိုးပြန်သွင်းခဲ့သည်။
ယင်းနောက်ပိုင်းတွင် နှစ်သင်းစလုံး ဂိုးထပ်ရရန် ကြိုးစားသော်လည်း ဂိုးထပ်မရ၍ အချိန်ပိုဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။ အချိန်ပိုတွင် ရတနာပုံအသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ဧရာဝတီအသင်းက ဂိုးမပေးရရန် အဓိကကစားခဲ့သည်။ ပွဲပြီးခါနီး ၁၁၈ မိနစ်တွင် ရတနာပုံအသင်း အနိုင်ဂိုးရခဲ့ပြီး ဝင်းနိုင်စိုးက သွင်းယူခဲ့ခြင်းဖြစ်သည်။ ရတနာပုံအသင်းသည် ကွာတားဖိုင်နယ်တွင် ဒဂုံနှင့် စစ်ကိုင်းပွဲမှ အနိုင်ရသည့်အသင်းနှင့် ကစားရမည်ဖြစ်သည်။
ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းက တက္ကသိုလ်အသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဟံသာဝတီအသင်းသည် ဂိုးပြတ်အနိုင်ရသော်လည်း တက္ကသိုလ်အသင်း၏ ရုန်းကန်မှုကြောင့် ခက်ခက်ခဲခဲကစားခဲ့ရသည်။ ဟံသာဝတီအသင်းအတွက် ဂိုးများကို ၃၁ မိနစ်တွင် ဟိန်းထက်အောင်၊ ၆၄၊ ၈၁ မိနစ်တွင် ပိုဒါ၊ ၇၅၊ ၈၄ မိနစ်တွင် အောင်မျိုးသူရတို့က သွင်းယူခဲ့သည်။ ဟံသာဝတီအသင်းသည် ကွာတားဖိုင်နယ်တွင် ရှမ်းယူနိုက်တက်နှင့် မြဝတီပွဲမှ အနိုင်ရသည့်အသင်းနှင့် ကစားရမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်