ရန်ကုန် ၁ မေ

 

၂၀၁၉ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စု ပွဲစဉ် (၅) အဖြစ်  ရန်ကုန်အသင်းသည် စင်ကာပူကလပ် တမ်ပနိစ်ရိုဗာအသင်းနှင့် စင်ကာပူနိုင်ငံရှိ ဂျလန်းဘီဆာကွင်း၌ ယနေ့ ညနေပိုင်းက ယှဉ်ပြိုင် ကစားခဲ့ခြင်းဖြစ်ပြီး လေးဂိုး-သုံးဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ 

 

ရန်ကုန်အသင်းသည် နောက်တစ်ဆင့်တက်ရေး နောက်ဆုံးမျှော်လင့်ချက်အတွက် အကောင်းဆုံးကြိုးစားခဲ့ပြီး အပြန်အလှန်သွင်းဂိုးများဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန် အသင်းတွင် အဓိက ကစားသမားအချို့ မပါဝင်နိုင်၍ အားပျော့ခဲ့ပြီး ပွဲပြီးခါနီးတွင် ပေးလိုက်ရသည့်ဂိုးကြောင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၂ မိနစ်နှင့် ၄၃ မိနစ်တွင် အမ်မရီက တမ်ပနိစ်ရိုဗာအသင်းအတွက် ဂိုးများသွင်းယူခဲ့၍ ရန်ကုန်အသင်း နောက်မှ လိုက်ကစားခဲ့ရသည်။

 

ဒုတိယပိုင်းတွင် ရန်ကုန်အသင်းက ချေပဂိုးရရန် တိုက်စစ်မြင့်လာပြီး ၅၇ မိနစ်တွင် စိုးမင်းနိုင်၊ ၇၁ မိနစ်တွင် မောင်မောင်လွင်တို့က ချေပဂိုးများပြန်သွင်းခဲ့၍ လက်ကျန်မိနစ်များမှာ အကြိတ်အနယ်ရှိခဲ့သည်။ ၇၇ မိနစ်တွင် အမ်မရီက တမ်ပနိစ်ရိုဗာအသင်းအတွက် တတိယဂိုးသွင်းသော်လည်း ၈၅ မိနစ်တွင် ကျော်ဇင်ဦးက ရန်ကုန်အတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ သို့သော် ရန်ကုန်အသင်းသည် သရေရလဒ်ကို မထိန်းနိုင်ဘဲ ၉၀+၁ မိနစ်တွင် အာဝမ်၏ အနိုင်ဂိုးသွင်းယူမှုကို ခွင့်ပြုခဲ့ရသည်။ ရန်ကုန်အသင်းသည် တစ်ပွဲကစားရန် ကျန်သေးသော်လည်း ငါးပွဲကစား သုံးမှတ်သာရရှိသောကြောင့် အုပ်စုမှ ထွက်ခဲ့ရသည်။

 

အခြားပွဲစဉ်အဖြစ် သုဝဏ္ဏကွင်း၌ ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းက မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းကို ငါးဂိုးပြတ်အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုငါးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

 

ရဲရင့်ရှိုင်း