ရန်ကုန် ၂ မေ

 

လာအိုနိုင်ငံက အိမ်ရှင်အဖြစ် ဧပြီ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သည့် အကယ်ဒမီပေါင်းစုံ ဘောလုံးပြိုင်ပွဲ The 1st Kiettisack International Football Tournament ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံမှ မြန်မာနှလုံးသား ဘောလုံးအကယ်ဒမီ A Heart For Myanmar Football Academy အဖွဲ့သည် ဒုတိယဆုနှင့် ရွှေဖိနပ်ဆုရရှိခဲ့ကြောင်း သိရသည်။

 

မြန်မာနှလုံးသား ဘောလုံးအကယ်ဒမီ အဖွဲ့သည် ဧပြီ ၃၀ ရက် ညပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ ဖောင်ဒေးရှင်းဒါရိုက်တာ ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများ၊ ဘောလုံးကစားသမားများ၏ မိဘဆွေမျိုးများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။ 

 

ပြိုင်ပွဲတွင် အိမ်ရှင်လာအိုအသင်းက ပထမ၊ မြန်မာအသင်းက ဒုတိယ၊ ထိုင်းအသင်းက တတိယ ရရှိခဲ့ကြပြီး မြန်မာအသင်းမှ အကောင်ဆုံး ဘောလုံးသမားဆု (ရွှေဖိနပ်) ဆုကို ကျောနံပါတ် ၁၀ မောင်ရီကိုက ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲတွင် အိမ်ရှင် လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် စင်ကာပူ နိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။ မြန်မာနှလုံးသား အကယ်ဒမီ ဘောလုံးသင်တန်းကျောင်းသည် ၂၀၁၅ ခုနှစ်က စတင်ဖွဲစည်းခဲ့ပြီး ဘောလုံးအားကစားသမားများအား ပြည်ပနည်းပြများဖြင့် သင်ကြားပေးလျက်ရှိကာ ထူးချွန်ထက်မြက်သော ကစားသမားများအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လက်အောက်ရှိ ကလပ်အသီးသီးသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းနှင့် ဓာတ်ပုံ-ဗလစိုး

 

1