ရန်ကုန် ၂ မေ

 


အိန္ဒိယနိုင်ငံ၌ ပြုလုပ်နေသည့် ၂၀၁၉ အာရှဘိလိယက်ပြိုင်ပွဲနှင့် အာရှ ယူ-၂၁ စနူကာပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစ၍ ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား နေသွေးဦး ဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။

 

ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် နေသွေးဦးသည် တစ်နိုင်ငံတည်းကစားသမား ချစ်ကိုကိုအား ငါးပွဲ-သုံးပွဲဖြင့် အနိုင်ရခဲ့ပြီး အခြားပွဲတွင် ထိုင်းကစားသမား ပရာပွတ်က အိန္ဒိယကစားသမား အက်ဗာနီကို ငါးပွဲ-သုံးပွဲဖြင့် အနိုင်ရခဲ့သည်။ နေသွေးဦးသည် ချစ်ကိုကိုအား သုံးပွဲ-တစ်ပွဲအရှုံးမှ ပွဲငယ်လေးပွဲဆက်တိုက် အနိုင်ရခဲ့ခြင်းဖြစ်သည်။ နေသွေးဦးသည် ချစ်ကိုကိုအား ၅-၁၀၁ မှတ်၊ ၁၀၁-၈၉ မှတ်၊ ၆-၁၀၀ မှတ်၊ ၄၇-၁၀၀ မှတ်၊ ၁၀၁-၂၆ မှတ်၊ ၁၀၃-၄၂ မှတ်၊ ၁၀၀-၈၀ မှတ်၊ ၁၀၂-၈ မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပရာပွတ်သည် လက်ရှိချန်ပီယံ အက်ဗာနီကို အနိုင်ယူခဲ့ခြင်းဖြစ်ပြီး ဗိုလ်လုပွဲတွင် နေသွေးဦးနှင့် ပရာပွတ်တို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 


မြန်မာဘိလိယက်အဖွဲ့သည် ယင်းပြိုင်ပွဲတွင် ဘိလိယက်ကစားသမားသုံးဦး၊ ယူ-၂၁ စနူကာ ကစားသမားနှစ်ဦးဖြင့် ယှဉ်ပြိုင်ခဲ့ပြီး နေသွေးဦးက ဗိုလ်လုပွဲတက်ရောက်ခဲ့ကာ ချစ်ကိုကိုက ဆီမီးဖိုင်နယ်၊ ကျန်ကစားသမားသုံးဦးက အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ နေသွေးဦးနှင့် ပရာပွတ်တို့၏ ဗိုလ်လုပွဲကို မေ ၃ ရက်တွင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ 

 


သတင်း - ရဲရင့်ရှိုင်း
ဓာတ်ပုံ - ဖိုးသော်ဇင်