၂၀ ရာစုသည် ကမ္ဘာ့သမိုင်းတွင် ထူးခြားသည့်မှတ်တိုင်ကြီးများ အများအပြားစိုက်ထူထားခဲ့သည့် ရာစုနှစ်တစ်ခု ဖြစ်သည်။ ယင်းရာစုနှစ်အတွင်း ကမ္ဘာစစ်ကြီး နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ နယ်ချဲ့ကိုလိုနီလက်အောက်မှ ကမ္ဘာ့နိုင်ငံအများအပြား ပြန်လည်လွတ်မြောက်လာကြသည်။ လက်ဝဲ လက်ယာ အယူဝါဒကြီးနှစ်ရပ် အားပြိုင်ပြီး စစ်ရေးတည်ဆောက်မှုများ အပြိုင်အဆိုင် လုပ်ကြသည်။ ကိုလိုနီထမ်းပိုးအောက်မှ လွတ်မြောက်ခဲ့သော နိုင်ငံအချို့မှာ ပြည်တွင်းဖြစ်အာဏာရှင်များ အောက်သို့ တစ်ဖန်ပြန်၍ ကျရောက်ခဲ့ကြရပြန်သည်။

 

ယင်းရာစုနှစ်အတွင်း သိပ္ပံနှင့်နည်းပညာများ တစ်ဟုန်ထိုးတိုးတက်ခဲ့သလို စာနယ်ဇင်းများ၏ ရွှေခေတ်လည်းဖြစ်ခဲ့သည်။ နံနက်၊ နေ့လယ်၊ ညနေ တစ်နေ့လျှင် သုံးကြိမ် တည်းဖြတ်ထုတ်ဝေကာ နေ့စဉ်စောင်ရေ သန်းနှင့်ချီ၍ ထုတ်ဝေသောသတင်းစာကြီးများ ခေတ်ကောင်းခဲ့သည်။ ယင်းရာစု နှစ်လယ်ဟုဆိုရမည့် ၁၉၄၈ ခုနှစ်အတွင်း ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို ကုလသမဂ္ဂကထုတ်ပြန်ခဲ့သလို ၂၀ ရာစု၏ နောက်ဆုံးရာစုနှစ်အတွင်း ၁၉၉၃ ခုနှစ်တွင် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ကို အတည်ပြုခဲ့သည်။ ယင်းဆယ်စုနှစ်အတွင်းမှာပင် Information Technology ခေါ် သတင်းအချက်အလက် နည်းပညာ ဖွံ့ဖြိုးတိုးတက်လာပြီး သမားရိုးကျ မီဒီယာများဖြစ်သည့် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင် သံကြားတို့ကို တစ်စတစ်စ ခြိမ်းခြောက်လာခဲ့ခြင်းဖြစ်သည်။

 

နည်းပညာများ တိုးတက်မှုနှင့်အတူ သတင်းမီဒီယာပလက်ဖောင်းများ မည်ကဲ့သို့ပြောင်းလဲသည်ဖြစ်စေ သတင်းမီဒီယာများသည် လည်းကောင်း၊ သတင်းအတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့် စာနယ်ဇင်းသမားများသည်လည်းကောင်း လူ့အဖွဲ့အစည်းတစ်ရပ်အတွက် အရေးပါသည့်၊ အရေးကြီးသည့်ကဏ္ဍတွင် ရှိနေကြသည့်အလျောက် Watch dog "ပြည်စောင့်ခွေး"၊ Whistleblower"ခရာမှုတ်သမား" စသည်ဖြင့် တင်စားခေါ်ဝေါ်ကြသည်။ ၎င်းတို့သည် နိုင်ငံနှင့် လူ့အဖွဲ့အစည်းအတွင်း မတော်မတရားမှုများ၊ အမြီးအမောက်မတည့်မှုများ၊ ဥပဒေမဲ့ ဆောင်ရွက်မှုများ၊ အဂတိလိုက်စားမှု၊ ကျင့်ဝတ်ဖောက်ဖျက်မှုများ၊ တာဝန်ဝတ္တရားမကျေပွန်မှုများ စသည်တို့ကို အများသိအောင်ဖော်ထုတ် အသိပေးသူများအဖြစ် အများ၏ လေးစားတန်ဖိုးထားမှုများကို ရရှိကြသည်။ တစ်ဖက်တွင်လည်း မတော်မတရားပြုသူ၊ ဥပဒေမဲ့လုပ်ကိုင်သူ၊ အဂတိလိုက်စားသူ အာဏာပိုင်များ၊ ဒုစရိုက်သမားများ၊ မူးယစ်ရာဇာများ စသူတို့၏ ရန်ငြိုးအာဃာတတို့ကိုလည်း တစ်ခါတစ်ရံအသက်ပေးရသည်အထိ ခံကြရသည်။

 

သတင်းမီဒီယာများတွင် ရေးသားဖော်ပြထုတ်လွှင့်မှုများက လူ့အဖွဲ့အစည်းအပေါ်တွင် လွှမ်းမိုးနိုင်သည့် တန်ခိုးဩဇာ တစ်စုံတစ်ရာရှိသည့်အလျောက် မီဒီယာများ၏ လွတ်လပ်ခွင့်သည်လည်း အရေးကြီးသည်။ အထူးသဖြင့် ဒီမိုကရေစီလူ့အဖွဲ့ အစည်းတွင် မီဒီယာသည် စတုတ္ထမဏ္ဍိုင် ဖြစ်သည်နှင့်အညီ အားကောင်းဖို့၊ ခိုင်ခံ့ဖို့ရန် အထူးလိုအပ်သည်။ ရာစုနှစ်ဝက်ခန့် မျိုးဆက်ပြတ်ခဲ့ရသည့် မိမိတို့နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ကို ခိုင်မာတောင့်တင်းစေရန် ဝိုင်းဝန်းတည်ဆောက်ပေးရမည်ဟုလည်း ရှုမြင်မိသည်။ တစ်ဖက်တွင်လည်း မီဒီယာတိုင်းက မိမိတို့၏ လွတ်လပ်ခွင့်များကို တန်ဖိုးထားပြီး ကျင့်ဝတ်တို့ကို လိုက်နာကာ မိမိတို့လူ့အဖွဲ့အစည်းအပေါ် တာဝန်ရှိမှုကို အလေးအနက်ခံယူခြင်းအားဖြင့် မီဒီယာတို့၏ အခန်းကဏ္ဍ ပို၍ပို၍ မြင့်မားလာမည်သာ ဖြစ်သည်။

 

ယနေ့ မိမိတို့နိုင်ငံသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် ဦးတည်ကာ နိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူများ ပါဝင်သည့် စုပေါင်းအင်အားဖြင့် အကောင်အထည်ဖော်လျက်ရှိရာတွင် တိုးတက်အောင်မြင်မှုများ ရရှိနေသလို အခက်အခဲအတားအဆီးနှင့် စိန်ခေါ်မှုများစွာတို့ကိုလည်း ရင်ဆိုင်နေရသည်။ နိုင်ငံအတွင်းရှိနေသည့် အင်အားစုများ အားလုံး၏ကြားတွင် (တစ်သွေး တစ်သံ တစ်မိန့်အောက်မှ ဟန်ပြညီညွတ်မှုမျိုးမဟုတ်သည့်) တစ်သွေးတည်း တစ်သားတည်းသော စည်းလုံးညီညွတ်မှု လိုအပ်နေချိန်လည်းဖြစ်သည်။ ယင်းသို့သော အခြေအနေအချိန်အခါမျိုးတွင် မီဒီယာတိုင်းက နိုင်ငံ၏ ပကတိအခြေအနေကို မျက်မှောက်ပြုကာ ကျင့်ဝတ်သိက္ခာရှိရှိ၊ တာဝန်သိသိဖြင့် လွတ်လပ်ခွင့်တို့ကို ကျင့်သုံးနိုင်ကြပါစေကြောင်း။ ။