အောင်ဝင်းငြိမ်း(ကန့်ဘလူ)

 

လင်းနို့ဂူ ပညာပေးစခန်း

 

စစ်ကိုင်းတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူသိနည်းပြီး သဘာဝအတိုင်းရှိနေသည့် ရေမြေတောတောင် အလှအပများကို နိုင်ငံတကာခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ ပိုမိုသိရှိလေ့လာ အပန်းဖြေနိုင်ရန် ရည်ရွယ်လျက် လင်းနို့ဂူ သဘာဝ ဝန်းကျင်ဆိုင်ရာ ပညာပေးစခန်းနှင့် အပန်းဖြေ ဥယျာဉ်ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်စီစဉ်၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က ဖွင့်လှစ်ထားခဲ့ပြီးဖြစ်သည်။

 

ကန့်ဘလူမြို့နယ်ရှိ လင်းနို့များနေထိုင်ရာ ဂူသည် ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၆၈၉ ပေ၌ တည်ရှိပြီး သဘာဝမှပေးအပ်ထားသော ဘူမိရုပ်သွင် ထူးခြားသည့် သဘာဝနယ်မြေတစ်ခု ဖြစ်သည်။ လင်းနို့ဂူအတွင်း ထူးခြားသည့် လင်းနို့များ၊ လှပသည့် သဘာဝအနေအထားများ ရှိနေသလို ဂူပတ်ဝန်းကျင်သည်လည်း ထင်ရှားသည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များလည်း တည်ရှိသည့်ဒေသ ဖြစ်သည့်အတွက် အရှည်တည်တံ့ အောင် ဥပဒေအရ သဘာဝနယ်မြေအဖြစ် သတ်မှတ်၍ ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်လှသည်။

 

လင်းနို့ဂူ သဘာဝထိန်းသိမ်းရေးနယ်မြေ

 

လင်းနို့ဂူ သဘာဝထိန်းသိမ်းရေးနယ်မြေ၏ ဘူမိရုပ်သွင် ထူးခြားချက်မှာ မင်းဝံတောင်တန်း ပေါ်ရှိ ပေ ၂၂၉၀ အမြင့်ရှိသော ဇင်းတောင်မကြီး သည် လင်းနို့ဂူတည်နေရာ တောင်ကြောဖြစ်ပြီး ပတ်ဝန်းကျင်ရှိ တောင်ကုန်းတောင်တန်းများထက် သိသာထင်ရှားစွာ တည်ရှိခြင်းနှင့် သဘာဝ ထုံးကျောက်နံရံများ၊ ထုံးကျောက်လိုဏ်ဂူများ တည်ရှိနေခြင်းဖြစ်သည်။ သဘာဝထုံးကျောက် လိုဏ်ဂူများသည် သစ်တောသစ်ပင်များ ဖုံးလွှမ်း နေသည့် ညို့မှိုင်းနေသော တောင်တန်းများဖြင့် ပနံရစွာ လှပတည်ရှိနေပြီး ထိုဂူများတွင် လင်းနို့များ ကျက်စားနေကြသည်။

 

မင်းဝံတောင်တန်းတွင် သဘာဝပေါက်ပင် မျိုးစုံပေါက်ရောက်သည်။ တောအမျိုးအစားအနေဖြင့် အထက်ရွက်ပြတ်ရောနှောတောနှင့် အင်တိုင်းတောများဖြစ်ကာ အပင်အမျိုးအစား အနေဖြင့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ အင်၊ အင်ကြင်း၊ သစ်ရာ၊ ထောက်ကြံ့၊ ယမနေ၊ သင်းဝံ၊ သပြေ၊ သဒီ၊ တောသရက်၊ တည်၊ ယင်းမာ၊ မအူ၊ နှော၊ သစ်စိမ့်၊ နဘဲ၊ ခူသံ၊ လက်ပံ၊ ဒီဒူး၊ ရုံး၊ သစ် စေး၊ ကုတ်ဟဲ၊ ချဉ်ယုတ်၊ သံသေ၊ ဘန့်ဘွေး၊ ကျွန်းခေါက်နွယ်၊ ငုစပ်၊ သစ်ဖြူ၊ သစ်ပုတ်၊ နီပစေးနှင့် သန်း အစရှိသည့် သစ်ပင်များနှင့် ကြသောင်းဝါး၊ တင်းဝါး၊ သိုက်ဝါး၊ မျှင်ဝါး၊ သနပ် ဝါး စသည့် ဝါးပင်အမျိုးမျိုး ပေါက်ရောက်သည်။

 

ထို့အပြင် တောရိုင်းတိရ္ဆာန် ဇီဝမျိုးစုံ မျိုးကွဲ များလည်းနေထိုင်ကျက်စားလျက်ရှိရာ ဆင်၊ ချေ၊ တောဝက်၊ လင်းနို့မျိုးစိတ်များ၊ ဆတ်၊ ခွေးအ၊ မျောက်စပ်၊ ရှဉ့်နီ၊ ရှဉ့်ငပေါ၊ ရှဉ့်မွဲ၊ လင်းဝက်၊ တောကြောင်များနှင့်အတူ တွားသွားသတ္တဝါ များဖြစ်သည့် ြွမေမျိုးစိတ် အမျိုးမျိုး၊ ဖွတ်၊ လိပ် ဝါ၊ လိပ်ပုတ်၊ ကုန်းလိပ်၊ စင်းချောလိပ်၊ ပဒတ် များလည်း ရှိသည်။ ငှက်မျိုးများအနေဖြင့် အောက်ချင်း၊ အောင်လောင်၊ သစ်တောက်ငှက်၊ လင်းယုန်၊ ကြက်တူရွေး၊ ဘုတ်၊ ဝါးယောင်းငှက်၊ သိန်းငှက်၊ စွန်၊ သပိတ်လွယ်၊ ငှက်ခါး၊ တောကြက် နှင့် ဗျိုင်းအမျိုးမျိုး၊ အင်းဆက်မျိုးစိတ်များ အနေ ဖြင့် လိပ်ပြာ၊ ပျား၊ ပင့်ကူနှင့် အခြားအင်းဆက်များစွာ နေထိုင်ကျက်စားလျက်ရှိသည်။

 

လင်းနို့များသည် အတောင်ပံပါပြီး ပျံသန်းနိုင် သည့်တစ်မျိုးတည်းသော နို့တိုက်သတ္တဝါဖြစ်သည်။ လင်းနို့များကို အသီးအနှံစားသည့်လင်းနို့ (Fruit bat)နှင့် သွေးစုပ်သည့်လင်းနို့ (Vampire bat) ဟူ၍ နှစ်မျိုးခွဲခြားနိုင်ပြီး အိပ်တန်းတက်သည့်အခါ သစ်ကိုင်းကို ခြေထောက်များနှင့် ကုပ်တွယ်၍ ဦးခေါင်းဇောက်ထိုးထားသော သတ္တဝါဖြစ်သည်။ လင်းနို့များသည် အများအားဖြင့် တစ်ကြိမ်ပေါက်ဖွားလျှင် တစ်ကောင်နှုန်းသာ ပေါက်ဖွားပြီး မျိုးစိတ်အချို့မှာမူ သုံးလေးကောင် အထိ ပေါက်ဖွားကြသည်။ အချို့မျိုးစိတ်များသည် အနှစ် ၃၀ ခန့်အထိ အသက်ရှင်သန်နေထိုင် နိုင် ကြပြီး ပျံသန်းနိုင်မှုစွမ်းအားမှာလည်း တစ်နာရီ မိုင် ၆၀ နှုန်းခန့်အထိရှိသည်။

 

သွေးစုပ်သောလင်းနို့များမှာ များသောအားဖြင့် အင်းဆက်များထံမှ သွေးများကို စုပ်ယူ စားသုံးခြင်းဖြစ်သည်။ လင်းနို့တစ်ကောင်သည် တစ်နာရီအတွင်း ခြင်အကောင်ရေ ၁၂၀ဝ အထိ ဖမ်းယူစားသုံးနိုင်ပြီး လင်းနို့အစုအဖွဲ့တစ်ခုသည် တစ်ညအတွင်း အင်းဆက်ပိုးမွှား တန်နှင့်ချီ၍ စားသုံးနိုင်သည်။ လင်းနို့မျိုးစိတ်ပေါင်းသည် ခန့် မှန်းချေ ၁၃၀ဝ ခန့်အထိရှိပြီး နို့တိုက်သတ္တဝါ အားလုံး၏ လေးပုံတစ်ပုံခန့်ရှိသည်။ အ္တာတိက တိုက်မှလွဲ၍ ကျန်တိုက်များတွင် ပျံ့နှံ့စွာ ကျက်စားနေထိုင်ကြသည်။

 

ခရီးသွားလုပ်ငန်း အလားအလာ

 

ကန့်ဘလူမြို့နယ် ဇင်းတောင်မကြီးရှိ လင်းနို့လိုဏ်ဂူများတွင် လင်းနို့ကောင်ရေ သန်းနှင့်ချီ နေထိုင်ကြောင်း၊ လင်းနို့များ အစာရှာချိန်တွင် လိုဏ်ဂူများအတွင်းမှ အုပ်စုဖွဲ့ ပျံသန်းထွက်ခွာမှုကို ဆည်းဆာအလှနှင့်အတူ ကြည့်ရှုနိုင်ကြောင်း၊ ဇင်းတောင်မကြီးတွင် သစ်မျိုးစုံ စုံလင်စွာပေါက် ရောက်ခြင်း၊ တောဆင်ရိုင်းအပါအဝင် ဇီဝမျိုးစုံ မျိုးကွဲများ လုပ်ငန်းများ ဆောင်ရွက်သင့်သည့်နေရာ ဖြစ်သည့်အတွက် လင်းနို့ဂူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးစခန်းကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ပညာပေးစခန်း ဖွင့်လှစ်ပေးခြင်းကြောင့် ကျောင်းသူကျောင်းသားများအား သဘာဝတောအတွင်းရှိ ဂေဟစနစ်အမျိုးမျိုးနှင့် သက်ရှိများ အသက်ရှင်ရပ်တည်ရန် အရေးကြီးသော ဂေဟစနစ်ဝန်ဆောင်မှုများအကြောင်းကို အသိပညာပေးနိုင်မည်ဖြစ်ပြီး သဘာဝတောအတွင်းရှိ သစ်မျိုးစုံနှင့် ဇီဝမျိုးစုံမျိုးကွဲများကို လေ့လာသိရှိ ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်အပေါ် ပိုမို တန်ဖိုးထားတတ်စေရန် လေ့ကျင့်သင်ကြားပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

လေ့ကျင့်သင်ကြားရေး

 

စစ်ကိုင်းတိုင်းဒေသကြီး၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်သည့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် ပညာပေးစခန်း၊ သင်တန်းခန်းမ၊ သင်တန်း သားအိပ်ဆောင်၊ စားရိပ်သာ၊ တည်းခိုရိပ်သာ၊ သစ်တောပြခန်း၊ သစ်တောနှင့် သဘာဝဝန်းကျင် ဆိုင်ရာပြတိုက်၊ သစ်ခွရုံ၊ လိပ်ကန်နှင့် ရေကန်များကို တည်ဆောက်ဖွင့်လှစ်ထားပြီး ဝက်ဝံလှောင် အိမ်ထားရှိရန်လည်း ဆက်လက်ဆောင်ရွက်မည် ဟု သိရသည်။

 

လင်းနို့ဂူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးစခန်းနှင့် အပန်းဖြေဥယျာဉ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ထာဝရကုမ္ပဏီ များအုပ်စုတို့ ပူးပေါင်းဆောင်ရွက်ခဲ့သော ဒေသ ဖွံ့ဖြိုးရေးမှတ်တိုင်တစ်ခုလည်းဖြစ်သည်။ ထို အသိပညာပေးစခန်းမှ မျိုးဆက်သစ် ကျောင်းသူ ကျောင်းသားများ၊ သဘာဝအခြေခံ ခရီးသွား ဧည့်သည်များနှင့် ဒေသခံပြည်သူများအား ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ် အပြန်အလှန် အမှီသဟဲပြုမူရှင်သန်ပုံများနှင့် သက်ရှိလောက တည်မြဲရေးအတွက် သဘာဝပတ်ဝန်းကျင်၏ အရေးပါပုံကို လေ့လာခွင့်ရရှိစေမည့် အကျိုး ကျေးဇူးများစွာ ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် တတ်နိုင်သည့်ဘက်မှ ပါဝင် လှူဒါန်းခွင့်ရသဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထာဝရကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌ ဦးမောင်ကိုက ပြောသည်။

 

လင်းနို့ဂူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးစခန်းနှင့် အပန်းဖြေစခန်းများ တည်ဆောက်ခြင်းနှင့်အတူ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာစေရန် အနောက်မြောက်ဒေသသို့ ခရီးကြမ်းကားမောင်းခြင်း (Journey to the North West Rally Sagaing/MHTTR 2018) အစီအစဉ်ကိုလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ကျင်းပခဲ့ပြီးဖြစ်ကာ ခရီးစဉ်အတွင်း ကားမောင်းသူများသည် လင်းနို့ ဂူ သဘာဝထိန်းသိမ်းရေးနယ်မြေသို့ ညအိပ်လာရောက်လေ့လာခဲ့ကြသည်။

 

လင်းနို့ဂူ သဘာဝထိန်းသိမ်းရေးနယ်မြေသည် ကန့်ဘလူမြို့နယ် ဇင်းကျေးရွာအနီး မိုင်တိုင် အမှတ် ၆၅၊ ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာကား လမ်းမကြီး အရှေ့ဘက် ၅ မိုင် ၂ ဖာလုံခန့်တွင် တည်ရှိပြီး ကန့်ဘလူမြို့မှ ၄၅ မိုင်၊ ရွှေဘိုမြို့မှ မိုင် ၇၀ ကွာဝေးသည်။

 

အကျိုးကျေးဇူးများ

 

လင်းနို့ဂူသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးစခန်းနှင့် အပန်းဖြေစခန်းဖွင့်လှစ်ခြင်းဖြင့် ပတ်ဝန်းကျင်ရှိသစ်တောများကို အထူးကြပ် မတ်နိုင်ခြင်း၊ အသိပညာပေးလုပ်ငန်းများမှ တစ် ဆင့် သစ်တောများ ပြန်လည်တည်ထောင်ရေးတွင် ပြည်သူလူထု ပိုမိုပူးပေါင်းပါဝင်မှုကို ဖော်ဆောင်နိုင်ခြင်း၊ သဘာဝအခြေခံခရီးသွား လုပ်ငန်းကြောင့် ဒေသခံပြည်သူများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်း အကျိုးကျေးဇူးများ ရနိုင်မည်ဖြစ်၍ ဒေသခံများအနေဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က တိုက်တွန်း ပြောကြားထားသည်။

 

အဆိုပါပညာပေးစခန်းတွင် ပို့ချပေးနိုင်သည့် သင်တန်းများမှာ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးသင်တန်း၊ သစ်တောစိုက်ခင်းများတည် ထောင်ခြင်းသင်တန်း၊ ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တော တည်ထောင်ခြင်းသင်တန်းများဖြစ်ပြီး သင်တန်းသားအိပ်ဆောင်တွင် လူ ၃၀ ဆံ့သည့်အတွက် တစ်ကြိမ်လျှင် သင်တန်းသား ၃၀ ကို လက်ခံသင်ကြားပေးနိုင်ကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအနေဖြင့် လင်းနို့ဂူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးစခန်း တည်ဆောက်ရန် သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ၂၀၁၆ ခုနှစ်မှစ၍ ညှိနှိုင်းဆောင် ရွက်ခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ်ရှိ ဂုံဂါးကြိုးဝိုင်း ၉၁၂၆ ဧက၊ ဘောကြိုးဝိုင်း ဧက ၁၃၆၆၀၊ ဇင်း ကြိုးဝိုင်း ၃၈၄၈ ဧကနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညှိနှိုင်းချက်အရ မ္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ သဘောထားတောင်းခံ ပြီး သပိတ်ကျင်းမြို့နယ် ဂုံဂါးကြိုးဝိုင်း ဧက ၃၆၇၄ ပါဝင်ဖွဲ့စည်းရန် သဘောတူခဲ့၍ စုစုပေါင်း ၃၀၃၀၈ ဧကကို လင်းနို့ဂူ သဘာဝထိန်းသိမ်း ရေး နယ်မြေအဖြစ် ဖွဲ့စည်းတည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

 

သဘာဝထိန်းသိမ်းရေးနယ်မြေများ

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆက်လက်တိုးချဲ့ ဖွဲ့စည်းမည့် သဘာဝထိန်းသိမ်းရေး နယ်မြေများမှာ မုံရွာမြို့နယ်တွင် ဗောဓိတစ်ထောင် သဘာဝကြိုးဝိုင်း ဧရိယာ ဧက ၁၇၉၂၀၊ ဗန်းမောက် မြို့နယ်တွင် ဇလုံတောင်အမျိုးသား ဥယျာဉ် ဧရိယာ ၆၀ဝ၄၆ ဒသမ ၇၁ ဧက၊ ဝက်လက် မြို့နယ်တွင် ရှိမ္မကားဘေးမဲ့တော ဧရိယာ ၃၁၆ ဧက၊ မော်လိုက်မြို့နယ်၊ ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့တွင် မဟာမြိုင် တောရိုင်း တိရ္ဆာန်ဘေးမဲ့တော ဧရိယာ ၂၉၀၁၄၀ ဒသမ ၈၃၅၈ ဧက စုစုပေါင်း ၃၉၈၇၃၁ ဒသမ ၅၄၆ ဧက ဖြစ်သည်။

 

တည်ထောင်ပြီး သဘာဝထိန်းသိမ်းရေး နယ်မြေများမှာ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် ဧရိယာ ၃၄၆၆၃၉ ဒသမ ၃၉ ဧက၊ ထမံသီတောရိုင်းတိရ္ဆာန်ဘေးမဲ့တော ဧရိယာ ၅၃၁၄၅၆ ဧက၊ ဟူးကောင်းချိုင့်ဝှမ်း တိရ္ဆာန်ဘေးမဲ့တော ဧရိယာ ၁၆၄၇၉၈၂ ဒသမ ၉၆ ဧက၊ ချပ်သင်း တောရိုင်းတိရ္ဆာန်ဘေးမဲ့ တော ဧရိယာ ၆၃၉၇၇ ဒသမ ၄၂ ဧကနှင့် မင်းဝံ တောင် တောရိုင်းတိရ္ဆာန်ဘေးမဲ့တော ဧရိယာ ၅၀၈၇၄ ဧကတို့ ဖြစ်သည်။ မင်းဝံတောင် တောရိုင်း တိရ္ဆာန်ဘေးမဲ့တော ဧရိယာကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းရန် စိစစ်ဆောင်ရွက်လျက်ရှိသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၏ သစ်တောဖုံးလွှမ်း မှု အခြေအနေမှာ ၂၀၁၅ ခုနှစ်က FAO  ၏ သစ်တောသယံဇာတဆန်းစစ်ချက် (Forest Resource Assessment FRA-2015) အရ တိုင်းဒေသကြီး၏ ၄၇ ဒသမ ဝ၄ ရာခိုင်နှုန်းရှိရာ ရှိနေသေးသည့် သစ်တောသယံဇာတများကို ထိန်းသိမ်းရန်နှင့် သယံဇာတများ တိုးပွားလာရေး အထောက်အကူပြုရန်သာမက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်လည်း ရည်ရွယ် အကောင်အထည် ထားသည့် လင်းနို့ဂူ သဘာဝဝန်းကျင်ဆိုင်ရာ ပညာပေးစခန်းနှင့် အပန်းဖြေဥယျာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီးအား အကျိုးပြုမည့် ဒေသတစ်ခု ဖြစ်လာတော့မည်ဖြစ်ကြောင်း။ ။

 

11111 C