၃ မေ
ဂျပန်နိုင်ငံသို့ဦးတည်ပျံသန်းသည့် အလီတာလီရာ လေယာဉ်သည် တိုကျိုအနီး လေယာဉ်မဆင်းသက်မီ လေလှိုင်းထန်ကာ လေယာဉ်လှုပ်ခါခဲ့ပြီး လေယာဉ်အမှုထမ်း သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနရှိ တာဝန်ရှိသူများက ရောမမြို့မှ ဂျပန်နိုင်ငံ သို့ပျံသန်းသည့် အီတလီလေကြောင်းလိုင်း ၇၈၄ သည် ယမန်နေ့မနက် ၁၀ နာရီခန့် က နာရီတာလေဆိပ်သို့ ဆင်းသက်ခါနီးတွင် လှိုင်းလေထန်မှုနှင့် တွေ့ကြုံခဲ့ရသည်။
အဆိုပါ လှိုင်းလေထန်မှုကြောင့် ဘိုးအင်း ၇၇၇ သည် ရုတ်တရက် ပြင်းထန်စွာ လှုပ်ခတ်ခဲ့ပြီး အသက် ၄၅ နှစ်အရွယ် အီတလီလေယာဉ်မယ်၏ ဦးခေါင်းမှာ စားသောက်ဖွယ်ရာများ သယ်ဆောင်လာသောတွန်းလှည်း ဖြင့်ထိခိုက်မိပြီး ၎င်း၏ လုပ်ဖော်ကိုင်ဖက် နှစ်ဦးမှာ လဲကျခဲ့ကြောင်းနှင့် သတင်းများအရ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။
ထိုလေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်းများနှင့် ခရီးသည်များ စုစုပေါင်း ၂၅၆ ဦးပါရှိသော်လည်း အခြားဒဏ်ရာရရှိသူများ မရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
အလီတာလီရာ တာဝန်ရှိသူများက လေယာဉ်ခရီးသည်များသည် ထိုင်ခုံခါးပတ်ပတ်ထားကြောင်းနှင့် လေယာဉ်အမှုထမ်းများက ခရီးသည်များရှိသည့် အခန်းကို စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
ဂျပန်မိုးလေဝသ တာဝန်ရှိသူများက ကန်တိုခရိုင်တွင် မိုးသက်မုန်တိုင်းဖြစ်သဖြင့် ၎င်း လေယာဉ်လှုပ်ခတ်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ယင်းလေယာဉ်လှုပ်ခါမှု ဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို