တောင်တရုတ်ပင်လယ်ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် နိုင်ငံတကာအသိုင်းအဝိုင်းက လက်တွဲ ဆောင်ရွက်သင့်သည်ဆိုသည်ကို ဂျပန်နှင့်ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးများက သဘောတူညီခဲ့သည်။ တရုတ်နိုင်ငံက အဆိုပါရေပိုင်နက်အတွင်း စစ်ရေးအင်အား တိုးမြှင့်လျက်ရှိသည်။
ဂျပန်ကာကွယ်ရေးဝန်ကြီး တာကေးရှီအိုင်ဝါယာနှင့် ဗီဘက်နမ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Ngo Xuan Lich တို့သည် ယနေ့ ဟနွိုင်းမြို့တော်၌ တွေ့ဆုံခဲ့သည်။ ငြိမ်းချမ်းရေးနှင့် ဒေသတွင်း တည် ငြိမ်အေးချမ်းရေးအတွက် ပင်လယ်ရေကြောင်းလုံခြုံရေးနှင့် အခြားနယ်ပယ်များတွင် ဂျပန် ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့နှင့် ဗီယက်နမ်နိုင်ငံ တပ်မတော်တို့ကြား ပူးပေါင်းဆောင်ရွက်သွားကြရန် ၄င်းတို့က သဘောတူညီခဲ့သည်။
အဆိုပါ ဝန်ကြီးများသည် နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့သည်။ နားလည်မှုစာချွန် လွှာတစ်ခုမှာ အကြီးမားဆုံး ဖျက်သင်္ဘော အိုင်ဇူမိုအပါအဝင် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ရေယာဉ်များ ဗီယက်နမ်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် ပါဝင်သည်။ နောက်ထပ်နားလည်မှုစာ ချွန်လွှာအရ ပင်လယ်ရေကြောင်း စောင့်ကြပ်ရေးအတွက် ကာကွယ်ရေးပစ္စည်းကိရိယာ များဆိုင်ရာ နှစ်နိုင်ငံကြား နည်းပညာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် နှစ်နိုင်ငံ လက်တွဲဆောင်ရွက် ရန်လည်း ၄င်းတို့က အတည်ပြုခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံ ပြန်ပေးဆွဲခဲ့သည့် ဂျပန်နိုင်ငံသားများ ကိစ္စ ဖြေရှင်းရာတွင် ဗီယက်နမ်နိုင်ငံထံမှ ဂျပန်ကာကွယ်ရေးဝန်ကြီးက အကူအညီတောင်းခံခဲ့သည်။
အစည်းအဝေးပွဲပြီးနောက် အိုင်ဝါယာက တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ နှစ်ဖက်အပြန်အလှန် ယုံကြည်မှုဖြင့် တည်ဆောက်ရန်မှာ အရေးကြီးသော်လည်း မူလအခြေအနေကို ပြောင်းလဲပစ်ရန် ကြိုးစားနေကြောင်း သတင်းထောက်များကို ၄င်းက ပြောကြားခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းက အတူတကွ အလုပ်လုပ်ခြင်းဖြင့် ပြဿနာများကို ဖြေရှင်းသင့်ကြောင်း ၄င်းက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်