နေပြည်တော် ၄ မေ
(၂၀၁၉ ခုနှစ်၊ မေလ (၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၁:ဝ၀)နာရီအချိန်ထုတ်ပြန်ချက်)
ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ပေါ်တွင် တည်ရှိနေသော အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm)"ဖန်နီ"(FANI)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး၊ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) "ဖန်နီ"(FANI)အဖြစ် သို့ အားလျော့သွားခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့(Kolkata)၏ မြောက်-အနောက် မြောက်ဘက် မိုင်(၃၀)ခန့်အကွာ တွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း (Cyclonic Storm) "ဖန်နီ" (FANI)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားလျက်ရှိပါသည်။
နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်
(က) ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)သည် နောက်(၆)နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ အားလျော့နိုင်ပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)၏အရှိန်ကြောင့် (၄.၅.၂၀၁၉)ရက်နေ့မှ (၅.၅.၂၀၁၉)ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။
(ခ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။
အကြံပြုချက်
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေ ဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
MDN
