နေပြည်တော် ၄ မေ

 

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၄၇/၂၀၁၉)

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မွန်းလွဲ ၃ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တို့ပေါ်တွင် ရောက်ရှိနေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မုန်တိုင်းငယ် (Depression) အဖြစ်သို့ အားလျော့သွားခဲ့ကာ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ (Dhaka) ၏ မြောက်-အနောက်မြောက်ဘက် (၆၅) မိုင်ခန့်အကွာတွင် ဆက်လက်တည်ရှိနေကြောင်း သိရသည်။ အဆိုပါ မုန်တိုင်းငယ် (Depression) သည် အရှေ့မြောက် ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိသည်။

 

နောက် (၁၂) နာရီအတွင်း ခန့်မှန်းချက်အနေဖြင့် မုန်တိုင်းငယ် (Depression)သည် နောက် (၁၂) နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်သို့ အားလျော့နိုင်ပြီး၊ အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရသည်။

 

အဆိုပါ မုန်တိုင်းငယ် (Depression) ၏အရှိန်ကြောင့် မေ ၄ ရက်မှ မေ ၅ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

 

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၁)ပေခန့် ရှိနိုင်သည်။

 

အဆိုပါ မုန်တိုင်းငယ် (Depression) ၏အရှိန်ကြောင့် ပြည်တွင်း လေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အကြံပြုထားသည်။

 

MDN

 

1